သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူလူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီသို့ ပြောသည်။
သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေများ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြနိုင်ရေး အဖွဲ့ ၁၂ ဦးပါ မျိုးစောင့် ဥပဒေ ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တာဝန် ပေးခြင်း များ မတ်လ အတွင်း လုပ်ဆောင်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ မျိုးစောင့်ဥပဒေများ စတင်ရေးဆွဲ နေပြီ ဖြစ်ကြောင်း၊ ဥပဒေ များ ရေးဆွဲပြီးပါက ပြည်သူလူထုကို ချပြမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ သမ္မတဦးသိန်းစိန်ထံ တင်ပြမည် ဖြစ်ကြောင်း သိရှိရသည်။
“ဥပဒေကြမ်းတွေ ရေးဆွဲပြီးသွားရင် မေလအတွင်းမှာတော့ Public ကို သိအောင် ချပြသွားဖို့ ရှိပါတယ်။ ဇွန်လ နောက်ဆုံးပတ်လောက်မှာ နိုင်ငံတော် သမ္မတကြီးဆီကို တင်မယ ” ဟု ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသော ကလေးသူငယ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသည့် ဒေါက်တာမောင်မောင်ဌေးက ဧရာဝတီသတင်းဌာနနှင့် ဧပြီလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသည်။
လက်ရှိရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေများသည် ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက်သာမက ဘာသာတိုင်း မှ အမျိုးသမီးများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ ဘ၀ မနစ်နာရေး အတွက် ရေးဆွဲ ရခြင်းဖြစ်သည်ဟု ဒေါက်တာမောင်မောင်ဌေးက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာက အိမ်ထောင်ရေး ကိစ္စတွေအပေါ်မှာ အခြေခံပြီးတော့ ဘာသာ ကူးပြောင်းကြတယ်။ ကျနော်တို့က ဘာသာကူးပြောင်းရင် ဘယ်လိုလုပ်မလဲဆိုတော့ မှတ်ပုံတင်ရမယ်။ တရားဝင် ဖြစ်ဖို့ ဥပဒေကြမ်း ဆွဲနေပါတယ်။ မျိုးစောင့် ဥပဒေလို့သာပြောတာ တကယ်တန်းတော့ ဘာသာခြားတဦးနဲ့ တဦး လက်ထပ် ထိမ်းမြား တဲ့အခါ အယူအဆချင်းက မတူကြဘူး။ မတူကြတဲ့အပေါ်မှာ နိုင်ငံသား အမျိုးသမီးတွေရဲ့ ဘ၀ မနစ်နာရအောင် အမျိုးသမီးတွေကို စောင့်ရှောက် ပေးမှာ။ အဲဒါက ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်တင် မဟုတ်ဘူး။ ဘာသာတိုင်းအတွက်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်းသည် နိုင်ငံတော် သြဝါဒစရိယ ဆရာတော် လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အပါအဝင် ရဟန်းရှင်လူ ၁၃ သိန်းကျော်က လက်မှတ်ရေးထိုးတင်ပြလာခြင်းကြောင့် ဖြစ်သည် ဟု ထုတ်ပြန် ကြေညာထားသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက သမ္မတဦးသိန်းစိန်၏ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုသည် အချိန်စောလွန်းပြီး နိုင်ငံအတွက် ပိုမိုအရေးကြီးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကိုသာ သမ္မတ အနေဖြင့် ပိုမိုအာရုံစိုက်သင့်ကြောင်း၊ မျိုးစောင့်ဥပဒေသည် သမ္မတဦးသိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာ တရပ်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။