ငပုတောတွင် ရဲတဦးက နဝမတန်းကျောင်းသူကို ခြိမ်းခြောက် မုဒိမ်းကျင့်မှုဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာတွင် ရဲတပ်ဖွဲ့ဝင် တဦးက အသက် ၁၅ နှစ် အရွယ် နဝမတန်း ကျောင်းသူ တဦးကို ဓားပြ ခြိမ်းခြောက်၍ ၂ ကြိမ်တိုင် အဓမ္မ ပြုကျင့်မှုတရပ် ဖြစ်ပွားခဲ့ပြီး အဓမ္မပြုကျင့်သည့် ရဲတပ်ဖွဲ့ ဝင်ကို သက်ဆိုင်ရာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ငပုတောမြို့နယ်၊ သင်္ကန်းကုန်း ကျေးရွာ ရဲကင်းတွင် တာဝန် ကျနေသည့် ရဲတပ်သား အောင်ဇော်ဖြိုး သည် မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် အဆိုကျေးရွာမှ နဝမတန်း ကျောင်းသူကို မိဘများ မရှိခိုက် ၂ ကြိမ် တိုင်တိုင် ဓားဖြင့် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကျောင်းသူ၏ မိဘများက အဓမ္မပြုကျင့်မှုကို အရေးယူရန် သက်ဆိုင်ရာသို့ မတ်လ ၃၀ ရက်နေ့ တိုင်တန်းခဲ့ပြီး ယခုအခါ ရဲတပ်သားအောင်ဇော်ဖြိုးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးထားကြောင်း သိရှိရသည်။
မိဘများ နေအိမ် မရှိချိန်တွင် ရဲတပ်သားအောင်ဇော်ဖြိုးက ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် သင်္ကန်းကုန်း ရွာသား ကိုဆန်းထွဋ်က ဧရာဝတီကို ပြောသည်။
“ရဲက ကလေးမရဲ့ မိခင် စပါးအကြွေးယူထားတဲ့ကိစ္စကို အကြွေးရှင်က တိုင်လို့ ကလေးမရဲ့ မိခင်ကို လာခေါ်တာ။ မိဘတွေ မရှိတော့ ရဲက ကလေးမလေးကို ညကျရင် လာခဲ့မယ်၊ အချက်ပေးရင် ဆင်းလာခဲ့၊ မလာရင် နင့်ကို သတ်ပစ်မယ် ဆိုပြီး ပြောတယ်။ ညကျတော့ ရဲက အချက်ပေးလာခေါ်တယ်။ ကလေးမလေးက ဆင်းတွေ့တယ်၊ အဲဒီမှာ သားမယား ပြုကျင့် တယ်ပေါ့၊ နောက်တနေ့ ကျတော့ အဲဒီလိုပဲ ညပိုင်း ရောက်လာပြီး ထပ်ကျူး လွန်တယ် ပြောတယ်၊ ရပ်ရွာက မသင်္ကာလို့ ရဲကို စောင့်ဖမ်းတော့မှ မိတာ”ဟု ကိုဆန်းထွဋ်က ဆိုသည်။
မိဘများ၏ တိုင်ကြားချက် အရ ငပုတော မြို့နယ်အပိုင် သုံးခွ ရဲစခန်းက ပြစ်မှု နံပါတ် ၁၀/၂၀၁၄၊ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး မုဒိမ်းမှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ရဲတပ်သား အောင်ဇော်ဖြိုးကို ဖမ်းဆီး စစ်ဆေး နေကြောင်း၊ ရဲတပ်သား အောင်ဇော်ဖြိုးသည် အိမ်ထောင်ရှိသူ ဖြစ်ကြောင်း သိရှိရသည်။
သင်္ကန်းကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က “ဒီလို ကိစ္စ ဖြစ်လာတော့ ကျေးရွာက မိခင်နဲ့ ကလေး စောင့်ရှောက်ရေးတို့၊ အမျိုးသမီးရေးရာ အဖွဲ့တွေကို တာဝန်ပေးပြီး ကလေးမလေးကို စစ်ဆေး မေးမြန်းတာတွေ လုပ်ခိုင်း ပါတယ်။ စစ်ချက်တွေ ရလာတော့ သုံးခွ ရဲစခန်းကို အကြောင်း ကြားပေးခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ရဲတပ်သား အောင်ဇော်ဖြိုးကို ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်နေပြီး တရားရုံးတင်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။