ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာအုပ်စု ရွာသစ်ကုန်း ကျေးရွာရှိ ပင်စင်စား တပ်မတော်သားများ၏ နေအိမ်များကို အမှတ် – ၃၈ ခြေလျင် တပ်ရင်း (ခလရ ၃၈) က တပ်ပိုင်မြေ အတွင်း ကျူးကျော် နေထိုင်ခြင်းမှ ဖယ်မပေးဟု ဆိုပြီး အင်အားသုံး ဖြိုဖျက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
“ကျနော်တို့မှာ တပ်က ထွက်ပြီးကတည်းကရတဲ့ လုပ်သက်ခံစားခွင့် ငွေနဲ့ ဒီနေရာလေးကို ဝယ်ယူခဲ့ပြီး အိမ်ဆောက် နေခဲ့တာပါ၊ နေတာ ၁၀ နှစ် ကျော်ပါပြီ၊ မနှစ်က ကျောက်တိုင်မြေ လာစိုက်ပြီး သိမ်းသွားတာ၊ အဲဒါ ၁၀ တန်း စာမေးပွဲပြီးရင် ဖယ်ကြလို့ သူတို့က ပြောတယ်၊ ကျနော်တို့မှာလည်း တခြား နေစရာမရှိလို့ မဖယ်ပေးတော့ ခလရ ၃၈ တပ်က ပေါက်တူးတွေ၊ တူးရွင်းတွေ၊ လွှတွေကိုင်ပြီး လူအင်အားနဲ့ လာဖျက်ဖို့ လုပ်ကြတာ”ဟု နေအိမ် ဖယ်ရှားခံရသော ပင်စင်စား တပ်မတော်သားတဦးက ဧရာဝတီကို ပြော သည်။
ဖယ်ပေးရမည့် မြေနေရာတွင် နေအိမ် ၆ လုံး ရှိပြီး မိသားစု ၆ စု၊ လူဦးရေ ၂၅ ဦးခန့် နေထိုင်ကြကြောင်း သိရသည်။ ဖယ်ပေးရမည့် အိမ်များ အနက် အိမ် ၅ လုံးမှာ ပင်စင်စား တပ်မတော်သားတို့၏ နေအိမ်များ ဖြစ်ပြီး ကျန် ၁ လုံးမှာ အနောက်တောင်တိုင်း စစ် ဌာနချုပ် လက်အောက်ခံ အမှတ် (၄၂၄) ထောက်ပံ့ ပို့ဆောင်ရေးတပ်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ဒု တပ်ကြပ် စိန်လင်း (ကိုယ်ပိုင်အမှတ် တ – ၂၅၂၅၉၁) ၏ နေအိမ် ဖြစ်ကြောင်း သိရသည်။
ရွာသစ်ကုန်းရွာတွင် အိမ်ခြေ ၁၈၀ ရှိကြောင်း၊ ရွာလယ် လမ်းမကြီး ဘယ်ဘက် အခြမ်းအား ရွာက ပိုင်ဆိုင်ပြီး ညာဘက် အခြမ်း သည် ခလရ ၃၈ တပ်စွဲထားကြောင်း၊ ယင်းရွာလယ် လမ်းမကြီးနှင့် ဆက်စပ်နေသည့် နေအိမ် ၆ လုံးကို ပြီးခဲ့သည့် မတ်လအတွင်း က တပ်ပိုင်မြေ အဖြစ် ကျောက်တိုင်များ စိုက်၍ သိမ်းယူခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးချိန်တွင် နေ အိမ်များအား အပြီး ဖျက်သိမ်း ဖယ်ရှားပေးရမည်ဟု အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း နေအိမ် ဖယ်ရှားခံရသော တပ်မတော်သား က ပြောသည်။
တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဦးဆောင်သည့် လူအင်အား ၄၅ ဦးခန့်က ယမန်နေ့ ညနေ ၄ နာရီ အချိန်က ခလရ – ၃၈ တပ်ပိုင်မြေ ကျောက်တိုင် စိုက်သိမ်းထားသည့် မြေနေရာအား ကန့်သတ် နယ်မြေ အဖြစ် ပလတ်စတစ်ကြိုးဖြင့် တားဆီး ကာရံပြီး စည်းအတွင်း ရှိ အဆောက်အအုံများကို ဖြိုဖျက်ရန် ကြိုးပမ်းနေစဉ် သတင်းမီဒီယာများကို ဒေသခံများက အကြောင်းကြား ခဲ့ကြသည်။
သတင်းမီဒီယာများ ရောက်ရှိချိန်တွင် ခလရ ၃၈ တပ်က ဖျက်ဆီးမှုများ မလုပ်တော့ဘဲ သတင်းမီဒီယာသမား တချိူ့နှင့် စကား အခြေအတင် ဖြစ်ပွားပြီး ပြန်လည် ထွက်ခွာ သွားခဲ့ကြကြောင်း အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ နေ့စဉ်ထုတ် သတင်းစာ တစောင်၏ ပုသိမ်မြို့ နယ်ခံ သတင်းထောက် တဦးက ပြောသည်။
“ကျနော်တို့ သတင်းမီဒီယာတွေ ရောက်လာတော့ ခလရ ၃၈ တပ်နဲ့ စကား အခြေအတင် ပြောကြပြီး သူတို့ ကတိုက်ကရိုက် ပြန် ထွက် သွားကြတယ်၊ အိမ်တွေကို လျှောက်ကြည့်တော့ သံတူရွင်းရာတွေ တွေ့တယ်၊ အဲဒီအထဲက အိမ်တအိမ် ဆိုရင် သိမ်းတဲ့ မြေ ထဲမှာ တအိမ်လုံး မပါဘဲ ဘုရားခန်းပဲ ပါသွားတယ်၊ အဲဒါကို တပ်က ဘုရားဆင်းတုတွေ၊ ကျောင်းဆောင်တွေ ဘာမှ မဖယ်ရသေး ဘဲ အဲဒီ ဘုရားခန်းနဲ့ အိမ်မကြီး ဆက်ထားတဲ့ နေရာကို သံတူရွင်းနဲ့ ခွာထားတယ်”ဟု ၎င်းက ပြောသည်။
နေအိမ်များ ဖယ်ရှားပေးရေး အတွက် အိမ်ပိုင်ရှင်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒု ဗိုလ်မှူးကြီး သက်ထွန်းက ပြီးခဲ့ သည့် ဖေဖော်ဝါရီလ အတွင်းက ခေါ်ယူ တွေ့ဆုံခဲ့ပြီး ယင်းအိမ်များမှာ တပ်ပိုင်မြေထဲတွင် ကျူးကျော်နေသည့် အတွက် ကာကွယ် ရေး ဝန်ကြီးဌာန အမိန့်အရ ဖယ်ခိုင်းခြင်း ဖြစ်ကြောင်း၊ ရှေ့နေငှား၍ တိုင်တန်းမည် ဆိုလျှင်လည်း ရှေ့နေကိုပါ စစ်တပ် အမိန့်ဖြင့် ထောင်ချပစ်မည်ဟု ခြိမ်းခြောက် သတိပေးပြောဆိုမှုများ ပြုလုပ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နေအိမ်ပိုင်ရှင်များက ပြော သည်။
“နိုင်ငံတော်က ငြိမ်းချမ်းရေး ယူတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုတောင် မြေကွက် ပေးတယ်၊ စီးပွားရေး လုပ်ပိုင်ခွင့် တွေ ပေးတယ်၊ ကျနော်တို့ တပ်မတော်သား ဟောင်းတွေကျတော့ အခုလို အတင်း မောင်းထုတ်ပြီး ဖယ်ခိုင်းနေတာ ကြုံရတော့ တအား ခံစားရတယ်ဗျာ၊ ကျနော်တို့ ဘဝကို လူကြီးတွေ အနေနဲ့ သနား ငဲ့ညှာပေးပါ၊ ကျနော်တို့မှာ တခြား နေစရာ သွားစရာ လည်း မရှိပါဘူး”ဟု စစ်တပ်ထဲတွင် ၂၄ နှစ်ကြာ စစ်မှု ထမ်းခဲ့သူ တပ်ကြပ်ဟောင်း ဦးသိန်းလှအောင်က ပြောသည်။
ခလရ ၃၈ တပ်က မြေသိမ်းယူမှု အတွက် အိမ်ပိုင်ရှင် စစ်သားနှင့် စစ်သားဟောင်းများအား လျော်ကြေးပေးခြင်း မရှိသကဲ့သို့ မြေ နေ ရာ အစား ပြန်ပေးမည်ဟု ပြောဆိုမှုလည်းမရှိကြောင်း မြေသိမ်း ခံရသူများက ပြောသည်။
အဆိုပါ ဖြစ်စဉ်များအား ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ဒုသမ္မတ ဦးဉာဏ်ထွန်း ထံ အကြောင်းကြား တိုင်ကြားစာကို မတ်လအတွင်းက ပေးပို့ထားသော်လည်း မည်သည့် အကြောင်း ပြန်ကြားခြင်းမှ မရှိသေးကြောင်း ၎င်းတို့က ဆို သည်။