ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ သံသယ ရှိသူ ၁၂ ဦး ကို ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ NGO ရုံးတချို့နှင့် ကုလ သမဂ္ဂ စားနပ်ရိက္ခာ ပေးရေး အဖွဲ့ (WFP) ၏ ပစ္စည်း သိုလှောင်ရုံ အား မတ်လ ၂၇ ရက်နေ့က အုပ်စုဖွဲ့ ဖျက်ဆီးမှုနှင့်ဆက်စပ်၍ တိုင်ကြားခံထားရသူ ၁၂ ဦးကို သက်ဆိုင်ရာ ရဲ စခန်းက ခေါ်ယူ စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ သို့သော် အမှန်တကယ် ဖြစ်မှု ကျူးလွန်သူများကို တိတိကျကျ မသိရသေးကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“ပါဝင် ပတ်သက်မှုရှိတယ်လို့ သံသယ ရှိသူတွေ၊ တိုင်ကြားခံထားရသူတွေကို ခေါ်ယူ စစ်ဆေးနေတုန်းပါ၊ ပြစ်မှု ရှိသူတွေကို တော့ ဥပဒေ ကြောင်းအရ ဆောင်ရွက် အရေးယူသွားမှာပါ”ဟု ၎င်း က ဆိုသည်။
စစ်တွေ၌ မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ အတွင်း လုံခြုံရေး တပ်ဖွဲ့က လူစုခွဲ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦးလည်း သေဆုံးခဲ့သည်။
စစ်တွေ ပဋိပက္ခနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး အဖွဲ့ကလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ခေါ်ယူစစ်ဆေး ခံနေရသူ ၁၂ ဦးတွင် အမျိုးသမီးတချို့လည်း ပါဝင်ကြောင်း သိရသည်။
စုံစမ်းရေး အဖွဲ့အား နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ပြည်နယ် ဥပဒေ ချုပ် ဦးလှသိန်းနှင့်အရပ်ဘက် အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ စသည်တို့ ပါဝင်သည်။ ထိုအဖွဲ့၏ စုံစမ်း စစ်ဆေးမှု ရ လဒ်များ ကို ဧပြီလ ဒုတိယ ပတ်တွင် သမ္မတ ထံ အစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။
ပဋိပက္ခ များကြောင့် ခေတ္တ ရပ်ဆိုင်းထားသည့် ကုလသမဂ္ဂ(UN)၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကို ရခိုင်ပြည်နယ် ကျန်းမားရေး ဦးစီးဌာန က တာဝန်ယူ ဆောင်ရွက်နေကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။
ရပ်ဆိုင်ထားသည့် UN လက်အောက်ခံ အဖွဲ့များ ပြန်လည် လုပ်ကိုင်နိုင်ရန် UN ကိုယ်စားလှယ် တချို့သည် ပြည်နယ် အာဏာပိုင်များ၊ စစ်တွေ ရပ်မိရပ်ဖများနှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ စစ်တွေ ရပ်မိရပ်ဖ ဦးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “UN ရုံး တချို့ ဖျက်ဆီးခံရတာကို ကျနော်တို့လည်း စိတ်မကောင်းပါဘူး၊ ဒါဟာ လူတစုကပဲ လုပ်တာဖြစ်လို့ ရခိုင် တ မျိုးသားလုံးရဲ့ လုပ်ရပ်အဖြစ် မယူဆဖို့ ဆွေးနွေးတယ်၊ UN အဖွဲ့တွေ မကြာခင် ပြန်ဝင်လာပြီး အလုပ်လုပ်ဖို့၊ အဲဒီလို လုပ်တဲ့ အခါမှာလည်း ဒေသဆိုင်ရာ အစိုးရ အဖွဲ့၊ ဒေသခံတွေနဲ့တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးကြပါတယ်”ဟု ဆို သည်။
လူသားချင်း စာနာမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရခိုင်လူထု က ကန့်ကွက်မည် မဟုတ်ကြောင်း၊ ဒုက္ခသည်များအား ကူညီ ထောက်ပံ့မှု ပေးရာတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအား ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ဆောင်ရွက် ရန် လိုကြောင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများကို အကြောင်းပြ၍ နိုင်ငံရေးနှင့်ရောထွေး လုပ်ဆောင်မှု မပြုကြရန် အရေးကြီးကြောင်းကိုလည်း ရခိုင် ရပ်မိရပ်ဖ များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကလည်း UN နှင့် လက်အောက်ခံ အဖွဲ့ တချို့နှင့် ချုပ်ဆိုထားသော နား လည်မှု စာချွန်လွှာ (MOU) သက်တမ်း ကျန်ရှိနေသေးကြောင်း၊ ထို့ကြောင့် လုပ်ငန်း ပြန်လည် လုပ်ကိုင် မည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အဖွဲ့များ အနေဖြင့် ဒေသခံ တိုင်းရင်းသားမျာနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ပြီး ဘက်လိုက်မှု ကင်းရန်လည်း လိုအပ်ကြောင်း ပြောသည်။
“လုပ်ငန်းတွေ ပြန်စမယ့် ကိစ္စကို ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးကြမှာပါ၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေး ကိစ္စ တွေက အစ ဆောင်ရွက်ပေးကြပါလိမ့်မယ်”ဟု ဦးဝင်းမြိုင်က ပြောဆိုသည်။
WFP အပါအဝင် NGO ရုံး တချို့အား တိုက်ခိုက်ဖျက်ဆီး ခံရကာ လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် အတွက် လူသားချင်း စာ နာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ဆောင်မှုများ ထိခိုက်မှုရှိကြောင်း၊ လုပ်ငန်း ပြန်လည် လုပ်ကိုင်နိုင်ရန် မျှော်လင့်ကြောင်း UN ကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စများ လုပ်ကိုင်နိုင်ရေးနှင့် UN ဝန်ထမ်းများ လုံခြုံမှုရှိစွာ လုပ်ကိုင်နိုင်ရေးတို့ အတွက် UN အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေး၏ခဲ့ ကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။