သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထား နှင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထား ကွဲလွဲ လျက်ရှိနေပြီး ယင်း သဘော ထား ကွဲလွဲမှုများကို ၎င်းတို့ ၃ ဦးစလုံး ဦးဆောင်တက်ရောက်လျက်ရှိသော အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ညှိုနှိုင်းဖြေရှင်းနိုင်သည့် အခြေအနေ မရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ ကာလုံအစည်းအဝေး ခေါ်ယူခဲ့ပြီး ကာလုံအစည်းအဝေး အပတ်စဉ် ပုံမှန် ကျင်းပရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းနောက် ကာလုံ အစည်းအဝေး ပုံမှန် ကျင်းပ ခဲ့သော်လည်း အစိုးရနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှုများကို မဖြေရှင်း နိုင်ခဲ့ကြောင်း၊ ယင်းနောက် ကာလုံ အစည်းအဝေး အပတ်စဉ် ကျင်းပနေရာမှ မလုပ်ဖြစ်တော့ဘဲ ကြိုကြား ကြိုကြားသာ လုပ်ဖြစ်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က အင်တိုက် အားတိုက် ဆောင်ရွက်လာချိန်တွင်မူ ကာလုံအစည်းအဝေး မကျင်းပ နိုင်တော့သည့် အခြေအနေမျိုး ဖြစ်ပေါ်လာကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရှိရသည်။
“အခု သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အခြေခံဥပဒေကို ပုဒ်မ ၄၃၆ အတိုင်းပဲ ပြင်ရမယ်၊ တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာ ဆက်ထားမယ် ဆိုပြီးပြောထားတယ်။ သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ကို အရင်ပြင်ဖို့နဲ့ တပ်မတော်ကို ဒီမိုကရေစီ ဘောင်ထဲထည့်ဖို့ ပြောတယ်။ သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို သူတို့တွေ ပုံမှန်တွေ့ကြဖို့ ပြောဆိုထားတဲ့ ကာလုံ အစည်းအဝေးမှာ တင်ပြ ညှိုနှိုင်းလို့ရတာပဲ။ ညှိုနှိုင်းမရလို့ အခုလို သဘောထားကွဲလွဲတာလို့ သုံးသပ်လို့ရတယ်´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက သုံးသပ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမှုမရှိသော ကောင်စီတခုဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အခြေခံ ဥပဒေပြင်ဆင်ရေး သဘောထားကွဲလွဲမှုအပါအဝင် အစိုးရနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှု များ ကြောင့် ကာလုံအစည်းအဝေး မလုပ်ဖြစ်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိုင်ငံတော်သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် လည်းဖြစ် ၊ ပြန်ကြားရေး ဒုတိယဝန်ကြီး လည်းဖြစ်သူ ဦးရဲထွဋ်ကမူ ကာလုံအစည်းအဝေး ပုံမှန် လုပ်ဖြစ်နေသည်ဟု ဧရာဝတီ သို့ ပြောသည်။
“ ကာလုံ အစည်းအဝေးပုံမှန်လုပ်ပါတယ်။ ခင်ဗျားရထားတဲ့သတင်းတွေလုံးဝမှားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတောင် လုပ်ခဲ့ပါသေးတယ်´´ ဟု ဦးရဲထွဋ်က ဆိုသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဆန္ဒသဘောထားသည် အရေးကြီးပြီး တပ်မတော်အနေဖြင့် နိုင်ငံရေး ဦးဆောင် ကဏ္ဍမှ ထွက်ခွာလိုစိတ်မရှိဟု သုံးသပ်နိုင်သည်ဟု ဆိုသည်။
“ကာချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းကို ကြည့်ရင် တပ်မတော်အနေနဲ့ သူရဲ့ အခြေခံဥပဒေပါ နေရာ၊ အခွင့်အရေးကို လက်လွှတ်ဖို့ စိတ်ကူးမရှိဘူးဆိုတာ ပြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ မူဝါဒတွေ ကာလုံ အစည်းအဝေးမှာ ညှိုနှိုင်းရင်တောင် ကာချုပ်ရဲ့ သဘောထားကပဲ နောက်ဆုံးဖြတ်ချက်ဖြစ်မယ်။ ကာချုပ်က မဲပိုရနိုင်တာပေါ့´´ ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
၊ ကာကွယ်ရေး ဝန်ကြီး ၊ နိုင်ငံခြားရေး ဝန်ကြီး ၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်ပြီး တပ်မတော် ဘက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်ထားသော ဒုတိယသမ္မတဦး၊ ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အခိုင်အမာ ရပ်တည် လျက်ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုကြသည်။
(သာလွန်ဇောင်းထက်နှင့်ထက်နိုင်ဇော် ပူးတွဲရေးသားသည်)