မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အာဏာရှင် နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနဲ့ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေတို့ အကြား တူတာတွေနဲ့ မတူတာတွေကို ခွဲခြား သတိထားမိခဲ့ပါတယ်။
ဦးနေဝင်းကတော့ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားခဲ့ ပေမယ့် အခုထိလည်း မြန်မာနိုင်ငံမှာ သူ့ရဲ့ အရိပ်က မျိုးဆက်သစ် မြေးဖြစ်သူတွေနဲ့ အတူ အထင်အရှား ရှိနေဆဲ ဖြစ်ပါတယ်။
သက်ရှိထင်ရှား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အရိပ်အဖြစ်ကတော့ လက်ရှိ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် အကြီးအကဲများနဲ့ အာဏာရ ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်တွေ ရှိနေတာ ငြင်းလို့ရမယ် မထင်ပါဘူး။
ဦးနေဝင်းက ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတလည်နယ်ကနေ တရုတ်-ဗမာ လူလတ်တန်းစား မိသားစုက မွေးဖွားကြီးပြင်း လာတာ ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ် မေလ ၁၄ ရက်နေ့မှာ မွေးဖွားတယ်လို့ ဆိုသလို ၁၉၁၀ ပြည့်နှစ်လို့လည်း ဆိုကြတာမို့ မွေးနေ့ အမှန်ကို တိတိကျကျ မသိရပါဘူး။
ဦးနေဝင်းဟာ ၁၉၂၉ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်မှာ ဇီဝဗေဒ အဓိကနဲ့ ၂ နှစ်ကြာ တက်ရောက်ခဲ့သူ ပညာတတ် တဦးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ သခင်ရှုမောင် အမည်နဲ့ ဒို့ဗမာ အစည်းအရုံး အဖွဲ့ဝင် ဖြစ်လာပြီး မြန်မာ့ လွတ် လပ် ရေး သမိုင်းမှာ အဓိကကျတဲ့ ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်လာကာ နိုင်ငံရေးသမား တဖြစ်လည်း စစ်သား ဖြစ်ခဲ့သူပါ။ ဦးနေဝင်းဟာ နိုင်ငံရေးအရ လက်ဝဲသမား မဟုတ်သလို လက်ယာသမားလည်း မဟုတ်ဘဲ အင်္ဂလိပ်၊ ဂျပန် ဆန့်ကျင်ရေး အမျိုးသားရေး ဝါဒီတဦး အဖြစ်သာ လူသိများခဲ့တယ်။
ဦးသန်းရွှေကတော့ ကျောက်ဆည်နယ်က မင်းဇူရွာမှာ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မွေးဖွားပြီး အထက်တန်းအောင်ပြီးတော့ မြန်မာ့တပ်မတော်ထဲ ဝင်ခဲ့ရာက ၁၉၅၂ ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော်၊ OTS လို့ ခေါ်တဲ့ အလုပ်သင် ဗိုလ်သင်တန်း အမှတ်စဉ် ၉ နဲ့ စစ်အရာရှိငယ် ဖြစ်လာပါတယ်။ နောက်ပိုင်း ရာထူး အဆင့်ဆင့် တက်လာပြီး ဦးနေဝင်း တည်ထောင်ထားခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ) စတုတ္တအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင် ဖြစ်ခဲ့တယ်။
၁၃ နှစ်ဆိုတဲ့ ကာလတခု ခြားပြီး မွေးဖွားကြတဲ့ ဦးနေဝင်းနဲ့ ဦးသန်းရွှေ ၂ ဦးလုံးဟာ ငယ်စဉ်က စာတိုက်ဝန်ထမ်း လုပ်ခဲ့တာနဲ့ တိုင်းပြည်ကို အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်ခဲ့တာလည်း တူညီကြပါတယ်။
ထိုစဉ်က လက်ဝဲ၊ လက်ယာ အားပြိုင်မှုတွေနဲ့ မြန်မာ့ တပ်မတော်ထဲ စစ်အရာရှိကြီး ဦးနေဝင်းဟာ အလယ်လူ ဖြစ်ခဲ့တာကြောင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်ကိုလည်း ကံကောင်းစွာပဲ ရခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ရာထူးရ လာပြီးနောက်ပိုင်း ဦးနေဝင်းဟာ မြန်မာ့ တပ်မတော်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်လာနိုင်သူလည်း ဖြစ်တယ်။
မိန်းမများသူ၊ မြင်းလောင်းကစား ဝါသနာပါသူ ဦးနေဝင်းဟာ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်တာဝန်ကို စတင် ယူခဲ့ပြီး ၁၉၆၀ ထိ ၂ နှစ်ကြာခဲ့တယ်။ တခါ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေး ကောင်စီအမည်နဲ့ ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရဆီက အာဏာသိမ်းခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ်နဲ့ ၁၉၇၄ ခုနှစ်ထိ တိုင်း ပြည်ရဲ့ အမြင့်ဆုံး တာဝန်ကို ယူခဲ့တယ်။
၁၉၇၄ ခုနှစ်မှာ မဆလ ပါတီ ဆိုပြီးတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ၁၉၈၈ ခုနှစ်ထိ တိုင်းပြည်ကို တံခါးပိတ် အုပ်ချုပ် ခဲ့တယ်။ ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်း၊ ၁၉၈၈ ခုနှစ် မတ်လ စက်မှုတက္ကသိုလ် ကျောင်းသား အရေးအခင်းက အစပြုကာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီ တောင်းဆိုပွဲကြီး လုပ်ချိန် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ မဆလ ပါတီ ဥက္ကဋ္ဌကြီး ရာထူးကနေ နုတ်ထွက် သွားခဲ့တယ်။
ဦးသန်းရွှေကတော့ အာဏာသိမ်း စစ်အစိုးရ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ) ဥက္ကဋ္ဌ ရာထူးကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က စတင် တာဝန်ယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင် ရာထူးကို ကိုင်စွဲထားခဲ့သူ ဖြစ်ပါတယ်။
ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ ၂ ဦးလုံးဟာ မြန်မာနိုင်ငံကို တသွေးတသံ၊ တမိန့်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်စိုးသွားကြတဲ့ နေရာမှာတော့ တူညီ ကြပါတယ်။ ၂ ဦးလုံး အာဏာရှင်တွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့ အုပ်စိုးစဉ်ကာလ တိုင်းပြည် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံတကာ ဆက်ဆံရေးစတဲ့ ကဏ္ဍ တွေမှာတော့ အတော်ကွဲပြား ခြားနားပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝအရ အိမ်နီးချင်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ ကြားမှာ တည်ရှိတဲ့ အတွက် ပထဝီ နိုင်ငံရေး အရဖြစ်စေ နိုင်ငံရေးပထဝီ အနေအထားအရ ဖြစ်စေ ဟန်ချက်ညီအောင် ထိန်းရတာ သဘာဝက ပေးထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဝါဒရေးရာ အားပြိုင်မှု ကမ္ဘာ့ ရေစီးကြောင်းကြီးတွေ ဖြစ်တဲ့ ကွန်မြူနစ်နဲ့ အနောက်အုပ်စု အရင်းရှင် နိုင်ငံတွေ အကြား၊ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်၊ ရုရှားနိုင်ငံစတဲ့ အားပြိုင်နိုင်ငံတွေ အကြား သံတမန် ဆက်ဆံရေးတွေဟာ သိမ်မွေ့တဲ့ ရပ်တည်မှု ရှိနေဖို့ကလည်း ဘဝပေး အခြေအနေဖြစ်ပါတယ်။
ဒီနေရာမှာ ဦးနေဝင်းဟာ ဦးသန်းရွှေထက် ပိုပြီး လိမ္မာပါးနပ်ခဲ့တဲ့ သာဓကတွေ တော်တော်များများ ရှိပါတယ်။
ဦးနေဝင်းက တရုတ်နဲ့ဆက်ဆံတာ၊ အမေရိကန်၊ ဥရောပစတဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာ အကင်းပါးပြီး ပါလီမန် ခေတ် ဦးနု အစိုးရ လက်ထက်က ဘက်မလိုက်မူကို ဆက်ကိုင်ထားခဲ့ပါတယ်။
မြန်မာပြည်ကို နိုင်ငံတကာက ယုံကြည် လေးစား အောင် လုပ်တတ်တယ်၊ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ ဦးသန်းရွှေထက် ပိုတော်တယ်လို့ ဝါရင့်နိုင်ငံရေးသမား၊ သံအမတ်ကြီး ဟောင်း သခင်ချန်ထွန်းက ဧရာဝတီကို ပြောပါတယ်။
ဦးနေဝင်း လက်ထက်မှာ ပြည်သူပိုင် ကြေညာပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး အဘက်ဘက်က ကျဆင်းသွားခဲ့တာမှာ ဦးသန်းရွှေ လက်ထက်ကျ ပိုလို့တောင် ဆိုးသွားသေးတယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။
တချိန်က မြန်မာအစိုးရက တရားမဝင်အသင်းအဖွဲ့လို့ သတ်မှတ်ကြေညာထားတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ)ကို တရုတ်နိုင်ငံ က ကျောထောက်နောက်ခံ ပေးထားခဲ့ရာက ဦးနေဝင်းလက်ထက်မှာ တရုတ်နိုင်ငံရဲ့ ပေါ်လစီကို ပြောင်းလဲလာအောင် ဖန်တီးနိုင် ခဲ့တယ်။
ဒါကြောင့် တရုတ်အစိုးရ အနေနဲ့ အစိုးရကို အစိုးရချင်း၊ ပါတီကို ပါတီချင်း ဆက်ဆံရေး ဆိုတဲ့ ပေါ်လစီနဲ့ တရုတ်-မြန်မာ ၂ နိုင်ငံ အစိုးရချင်း ဆက်ဆံရေး ရှိလာသလို တရုတ်ကွန်မြူနစ် ပါတီနဲ့ ဗကပ ဆက်ဆံရေးဟာလည်း တရုတ်အနေနဲ့ မူအရ ဆက်ဆံခဲ့ ရတယ်။
ဒီလို အခြေအနေတွေ ရှိတာကြောင့်လည်း အဲဒီတုန်းက တရုတ်က မြန်မာကို ဆက်ဆံရာမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ စစ် အစိုးရကို ဆက်ဆံတဲ့ ပုံစံမျိုးထက် အဆင့်အတန်း တစုံတရာထားပြီး ဆက်ဆံခဲ့တယ်။
အမေရိကန်နဲ့ ဆက်ဆံရာမှာလည်း ဦးနေဝင်းက ကွန်မြူနစ် ဆန့်ကျင်ရေး နိုင်ငံ့ခေါင်းဆောင် တဦးအနေနဲ့ အမေရိကန်ရဲ့ အဲဒီ ကာလက မဟာဗျူဟာနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပြတတ် ခဲ့တယ်။ ဒါကြောင့် အမေရိကန်ကလည်း သူ့ကို တန်းပေး ဆက်ဆံပြီး အာရှက ရဲရဲတောက် ကွန်မြူနစ်ဆန့်ကျင်ရေး သမားတဦးအဖြစ် လက်ခံထားခဲ့တယ်။
တော်လှန်ရေး ကောင်စီလက်ထက်ကနေ တလျှောက်လုံး မဆလ လမ်းစဉ်ကို ကြွေးကြော်ခဲ့တာကြောင့် ပြည်တွင်း လက်ဝဲ အင်အားစုတွေရဲ့ တချို့ လက်ဝဲ ကွန်မြူနစ်တွေလည်း အစပထမ လမ်းစဉ်က ညီအစ်ကိုမဟာမိတ်ဖြစ်နေတော့ မဆလမှာ ပူးပေါင်းပါဝင်မှုတွေ ရှိလာပြီး ယုံကြည်မှု တစုံတရာ ရအောင် လုပ်ယူနိုင်ခဲ့တယ်။
နောက်ပိုင်းတော့ မဆလမှာ ပူးပေါင်းသွားတဲ့ ကွန်မြူနစ်(ဗကပ)တွေလည်း သူ့ကို ယုံကြည်မှု မရှိခဲ့ကြတော့ဘူး။ ဗကပ ကို တရုတ်နိုင်ငံ က ကျောထောက်နောက်ခံ ပေးထားတယ်ဆိုတာ ဦးနေဝင်းက တထစ်ချယုံကြည်ပြီး တရုတ်နဲ့ ပတ်သက်ရင်း ပြင်းထန် တဲ့ လက်တုံ့ပြန်မှုတွေလည်း ရှိခဲ့တယ်။
အထင်အရှား ဖြစ်ရပ်တခုကတော့ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်းမှာ တရုတ်တွေကို ဦးနေဝင်းက ပြင်းပြင်း ထန်ထန် နှိပ်ကွပ် ခဲ့တာပါပဲ။ အလားတူ တရုတ်အားကိုးနေပြီး စည်းရုံးသိမ်းသွင်းလို့ မရတဲ့ လက်ဝဲ အင်အားစုတွေကိုလည်း သူအာဏာ ရှိစဉ် တလျှောက် အပြတ် ချေမှုန်းတယ်။
ဒီလို နည်းတွေနဲ့ ဦးနေဝင်းဟာ နိုင်ငံရေးအရ ပါးနပ်စွာနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို နိုင်နင်းခဲ့ပြီး ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ နိုင်ငံရေးအရ မြန်မာနိုင်ငံရဲ့ ဂုဏ် သိက္ခာတခုကို ဖော်ဆောင်နိုင်ခဲ့ ပေမယ့် တိုင်းပြည် စီးပွားရေး အကျိုးဖြစ်ထွန်းအောင် မလုပ်ခဲ့ဘဲ တိုင်းပြည်ကို တံခါးပိတ် ကျင့်သုံးခဲ့တာပါပဲ။
တဖက်က နိုင်ငံသားတွေကိုသာ မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ် ကျင့်သုံးခဲ့ပေမယ့် သူ့သားသမီး မြေးမြစ်တွေကိုတော့ အနောက်နိုင်ငံတွေက တက္ကသိုလ်၊ ကောလိပ် ကျောင်းကောင်းကောင်းတွေမှာ ပညာသင်ယူစေခဲ့ ပါတယ်။ ဒါကလည်း အနာဂတ်မှာ သူ့မျိုးဆက် အတွက် အမြော်အမြင်ရှိမှုပါ။
ဦးသန်းရွှေကတော့ ဒီလိုမဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ နဝတ အကြီးအကဲ ၊ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) ဥက္ကဋ္ဌ တာဝန်ယူထားစဉ် တလျှောက်လုံး တရုတ်နဲ့ ဆက်ဆံရေးသာ အလွန်နီးနီးကပ်ကပ် ဆက်ဆံပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာလည်း အလွန် အားနည်းတာ အထင်အရှားပါ။ သူ့ မျိုးဆက်တွေကိုလည်း အမေရိကန်၊ ဥပရောပ အစရှိတဲ့ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားပေးမှု မရှိခဲ့ပါဘူး။
အထူးသဖြင့် ဦးသန်းရွှေဟာ အမေရိကန်၊ ဥရောပ စတဲ့ အနောက်နိုင်ငံတွေ ဆိုရင် ရန်သူလို သဘောထားခဲ့ပြီး ထိတွေ့ ဆက်ဆံ တာမျိုးလည်း မလုပ်ခဲ့သလို အဲဒီ နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နည်းပညာတွေကို မြန်မာပြည် ကြီးပွားတိုးတက်ရေး အတွက် အသုံးချ ဖန်တီးပေးမှုတွေ မလုပ်နိုင်ခဲ့ ပါဘူး။
မြန်မာပြည်က သဘာ၀ တွင်းထွက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေ၊ မြစ်ဆုံစီမံကိန်းလို မြန်မာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ စီမံကိန်းတွေကိုတော့ (စစ်တပ်ရဲ့) ကျေးဇူးရှင် တရုတ်နိုင်ငံကို ဈေးပေါပေါနဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တာ အထင်အရှား ဖြစ်ပါတယ်။ ဒီလိုနဲ့ ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက် တရုတ်ဟာ မြန်မာနိုင်ငံက လုပ်ငန်းတော်တော်များများကို လုပ်ပိုင်ခွင့် ရခဲ့ကြတယ်။
အဲဒီအပြင် ဦးသန်းရွှေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို တည်ထောင်ပြီး အကြီးအကဲ တာဝန် ယူခဲ့တယ်။ ကြံ့ခိုင်ရေးအသင်း ကိုလည်း ပါတီအသွင် ပြောင်းပစ်လိုက်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်ခဲ့တယ်။
ဒေသတွင်း နိုင်ငံတွေမှာတောင် ဦးသန်းရွှေဟာ မြန်မာဆိုတဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ တိုးမြင့်အောင် နိုင်ငံရေးအရ မလုပ်ဆောင်နိုင် ခဲ့သလို စီးပွားရေးအရလည်း မဖန်တီးနိုင်ခဲ့ပါ။ အဘက်ဘက်က နိမ့်ကျလာမှုတွေကြောင့် တိုင်းပြည်လည်း ပိုပြီး မွဲပြာကျခဲ့ရ ပါတယ်။
ဦးသန်းရွှေကတော့ ဦးနေဝင်းလို မိန်းမတွေ အများကြီး ယူတာနဲ့ လောင်းကစားမှုတွေ ဝါသနာ ထုံတာတော့ မရှိပါဘူး။
ဦးနေဝင်းနဲ့ ဦးသန်းရွှေ တူတာတချက်လည်း ရှိပါသေးတယ်။ သူတို့ အာဏာ ပါဝါကို ထိပါးလာသူတွေကို အပြတ်ချေမှုန်း ပစ်တာပါ။
ဦးနေဝင်းဟာ အာဏာတည်မြဲရေး အတွက် ၁၉၇၆-၇၇ မှာ သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်နဲ့ အဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုသလို ရှင်းပစ်ခဲ့ပါတယ်။
အဲဒီလိုပဲ ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့မျိုးဆက်တွေနဲ့ ကိုယ်ပွားလူယုံ ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့် တို့ကို အာဏာစင်မြင့်ကနေ တွန်းချပြီး ဖမ်းဆီး၊ နေအိမ် အကျယ်ချုပ်ချ၊ ထောင်သွင်း အကျဉ်းချတာတွေအထိ လက်စောင်း ထက်ခဲ့ပါတယ်။
လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေနဲ့ အစိုးရ အဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော် အကြီးအကဲတွေ၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တွေ အခု အကောင်အထည် ဖော်နေတယ် ဆိုတဲ့ မြန်မာနိုင်င် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဇာတ်လမ်းကြီးကိုလည်း ဦးသန်းရွှေ စီစဉ်ပေးခဲ့တာသာ ဖြစ်တယ်လို့ ပြောဆို နေကြပါတယ်။
ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ဟာ မတူတာတွေ ရှိသလို၊ တူတာတွေရှိကြပေမယ့် သူတို့ ၂ ဦးလုံးဟာ မြန်မာနိုင်ငံကို အကြီးအကျယ် ဒုက္ခပေးခဲ့ပြီး ပြည်သူကို ရန်သူလို သဘောထား ဆက်ဆံခဲ့ကြတဲ့ သမိုင်းဆိုးတွေကြောင့် အခု အချိန်အထိ နာမည်ဆိုးတွေနဲ့ ကြော်ကြားနေ ဆဲ အာဏာရှင်ကြီးများပဲ ဖြစ်ပါတယ်။ ။