Politics

လေးပွင့် မဆိုင်နိုင်တဲ့ နိုင်ငံရေးအကျပ်အတည်း ဘယ်ကိုဦးတည်မလဲ

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ရေးဆွဲ ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်တဲ့နေရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း လေးစား လိုက်နာဖို့ သတိ ပေး မိန့်ခွန်းတွေ ဒီရက်ပိုင်း အတွင်း ပြောဆိုလိုက်တာမို့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်း ချက် တွေအတွက် အဖြေမထွက်နိုင်တော့တဲ့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ နိုင်ငံရေး အကျပ် အတည်း ဆီကို တဖြည်းဖြည်း ဦးတည် နေတဲ့အပြင် သဘောထားကွဲလွဲမှု ပြင်းထန်လာရင်တော့ စစ်တပ်အာဏာသိမ်းမှု အထိတောင် ရောက်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မတ်လ ၂၆ ရက်နေ့ နေပြည်တော်၊ လွှတ်တော်မှာ ပြောဆိုခဲ့တဲ့ သမ္မတ သက်တမ်း ၃ နှစ်ပြည့် မိန့်ခွန်း၊ မတ်လ ၂၇ ရက်နေ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပြောဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်း တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပြောဆိုမှုတွေပါဝင်တဲ့အပြင် တပ်မတော်ကို နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်ထားရမယ်ဆိုတဲ့ သဘောထားတွေကို အတိအလင်း ထည့်သွင်းပြောဆိုသွားကြပါတယ်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်လက်လိုအပ်နေကြောင်း၊ ဒီမိုကရေစီစနစ် ကူးပြောင်းဖို့အတွက် အခြေခံ ဥပဒေ ပြင်ဆင် ရာ မှာလည်း အခြေခံဥပဒေ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရာမှာလည်း ကောင်းကျိုး ဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ မတ်လ ၂၆ ရက်နေ့ လွှတ်တော်မှာ မိန့်ခွန်းပြောဆိုပါတယ်။

အလားတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိက တာဝန်ရှိတဲ့အပြင် အခြေခံဥပဒေက ထောက်ခံမဲပေးသူ ၂၄ ဒသမ ၇၆ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တာဖြစ်ကြောင်း၊ ပါတီတခု၊ လူပုဂ္ဂိုလ် တဦး အတွက် ရေးဆွဲထားတဲ့ ဥပဒေ မဟုတ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီသာ ပြင်ဆင်ဖို့ လိုကြောင်း ၆၉ နှစ်မြောက် တပ်မတော်နေ့မှာ ထည့်သွင်းပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ ပြောဆိုချက်တွေက ထပ်တူကျနေပြီး အခြေခံဥပဒေကို မူဘောင် အတွင်းက ပြင်ဆင်တာမဟုတ်ရင် လက်မခံဘူးဆိုတဲ့ သူတိုရဲ့ သဘောထားတွေကို တိတိကျကျ ထုတ်ဖော်လိုက်ပြီ ဖြစ်ပါ တယ်။ တနည်း အားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ ဥပဒေတွေကို လွယ်လွယ်နဲ့ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ တိုက်ရိုက် သတိ ပေးနေပုံရှိပါတယ်။

ဦးရွှေမန်းကတော့ အခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ တပ်မတော်ကို ဒီမိုကရေစီဘောင်ထဲကို ထည့်သွင်းဖို့၊ ရွေးကောက်ခံ မဟုတ်တဲ့သူတွေကို သမ္မတ၊ ဝန်ကြီးလို ရာထူးမျိုးတွေ မပေးဖို့ နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစားပေးပြင်ဆင်ဖို့ သူရဲ့ လွှတ်တော်အခြေခံဥပဒေ ပြင်ဆင်မှု အကောင်အထည်ဖော်ရေးကော်မတီကို ညွှန်ကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဦးရွှေမန်းဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်မယ်လို့ ပြောဆိုတဲ့အပြင် တပ်မတော် ကို ဒီမိုကရေစီ တပ်မတော်ဖြစ်အောင် ပြောင်းဖို့ လိုအပ်တယ်လို့ သူရဦးရွှေမန်းနဲ့ လေသံတထပ်တည်း ပြောဆို ပါတယ်။

အရင်က သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တဖက်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ဦးရွှေမန်းက တဖက် နိုင်ငံရေးအားပြိုင်မှုတွေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေသာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ ၄ ဦးက အုပ်စုခွဲ ၂ ခုစီမှာ ပူးပေါင်းမိသွားပြီဆိုတာ သိသာထင်ရှားလာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယက တို့နဲ့ အတူ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုတယ်လို့ တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်က လက်ရှိ အခြေ အနေ မှာ ဘယ်လိုမှ မဖြစ်နိုင်တော့တာမို့ နိုင်ငံရေးအကျပ်အတည်းတခုဆီကို ဦးတည်လာနေပြီလို့ နိုင်ငံရေးသမား တွေက ဆိုကြပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး သဘောထားမတူညီမှုတွေက အနာဂတ်ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခြေအနေက ခန့်မှန်းဖို့ ခက်ခဲတဲ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒပြပွဲတွေနဲ့ အခြေခံဥပဒေ မပြင်ဆင် ဖို့ လှုပ်ရှားမှုတွေကြောင့် မတည်မငြိမ်မှုတွေ ဖန်တီးလာနိုင်တာတွေ၊ တပ်အာဏာသိမ်းမှုတွေမျိုး လုပ်လာ နိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က“ အခြေခံဥပဒေ ပြင်ဖို့ ဆန္ဒပြတာတွေနဲ့ အခြေခံဥပဒေ မပြင် ဆင်ဖို့ ဆန္ဒပြတွေလည်းရှိတယ်။ အဲဒီလို ဆန္ဒပြတာတွေက ဒီမိုကရေစီအခွင့်အရေးပဲ။ ဒါပေမယ့် ဆန္ဒပြမှုတွေ အကြမ်းဖက် မှု ဖြစ်အောင် လှုံ့ဆော်ပြီး မတည်မငြိမ်ဖြစ်အောင်လည်း လုပ်လာနိုင်တယ်။ အဲဒါမျိုးဖြစ်လာမယ်ဆိုရင်တော့ လူထု တွေက သတိထားဖို့လိုတယ်။ ဒီမှာကလည်း အဲဒီလိုမတည်မငြိမ်ဖြစ်အောင်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ ယာဉ်ကျေးမှု ကရှိနေတယ်။ တကယ်လို့ အဲဒါကို သတိမထားဘဲ လူတွေက အကြမ်းဖက်လာကြရင်တော့ လူထုက သူနဲ့ ထိုက်တန်တဲ့ လက်နက်ပြ အုပ်ချုပ်တဲ့ အစိုးရပဲ ရလိမ့်မယ်။ အာဏာရှင်စနစ်အောက်ပြန်ရောက်နိုင်တယ်။ တခုသိထားရမှာက အခြေခံဥပဒေမှာ သမ္မတက ကာချုပ်ဆီကို နိုင်ငံတော်အာဏာကို တရားဝင်လွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ကြေညာခွင့် ရှိတယ်။ အဲဒါကြောင့် ဒီအခြေခံဥပဒေအရတော့ တပ်က အချိန်မရွေး အာဏာသိမ်း နိုင်ခွင့်ရှိတယ်´´ လို့ သုံးသပ်ပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးစိုင်းညွှန့်လွင်က လေးပွင့်ဆိုင်တွေ့ဆုံရေး မဖြစ် ရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လမ်းမမြင်ဘူးလို့ ဆိုပါ တယ်။

“လေးပွင့်ဆိုင်ဖြစ်သင့်တယ်။ အမှန်တော့ သူတို့ ညှိနှိုင်းရမယ်။ မတွေ့နိုင်ရင်တော့ မလွယ်ဘူး။ ဒီကိစ္စက တနိုင်ငံလုံးရဲ့ လုပ်သားပြည်သူတွေ ကိစ္စ။ သူတို့ နှစ်ဖက်က ဘယ်လိုပဲဖြစ်ဖြစ် တွေ့သင့်တယ်လို့ ထင်တယ်။ တွေ့ပြီးရှင်းတာ ပိုကောင်း တယ်။ အခုအတိုင်းက နှစ်ဖက်စလုံးက လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားတွေ ကိစ္စကို ပစ်ထား သလိုဖြစ် နေတယ်။ လေးပွင့်ဆိုင် မတွေ့ခြင်းသည် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စအတွက် သက်ရောက်မှု ကြီးနိုင်တယ်။ ဒီမှာ လိုအပ် တာက အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့´´လို့ ဦးစိုင်းညွှန့်လွင်က ဆိုပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့် ဆိုင်တွေ့ဆုံရေး မဖြစ်နိုင်တဲ့အပြင် အရေးလည်းမကြီးဘူးလို့ ဆိုပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်ကသာ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

“ ကာချုပ်နဲ့ သမ္မတ သဘောပေါက်ရင် အခြေခံဥပဒေ ပြင်ရေး လွယ် လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်တာ ပေါ့။ သမ္မတ ကလည်း ဘာလို့ လေးပွင့်ဆိုင်ကို ငြင်းနေလဲမသိဘူး။ တွေ့လိုက် တော့ ကိုယ့်ယုံကြည်ချက်ကို တိုင်းပြည် သိအောင် ကြေညာလည်းရတာပဲ။ ဘယ်သူ့ကြောက်ရမလဲဗျာ။ လေးပွင့်ဆိုင်က ဖြစ်လာမယ်လို့ မထင်ဘူး။ သူတို့ ရပ်တည်ချက် တွေကလည်း တွေ့ရုံနဲ့တော့ ပြောင်းလဲမယ်မထင်ဘူး။ ကာကွယ်ရေးဦးစီးချုပ်တို့ သမ္မတို့က ဒီဟာက နိုင်ငံရေး အနေအထားသည် ယုံကြည်မှု မတည်ဆောက်နိုင်သေးသရွေ့၊ တိုင်းရင်းသား တွေ မခွဲထွက်မယ့် အခြေအနေမျိုး မရနိုင် သေးသရွေ့တော့ တပ်မတော်အနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍက နုတ်မထွက်နိုင်ဘူးဆိုတဲ့ သဘောပဲလေ´´ လို့ ဦးရဲထွန်းက သုံးသပ်တယ်။

Loading