ရခိုင်ပြည်နယ် အတွင်းရှိ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်များ၌ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများက ငြင်းဆန်မှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မတ်လ ၃၁ ရက်က စတင်ပြီး တပြည်နယ်လုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဘင်္ဂါလီ(မွတ်စလင်)လူမျိုးများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသည့် အတွက် ကောက်ခံမှုများကို ငြင်းဆန်နေခြင်း ဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ်တွင် နေထိုင်သည့် ရခိုင်လူမှု ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
“ဘူးသီးတောင် မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ စုရပ် ၁၀ ခုမှာ ရှိတဲ့ ဘင်္ဂါလီရွာတွေ တရွာမှ ကောက်လို့ မရဘူး၊ သူတို့က ဘင်္ဂါလီ ဆိုရင် မထည့်ဘူးလို့ ပြောတယ်၊ ရိုဟင်ဂျာလို့ပဲ ထည့်ခိုင်းတယ်၊ အစိုးရက သတ်မှတ်ထားတဲ့ အတိုင်း ရိုဟင်ဂျာလို့ ပြောတဲ့သူတွေကို မကောက်ဘူး”ဟု ၎င်းက ဆိုသည်။
ဘူးသီးတောင် မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် စုရပ်ပေါင်း ၁၀ ခု သတ်မှတ်ထားပြီး ယင်း စုရပ် ၁၀ ခု အတွင်းတွင် နေထိုင်သည့် ဘင်္ဂါလီ အများစုက ဘင်္ဂါလီ အစား ရိုဟင်ဂျာ ဟုသာ ထည့်သွင်းပေးရန် တောင်းဆိုကြကြောင်း သိရသည်။
မောင်တော မြို့နယ် အတွင်းရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများတွင်လည်း အလားတူ ကိစ္စရပ်များ ကြုံတွေ့ နေရကြောင်း မောင်တော ဒေသခံ တဦးက ပြောသည်။
“မနေ့က သန်းခေါင်စာရင်း စကောက်တယ်၊ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ပဲ ထည့်ခိုင်းနေလို့ ကောက်လို့မရဘူး ဖြစ်နေတယ်၊ ရခိုင်အိမ်တွေကို ကောက်ရင် တအိမ် ၁၅ မိနစ်လောက်ပဲ ကြာတယ်၊ ဘင်္ဂါလီ ကျေးရွာတွေကို သွားရင် တအိမ်ကို နာရီဝက်၊ တနာရီလောက်သာ ကြာသွားတယ်၊ ဘာမှ ကောက်လို့ မရဘဲ ပြန်ထွက် လာခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။
မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၃ အုပ်စုရှိပြီး ဘင်္ဂါလီလူမျိုးများ နေထိုင်သည့် ကျေးရွာ အုပ်စုပေါင်းက ၈၀ ကျော် ရှိကြောင်း သိရသည်။
ဘင်္ဂါလီဟု ထည့်သွင်းရန် အစပိုင်း၌ ငြင်းဆန်နေသော်လည်း တချိူ့မှာ နောက်ပိုင်းတွင် ဘင်္ဂါလီ ဟု ထည့်သွင်းခြင်းကို သဘောတူ လက်ခံလာပြီ ဖြစ်ကြောင်း စစ်တွေ မြို့နယ်တွင် နေထိုင်သည့် ရခိုင် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြ ကျော်က ပြောသည်။
“ပထမတုန်းကတော့ အဲဒီလို ထည့်သွင်းဖို့ကို ငြင်းကြတယ်၊ သေချာ ရှင်းပြတော့မှ လက်ခံ လာကြတာ၊ အခု စစ်တွေမှာ နေ တဲ့ ဘင်္ဂါလီတွေကတော့ ဘင်္ဂါလီလို့ ထည့်သွင်းဖို့ကို သဘောတူကြတယ်၊ ဘင်္ဂါလီတွေ အနေများတဲ့ သဲချောင်း ကျေးရွာတို့၊ ဒုံပြင်(တောင်/မြောက်)တို့၊ ကန်ဒေါ်လီ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်လို့ ရပါတယ်”ဟု ၎င်းက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်တွင် စတင်ခဲ့သော်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်လူမျိုးများ အားလုံး က ရိုဟင်ဂျာဟု စာရင်း လက်ခံထည့်သွင်း ကောက်ခံမည် ဆိုပါက သန်းခေါင်စာရင်း ကောက်ယူမှုကို လက်ခံမည် မဟုတ်ကြောင်းနှင့် အစိုးရက တိကျသည့် အာမခံမှု ပေးရန် သပိတ်မှောက် ဆန္ဒ ပြခဲ့ကြသည်။
သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်များက မတ်လ ၃၀ ရက်၌ပင် အစည်းအဝေး ကျင်းပပြီး ရခိုင်လူမျိုးများ သပိတ်မှောက် ဆန္ဒပြ တောင်း ဆိုချက်ကို လိုက်လျော ပေးခဲ့သည့် အတွက် မတ်လ ၃၁ ရက်တွင် ရခိုင်လူမျိုးများက သန်းခေါင်စာရင်း ကောက်ခံမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က“သန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ ကောက်ခွင့် ပြုတဲ့ အိမ်တွေကို ကောက်ပါတယ်၊ ကောက်ခွင့်မပြုတဲ့ အိမ်တွေကို မကောက်ပါဘူး၊ ဘယ်နေရာတွေက ပေးတယ် မပေးဘူး ဆိုတာတော့ အခု မပြောနိုင်သေးပါဘူး”ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ အမည် မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ် အများစုတွင် ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် နေထိုင်သော ရိုဟင်ဂျာဟု ခံယူထားသည့် လူမျိုးများကလည်း မည်သို့ပင် သန်းခေါင်စာရင်း ကောက်ခံစေကာမှု ဘင်္ဂါလီဟု ပြောကြားမည် မဟုတ်ဘဲ ရိုဟင်ဂျာ ဟုသာ ပြောကြား ရန် အစီအစဉ် ရှိကြောင်း မောင်တော ဒေသခံ တချိူ့က ပြောဆိုသည်။
နိုင်ငံတဝန်း လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူနေခြင်း ဖြစ်သည်။