ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မြန်မာ့ဂုဏ်ရည် အိမ်ရာ မြေသိမ်းမှု၊ သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် မြေသိမ်းမှု များ နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းသော်လည်း တိကျသည့် ဖြေရှင်းချက် မရရှိကြောင်း သိရ သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဦးဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမ တွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန် သပိတ်စခန်းနှင့် ပတ်သက်ပြီး ဆန္ဒပြသူများအား ဗိုလ်မှူးကြီး တင်ဝင်နှင့် သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော် ကိုယ် စားလှယ်များက ခေါ်ယူ တွေ့ဆုံခဲ့သော်လည်း တရား မျှတစွာ ဆောင်ရွက်ပေးမည် ဆိုသည့် ကတိ စကားသာ ရရှိခဲ့ပြီး တိကျသော အဖြေတခုမှ မရရှိခဲ့ကြောင်း မိကျောင်းကန် သပိတ်စခန်း ဆန္ဒပြ အဖွဲ့ ခေါင်းဆောင် ဦးစိန်သန်းက ပြောပြသည်။
“ဝန်ကြီးက တရား မျှမျှတတ ဖြစ်အောင် အထက်ကို တင်ပြ ဆောင်ရွက် ပေးမယ်ဆိုတဲ့ ကတိပဲ ပြောတာ၊ ဘာလုပ် ပေးမယ်၊ ဘာတွေ ဖြစ်စေရမယ် ဆိုတဲ့ တိတိကျကျ မပါဘူး၊ လျော်ကြေး ပေးမယ် ဆိုရင်လည်း ဘယ်အချိန် အတွင်း ဖြစ်အောင် ဆိုတဲ့ တိတိကျကျ ဘာမှ မပြောဘူး။ ကျနော်တို့ကို အရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် ကတိ ပေးထားတာတောင် အခုအချိန် အထိ ဘာမှ ဖြစ်လာတာ မဟုတ်ဘူး”ဟု ဦးစိန်သန်းက ပြောသည်။
ဆူးလေဘုရားအနီး မဟာဗန္ဓုလ ပန်းခြံလမ်းတွင် မိကျောင်းကန် ရပ်ကွက်မှ မြေသိမ်းခံရသူများ ဖွင့်လှစ်ထားသော သပိတ် စခန်း အား ပိတ်သိမ်းရန် ဆန္ဒပြသူများနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့ ညှိနှိုင်း ဆွေးနွေးရာတွင် တိကျသော အဖြေမထွက် သည့် အတွက် သပိတ်စခန်းကို ယင်းနေရာတွင် ဆက်လက် ဖွင့်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဗိုလ်မှူးကြီး တင်ဝင်းက မိကျောင်းကန် ဆန္ဒပြသူများအား နစ်နာချက်များကို စာဖြင့်ရေးသားပြီး ၎င်းထံ တင်ပြ ပေးစေချင်ကြောင်း၊ ၎င်းမှ တဆင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့များထံ တင်ပြပေးမည် ဖြစ်ကြောင်း၊ ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်ရသည့် အတွက် မိကျောင်းကန် ပြည်သူများ မနစ်နာစေရန် သပိတ်စခန်းကို ရုပ်သိမ်းပေးစေချင်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည် ဟု ဦးစိန်သန်းက ဆက်ပြောသည်။
ဆူးလေဘုရား အနီး မဟာဗန္ဓုလ ပန်းခြံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၂၉ ရက်နှင့် ၃၀ ရက် နံနက် ၃ နာရီ ဝန်းကျင် တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က လာရောက် ဖျက်သိမ်းမှုကြောင့် ဒဏ်ရာရသူ ၃၀ နီးပါး ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ ရှိ နေအိမ်များကို ၁၉၉၁ ခုနှစ် ကတည်းက စစ်တပ်က ဖယ်ရှားခဲ့ကြောင်း၊ ကျပ် ၆ ထောင် သွင်းသူကိုသာ တောင်ဒဂုံ မြိုသစ်တွင် မြေနေရာ ပေးခဲ့ကြောင်း၊ မိကျောင်းကန် ရပ်ကွက်ရှိ တချို့နေရာများကို လျော်ကြေးငွေ ၅ သိန်း ပေးပြီး ဖယ်ရှားခဲ့ကြောင်း၊ ထို့ကြောင့် မိကျောင်းကန် ပြည်သူများက ဆန္ဒထုတ်ဖော်မှု ၇ ကြိမ်နှင့် သပိတ်စခန်း ဖွင့်လှစ်မှု ၃ ကြိမ် အထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ မြန်မာ့ဂုဏ်ရည် အိမ်ရာ မြေနေရာ သိမ်းဆည်းခံ ပြည်သူများအား နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့နံနက်ပိုင်းတွင်ပင် ရန်ကုန်မြို့တော် စည်ပင်ရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုတွင် လျော်ကြေး၊ မြေနေရာ ဖြေရှင်းမှု ပေးနိုင်ရန်အတွက် တိကျသော အဖြေရရှိခြင်းမရှိဘဲ တာဝန်ရှိသူများက ဆန္ဒ ထုတ် ဖော်သူများ ထံမှ ဖုန်းနံပါတ်များကို ယူထားပြီး ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ပြန်လည် ဆက်သွယ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရ သည်။