မတ်လ ၈ရက်နေ့ မနက်ပိုင်းက ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် အမှုထမ်း ၁၂ ဦးတို့လိုက်ပါပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ထွက်ခွာသွားသော ဘိုးအင်း အမျိုးအစား MH370 လေယာဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာတွင် ထူးခြားဆန်းကျယ်စွာ ပျောက်ဆုံးသွားခဲ့သည်မှာ သီတင်း ၄ ပတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ကွာလာလမ်ပူရှိ လေကြောင်း ထိန်းသိမ်းရေးဌာနနှင့် MH370 လေယာဉ်တို့၏ မတ်လ ၈ ရက်နေ့က ဆက်သွယ် ပြောဆိုချက် အပြည့်အစုံကို မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပို့ဆောင်ရေး ဝန်ကြီး Seri Hishammuddin Tun Hussein ၏ ကြေညာချက်တွင် အဆိုပါ ဆက်သွယ်ပြောဆိုမှုများကို ပျောက်ဆုံးလေယာဉ်ပေါ်မှ ခရီးသည်များ၊ ဝန်ထမ်းများ၏ မိသားစုများ နှင့် မီဒီယာများကိုလည်း ဖြန့်ဝေပေးထားသည်ဟု ဖော်ပြခဲ့သည်။
“ဆက်သွယ် ပြောဆိုမှုတွေထဲမှာ ပုံမှန်မဟုတ်ဘူးလို့ ညွှန်ပြနေတာ တခုမှ မပါပါဘူး။ ဒီဆက်သွယ် ပြောဆိုမှုတွေကို အစပိုင်းတုန်းက ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်း အနေနဲ့ သိမ်းဆည်းထားခဲ့ပါတယ်” ဟု အပိုဒ် ၅ ပိုဒ် ပါဝင်သည့် ပို့ဆောင်ရေး ဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆက်သွယ်ပြောဆိုမှု မှတ်တမ်းတွင် လေယာဉ်မှုးတဦးက လေကြောင်း ထိန်းသိမ်းရေး စခန်းသို့ “ကောင်းသောညပါ မလေးရှား ၃၇၀” ဟု နောက်ဆုံး ပြောဆိုထားကြောင်းတွေ့ရသည်။ မူလက “ကောင်းပါပြီ၊ ကောင်းသော ညပါ” ဟု ပြောဆိုခဲ့ ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားခဲ့သည်။
“မလေးရှားလေကြောင်း လိုင်းရဲ့ ကနဦးစစ်ဆေးမှုတွေအရ နောက်ဆုံး ဆက်သွယ်ပြောဆိုသွားတာ တွဲဖက်လေယာဉ်မှူးရဲ့ အသံလို့ သိရပါတယ်။ ရဲအဖွဲ့ကလည်း ဒီအချက်ကို အတည်ပြုနိုင်ဖို့ မှုခင်းဆေးပညာအရ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟုလည်း သူကပြောသည်။
ခရီးသည်များနှင့် ဝန်ထမ်းများ၏ မိသားစုများအတွက် တံခါးပိတ် ရှင်းလင်းပွဲတခု မနက်ဖြန်တွင် ကွာလာလမ်ပူ မြို့၌ ပြုလုပ်သွားမည်ဟုလည်း Seri Hishammuddin Tun Hussein က ဆိုသည်။
မြို့ပြလေကြောင်းဌာနနှင့် မလေးရှားလေကြောင်းလိုင်းတို့က ရှင်းလင်းပွဲ ဦးဆောင်သွားမည်ဖြစ်ပြီး မလေးရှားဝန်ကြီးချုပ်၏ တရုတ်နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Tan Sri Ong Ka Ting လည်း ပါဝင်မည်ဟု သိရသည်။
“မလေးရှား၊ တရုတ်နဲ့ သြစတြေးလျက နည်းပညာ ကျွမ်းကျင်သူတွေလည်း ဒီရှင်းလင်းပွဲမှာ ပါဝင်ပါမယ်။ မလေးရှားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Huikang လည်း တက်ရောက်ပါမယ်” ဟု သူက ထပ်ပြောသည်။
မတ်လဆန်းပိုင်းတွင် လေယာဉ် ပျောက်ဆုံးသွားခဲ့ပြီးချိန်မှ စ၍ ကျွမ်းကျင်သူများသည် ရေဒါနှင့် ဂြိုဟ်တု သတင်းအချက် အလက်များကို အသုံးပြု၍ ရှာဖွေရင်း ဗီယက်နမ် အနီးပင်လယ်ပြင်မှ မလေးရှားနှင့် အင်ဒိုနီးရှား အနောက်ပိုင်းသို့ ပြောင်းရွှေ့ ရှာဖွေခဲ့ပြီး ယခုအခါတွင် သြစတြေးလျ အနောက်ပိုင်း ဧရိယာသို့ ရောက်ရှိနေပြီဖြစ်သည်။
မလေးရှား ဝန်ကြီးချုပ် Najib Razak က ရှာဖွေရေး လုပ်ငန်းများကို လေ့လာကြည့်ရှု့ရန်အတွက် Perth မြို့သို့ ဧပြီလ ၂ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က မတ်လ ၃၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Najib Razak က ရှာဖွေရေးတွင်ပါဝင်သူအားလုံးကို ကျေးဇူးတင်ရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။
Source: National News Agency of Malaysia