ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာ အပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား တွေ အပေါ် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက“နိုင်ငံအပြင်သို့ ပို့ဆောင်သည့် အာမခံကြေး”ခေါင်းစဉ်ဖြင့် တဦးလျှင် ဘတ် ၁၀၀၀ နှုန်း ကောက်ခံနေခြင်း အပေါ် အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ဝေဖန်နေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ အတွင်းမှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ရင်း မိခင်နိုင်ငံကို ပြန်ပို့ရတာတွေ ရှိပြီး အဲဒီအတွက် ပို့ဆောင်ခ စရိတ် အာမခံကြေးအဖြစ် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။
အခကြေးငွေ ပေးဆောင်ထားတဲ့ အလုပ်သမားတွေက နေရပ်ရင်းကို အပြီး ပြန်ကြတဲ့အခါ သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးမှာ ပြန်လည် ထုတ်ယူနိုင်တယ်လို့လည်း ပြောဆိုပါတယ်။
“ဆိုလိုချင်တာကတော့ဗျာ ပြန်ပို့ခပေါ့၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းမိတယ်၊ စာအုပ် သက်တမ်း ကုန်တာ၊ ဒါမှ မဟုတ်လို့ ရှိရင် ရာဇဝတ်မှု တခုခုဖြစ်တယ် ဆိုလို့ရှိရင် ထိုင်းရဲက ပြန်ပို့မယ်၊ အဲဒီအတွက် ပြန်ပို့ခပေါ့၊ သူတို့ရဲ့ လမ်းစရိတ်လို့ပဲ အကြမ်းဖျဉ်း ပြော လို့ ရတယ်”လို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေအတွက် အကူအညီတွေ ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ ရွှေ့ပြောင်း အလုပ်သမားတွေက အလုပ်ရှင်မှတဆင့် သက်ဆိုင်ရာ ပြည်နယ် အလုပ်သမားရုံးမှာ မတ်လ ၁ ရက်က စတင်ပြီး တလ ဘတ် ၂၅၀ နှုန်းနဲ့ ၄ လ ဆက်တိုက် သွင်းပေးရမှာ ဖြစ်ပြီး မပေးသွင်းပါက အလုပ်ရှင်ကို ဘတ် ၁၀၀ ကို တလ ၂ ဘတ် နှုန်း ဒဏ်ငွေတပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘတ် ၁၀၀၀ လဲလှယ်နှုန်းက မြန်မာ ငွေ ကျပ် ၃ သောင်းကျော် ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ အလုပ်သမားတွေကို ဘတ် ၁၀၀၀ ပေးဆောင်ဖို့ ထိုင်းအစိုးက ထုတ်ပြန်တာဖြစ်ပြီး သေသေချာချာ မသိရှိရသေးဘူးလို့ အလုပ်သမား သံအရာရှိအဖြစ် မကြာသေးခင်ကမှ တာဝန် ယူ ထားတဲ့ ဦးသိန်းနိုင်က ဧရာဝတီကို ပြောပါတယ်။
အလုပ်သမားတွေကို ဖမ်းဆီး ပို့ဆောင်တဲ့ စရိတ်တွေက အစိုးရရဲ့ ဘတ်ဂျက်ကသာ သွားသင့်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေဆီက အခုလို ဖြတ်တောက်မှု အပေါ် အကြိမ်ကြိမ် ကန့်ကွက်တဲ့ကြားက ကောက်ခံဖို့ သဘောတူညီချက် ပေးခဲ့တဲ့ မြန်မာ အစိုးရ အပေါ် စိတ်ပျက်မိတယ်လို့ မြန်မာ အလုပ်သမားတွေ အရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးပြီး အဆင်မပြေလို့ ထိုင်းနိုင်ငံလာပြီး မိလ္လာကျင်း တူးတာက အစ အောက်ခြေသိမ်း အလုပ်ကို လုပ်နေကြရတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခတွေကို ခေါင်းစဉ်တခု တပ်ပြီး အခုလို ဖြတ်တောက်တာ တော်တော် စိတ်ပျက်ပါတယ်၊ ဒါဟာ အလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်တာ”လို့ ဦးကျော်သောင်းက ဧရာဝတီကို ပြောတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လာရောက် လုပ်ကိုင် နေကြပေမယ့် လုပ်အားခတွေဟာ ယာယီ နိုင်ငံကူး လက်မှတ်ဖိုး၊ Work Permit ကြေးနဲ့ ဗီဇာကြေးတွေပေါ်မှာပဲ ကုန်ကျတာတွေ များနေတယ်လို့ ဘန်ကောက်မြို့က ရေထွက်ပစ္စည်း စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုကျော်ဆန်းကလည်း ဧရာဝတီကို ပြောပါတယ်။
“ဘတ် ၁ ထောင် ဆိုတာက ပြန်ပို့ စရိတ်ဆိုပြီး တောင်းတာတဲ့၊ ကျနော်တို့ ပြန်ရင် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ကြတာပါ၊ ဘယ်တုန်း ကမှ ထိုင်းက ပြန်မပို့ရပါဘူး၊ နယ်စပ်အထိ ကိုယ်တိုင် ကားစီးပြီး ပြန်တာတောင် ဘတ် ၄၀၀ လောက်ပဲ ကျတယ်လေ၊ ဘယ်တတ်နိုင်မလဲ၊ မပေးချင်လည်း ပေးရမှာပဲ၊ ကျနော်တို့ကို အကာအကွယ်ပေးမယ့် လူမှ မရှိတာ၊ ကိုယ့်မြန်မာ အစိုးရကတောင် ဘာမှ ဝင် မပြောဘူး”လို့ ကိုကျော်ဆန်းက ပြောပါတယ်။
ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားတွေ ဘတ် ၁ ထောင် ပေးဆောင်ရမယ့် အကြောင်းကို အလုပ်သမားတွေ များများ မြင်လွယ်တဲ့ နေရာတွေမှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ကြော်ငြာထားတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အတွက် မြန်မာအစိုးရရဲ့ အကာအကွယ်ပေးမှုတွေက အားနည်းလွန်းတယ်လို့ မြန်မာ အလုပ်သမား အဖွဲ့တွေက ဝေဖန်နေကြပြီး အသစ် ပြောင်းလဲရတော့မယ့် သာမန် နိုင်ငံကူးလက်မှတ် အတွက်လည်း အလုပ်သမား တွေ အနေနဲ့ အခက်အခဲ တွေကြုံ ရလိမ့်ဦးမယ်လို့ ဆိုပါတယ်။
မတ်လ ၅ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီး ဌာနရဲ့ ကြေညာချက်မှာ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတွေ အနေနဲ့ လေးနှစ် သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေ အစား နိုင်ငံ သား အဖြစ် စနစ်တကျ စိစစ်အတည်ပြုမယ့် သာမန် နိုင်ငံကူး လက်မှတ်ကို ပြောင်းလဲ ကိုင်ဆောင်ရမှာ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
သန်းခေါင်စာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား(မှတ်ပုံတင်) နဲ့ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်တို့ အပါအဝင် အချက် ပေါင်း ၁၀ ချက် ပါဝင်တဲ့ လျှောက်လွှာကို ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်း မကုန်ဆုံးမီ ၆ လ အလိုမှာ ကြိုတင် လျှောက်ထား ရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား စုစုပေါင်း ၃ သန်းခန့် ရှိပြီး ၂၀၀၉ ခုနှစ်က စတင် လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက်မှတ် အစီ အစဉ်မှာ ၁၇ သိန်းက တရားဝင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။