ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာတွင် စစ်တပ်ပိုင်မြေအား ကျူးကျော်နေထိုင်ကြသည်ဟု ဆိုကာ ဖယ်ရှား ခံထားရသည့် မိသားစုများအား ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA ) က ခေါ်ဆောင်သွားရာ ကရင်ပြည်နယ် အစိုးရအဖွဲ့က လမ်းတွင် တားဆီးထားကြောင်း သိရသည်။
သမီးကလေး ကျေးရွာနှင့် အနီးရှိ ကျေးရွာ တချို့မှ ဒေသခံ ၂၀၂ ဦးသည် ၎င်းတို့ တည်းခိုနေထိုင်ရာ ပဲခူးမြို့ အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်းမှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ယနေ့ နံနက်ပိုင်းက ထွက်ခွာလာကြရာ ကရင်ပြည်နယ် နယ်စပ် အရောက်တွင် ပြည်နယ် အစိုးရ အာဏာပိုင်များက ဆက်မသွားရန် တားဆီးထားသည်ဟု သမီးကလေးရွာခံ တချို့က ပြောသည်။
“ကျနော်တို့အဖွဲ့ ကရင်ပြည်နယ်ထဲကို ဝင်ခါနီးမှာပဲ ဆက်မသွားဖို့ တားဆီးထားပါတယ်။ DKBA အဖွဲ့က ဗိုလ်မှူး စန်းအောင်နဲ့ အာဏာပိုင်တွေ ဆွေးနွေးနေကြတုန်းပါ” ဟု သမီးကလေးရွာခံ၊ ဒုက္ခသည်အဖွဲ့ ခေါင်းဆောင် ဦးဝင်းစိုးက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များအား ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်အတွင်း၌ နေရာချပေးရန် DKBA က ခေါ်ဆောင်လာခြင်း ဖြစ်သည်။
အိမ်ထောင်စု ၆၄ စု မှ ဒုက္ခသည် ၂၀၀ ဝန်းကျင်အား DKBA အဖွဲ့မှ ဗိုလ်မှူး စန်းအောင်က ဦးဆောင်၍ ကား ၁၀ စီး ကျော်ဖြင့် ခေါ်ဆောင်လာစဉ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အစပ်၌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲနိုင် ဦးဆောင်သည့် ပြည်နယ် အာဏာပိုင်များက တားဆီးထားခြင်းဟု သိရသည်။
ကရင်ပြည်နယ် အစိုးရ အာဏာပိုင်များ အနေဖြင့် ပိတ်ပင် ထားဆီးခြင်း မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ အနာဂတ် ပိုမို အဆင်ပြေ ချောမွေ့စေရန် DKBA အဖွဲ့မှ ဗိုလ်မှူး စန်းအောင်နှင့် ကရင်ပြည်နယ် အစိုးရ အာဏာပိုင်များက ကနဦး ဆွေးနွေး ကြရန် ကမ်းလှမ်းခြင်းသာ ဖြစ်ကြောင်း ဘားအံ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ဧရာဝတီသို့ ပြောသည်။
“ဒုက္ခသည်တွေကို ဘယ်လို နေရာချပေးသွားမယ် ဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ပြည်နယ် အစိုးရနဲ့ ဗိုလ်မှူး စန်းအောင်တို့ အဖွဲ့ ဘားအံမှာ ဆွေးနွေးကြမယ်ဆိုတာကို သူတို့က မလာဘူး၊ ဆွေးနွေးချင်ရင် အစိုးရအဖွဲ့က သူတို့ဆီကိုလာပြီး ဆွေးနွေးပါလို့ ပြောတယ်၊ အဲဒီ ကိစ္စကို ညှိနှိုင်း မရသေးလို့ ဟိုဘက်ဒီဘက် အငြင်းပွားနေကြတာပါ” ဟု ၎င်းက ဆိုသည်။
မြဝတီ မြို့နယ်တွင် ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည်များအား ပြန်လည်နေရာ ချထားပေးလျက်ရှိရာ မြေနေရာ ပြဿနာ တချို့ရှိနေကြောင်း၊ ထို့ကြောင့် ထပ်မံရောက်ရှိလာသည့် သမီးကလေးရွာခံများကို နေရာချထားရာတွင် ပြဿနာ မဖြစ်စေလိုသည့်အတွက် ပြည်နယ် အစိုးရနှင့် ကနဦး ဆွေးနွေးရန် ကမ်းလှမ်းသော်လည်း DKBA ဘက် က ၎င်းတို့ထံ လာရောက် မဆွေးနွေးနိုင်ဟုသာ ပြောဆိုကြောင်း ဦးရဲနိုင်က ရှင်းပြသည်။
“အစိုးရအဖွဲ့၊ ဒေသဆိုင်ရာ အဖွဲ့တွေနဲ့လည်း မဆွေးဘဲ ဒုက္ခသည်တွေကို ချချင်တဲ့နေရာမှာ ချပေးမယ်ဆိုရင် မြေနေရာတွေ ပြဿနာဖြစ်လာနိုင်တယ်၊ အဲဒါကြောင့် ဆွေးနွေးပြီးမှ နေရာချပေး စေချင်တာပါ” ဟု ဘားအံခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။
သမီးကလေး ကျေးရွာခံနှင့် ဒုက္ခသည်အဖွဲ့ ခေါင်းဆောင် ဦးဝင်းစိုးက “ကျနော်တို့ နေမယ့် မြဝတီမြို့နယ်ထဲက နေရာတွေကို သွားကြည့်ပြီးပါပြီ၊ အားလုံးအဆင်ပြေပါတယ်၊ ပေ ၄၀-၆၀ မြေကွက် အပိုင်ပေးတယ်၊ အိမ်က ကိုယ့်ဟာကို ဆောက်လုပ်ရမယ်၊ အိမ်ဆောက်နေတဲ့ ၂ လ လောက် အတွင်းမှာ နေထိုင် စားသောက်စရိတ်ကို DKBA က အကုန် စီစဉ်ပေးမယ်လို့ ပြောထားပါတယ်” ဟု ဆိုသည်။
ယခုပြောင်းရွှေ့လာကြသည့် ဒုက္ခသည်များ၏ အလုပ်အကိုင် အခွင့်လမ်းများ အတွက်လည်း DKBA က ဖန်တီးပေးသွားမည် ဖြစ်ကြောင်း၊ ဥယျာဉ်ခြံ လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဟု လည်း သိရသည်။
သမီးလေးကျေးရွာနှင့် အနီးရွာ တချို့မှ အိမ်ခြေ ၄၀၀ ဝန်းကျင်ကို တပ်မြေ ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီလ လဆန်းပိုင်းက ဖယ်ရှားခံထားရခြင်း ဖြစ်သည်။ ၎င်းတို့အား ရန်ကုန်တိုင်း အစိုးရက ရန်ကုန်-နေပြည်တော် လမ်းရှိ တနေရာတွင် နေရာချထားပေးရန် စီစဉ်ခဲ့သေးသည်။ သို့သော် ထိုမြေသည် အပိုင်ပေးခြင်း မဟုတ်ဟု ဆိုသည့်အတွက် DKBA က ပေးသော နေရာ၌ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဦးဝင်းစိုးက ပြောသည်။
နေအိမ်များ ဖျက်ဆီးခံလိုက်ရသည့် ကျေးရွာဒေသခံများသည် နှစ်ပေါင်းများစွာကပင် နေထိုင်ခဲ့ကြသည်ဟု ဆိုကြသည်။ ဖယ်ရှားခံရမှုကြောင့် အိမ်ခြေ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်သွားကာ တချို့မှာလည်း DKBA ဒေသသို့ ရောက်ရှိနေပြီး ဖြစ်သည်။