မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ ပါဝင်ဆင်နွှဲကြမယ့် သင်္ကြန် သံချပ်အဖွဲ့တွေ အနေနဲ့ သံချပ်စာသားတွေကို စိစစ်ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ သင်္ကြန်သံချပ် စစ်ဆေးရေး ကော်မတီထံမှာ ကြိုတင် တင်ပြရမယ်လို့ ရန်ကုန်တိုင်း အစိုးရက မတ်လ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
သံချပ် စာသားတွေထဲမှာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု စတဲ့ အကြောင်းအရာတွေ လောက်ကိုပဲ စိစစ်သွားမှာဖြစ်ပြီး ကျန်တဲ့ အပြုသဘောနဲ့ ထောက်ပြဝေဖန်တာ တွေကိုတော့ ခွင့်ပြုမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ သင်္ကြန်သံချပ် စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ဆိုပါတယ်။
“အခုထွက်နေတဲ့ စာတွေပေတွေမှာတောင်မှ ပုဂ္ဂိုလ်ရေး အရသော်လည်းကောင်း၊ အဖွဲ့အစည်းအရ သော် လည်းကောင်း၊ ထိခိုက်ပြီးတော့ စော်ကားမော်ကား ရေးတာတွေ အများကြီးရှိတယ်လေ၊ သင်္ကြန်သံချပ်ဆိုတော့ ပိုပြီးတော့ရှိမှာပေါ့၊ အဲဒီလို ဟာမျိုးတွေကိုပဲ ဟိုဟာဖြစ် (စိစစ်) ပါတယ်။ တိုင်းပြည်နဲ့ပတ်သက်လို့ အပြုသဘော ရေးတာတွေတော့ ရေးပစေပေါ့ဗျာ၊ လက်ခံပါတယ်။ အဓိကကတော့ ဆူဆူပူပူဖြစ်အောင် လှုံ့ဆော် ရေးသားကြတာ တွေပေါ့။ စာပေစိစစ်ရေးတွေ လိုမျိုး တအားကြီး စိစစ်နေမှာတော့မဟုတ်ဘူး” လို့ ဦးအောင်ကျော်ဦးက ရှင်းပြ ပါတယ်။
သံချပ်အဖွဲ့တွေ အနေနဲ့ သံချပ်စာသားတွေကို မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ ကြေညာထားပေမယ့် ၁၇ ဖွဲ့ လောက်ပဲ လာပြီး တင်ပြတာရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လာမတင်တဲ့ အဖွဲ့တွေကိုရော အရေးယူမှာလား ဆိုတာကိုတော့ ယတိပြတ် ပြောဆိုခြင်း မရှိသေးပါဘူး။
အစိုးရအနေနဲ့ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုမျိုးနဲ့ ညစ်ညမ်းမှုတွေပါမှာ စိုးရိမ်ကြောင်း ထုတ်ပြောတာကို ကြိုဆိုကြောင်း အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ၂၀၁၂ – ၁၃ သင်္ကြန်တွေက စပြီး သင်္ကြန် သံချပ်တွေ ပြန်လည်ရေးစပ်ပြီး သံချပ်ပြန်ထိုးလာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒါပေမယ့် အဓိကရုဏ်း လှုံ့ဆော်ရေးတွေ၊ ညစ်ညမ်း စာသားတွေ ဆိုတာကို သူတို့အနေနဲ့ သိပြီးသား ဖြစ်သလို ရှောင်ကျဉ်ပြီးသားဖြစ်တဲ့အတွက် ဆင်ဆာရဲ့ ခွင့်ပြုချက်ကိုလည်း ယူမှာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။
“သူတို့စိုးရိမ်တဲ့ ဘာသာရေး အဓိကရုဏ်းကို လှုံ့ဆော်တာမျိုး၊ နောက်ပြီးတော့ ညစ်ညမ်းတဲ့ အသုံးအနှုန်းမျိုးပေါ့၊ အဲဒီ နှစ်ချက်လောက်ကိုပဲ သူတို့က စိုးရိမ်တာပါလို့ ပြောတယ်။ အဲဒီတော့ သူတို့စိုးရိမ်တာကို ဖွင့်ဟပြောတာ ကောင်းပါတယ်ဗျ။ အဲဒါကတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့က သံချပ်ကို ရေးတောင် မရေးရသေးဘူးဗျ။ နောက်တခုက ဒီဟာက လွတ်လပ်တဲ့ ယဉ်ကျေးမှု တရပ်ဖြစ်တယ်လေ။ အဲဒီတော့ ဆင်ဆာ ရွေးပြီးတော့ ဆင်ဆာက ခွင့်ပြုတာလောက်ပဲ ထိုးရမယ် ဆိုတာလောက်တော့ ကျနော်တို့က သဘောမတူ နိုင်ဘူးပေါ့” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
သူတို့ အနေနဲ့ ဒီနှစ်သင်္ကြန်အတွက်ကိုတော့ ကျောင်းသားသမိုင်းနဲ့ မြန်မာပြည်သူလူထု သမိုင်းကြောင်းတွေကို ကျောရိုးတည်ပြီး မပါမဖြစ်တဲ့ ခေတ်စနစ်ရဲ့ အမြီးအမောက် မတည့်တာတွေ၊ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ် တာတွေကို သံချပ်ရေးစပ်ပြီး တက္ကသိုလ်ကျောင်းသား တွေနဲ့ ဖွဲ့ထားတဲ့ “ဒေါင်းတို့မျိုးဆက်” လို့ အမည်ပေးထားတဲ့ အဖွဲ့နဲ့ သင်္ကြန်ကားထွက်ပြီး သံချပ်ထိုးတာတွေ၊ ကတာတွေနဲ့ တင်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ဗီဒီယို သရုပ်ဆောင်နဲ့ လူရွှင်တော် ကိုမေတ္တာကလည်း “သတ္တိရှိကြသူများ” ဆိုတဲ့ သံချပ်အဖွဲ့နဲ့ သင်္ကြန်ကား ထွက်ဖို့ ပြင်ဆင် နေပြီး သံချပ်စာသားတွေကို အစိုးရကို တင်ဖို့ဆိုတာက ရက်လွန်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သင်္ကြန်သံချပ် အပေါ်မှာ စိစစ်တင်းကြပ်မှုတွေ လုပ်မယ်ဆိုတာကိုတော့ သူက သဘောမတွေ့ဘူး လို့ပြောပါတယ်။
“သင်္ကြန်သံချပ် ဆိုတာ တနှစ်တခါ အော်တာပါဗျာ၊ ပြုချင်ပြု ပြင်ချင်ပြင်၊ မပြုပြင်လည်းရတာပဲ၊ စိတ်ထားတွေ ကောင်းကြဖို့ ပြောတယ်ဗျာ၊ မကောင်းလို့လည်းရတာပဲ။ ဒီအပေါ်မှာ သူတို့အတွေ တားဆီးတယ် ဆိုကတည်းကိုက မဟုတ်သေးဘူးပေါ့ဗျာ။ စိတ်တွေက တားဆီးစရာကို မလိုတာ၊ ဖွင့်ထားပေးရမှာ၊ ဖွင့်ထားပေးမှ ပြုပြင်သင့်တာ ပြုပြင်လို့ရမှာ။ ဖွင့်ထားပေးလို့မှ လူတယောက်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားနေတာ အခြောက်တိုက်ကြီး ကလော်တုတ်တာ ဆဲတာဆိုရင်တော့ အရေးယူပေါ့ဗျာ၊ ကျနော်တို့က စနစ်ကို ပြုပြင်ပေးဖို့ပြောတာ။ ဒါကို နားလည် ခွင့်လွှတ်ပေးဖို့ ပြောတာ” လို့ ကိုမေတ္တာက ရှင်းပြပါတယ်။
“သတ္တိရှိသူများ” အဖွဲ့ရဲ့ သံချပ်ထဲမှာ ပညာရေး အကြောင်း၊ ယဉ်ကျေးလိမ္မာ သင်တန်းအကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ အလုပ်အကိုင်က ဘာလဲ၊ အခွင့်အလမ်းက ဘာလဲ ဆိုတဲ့ အကြောင်း၊ နောက်ပြီး ဧရာဝတီမြစ်ကြီးကိုတော့ ဒုက္ခမပေးပါနဲ့ ဆိုတဲ့ အကြောင်း အစရှိသည်ဖြင့် ပါမယ်လို့ သူက ဆက်ပြောပါတယ်။
“တိုင်းပြည်အတွက် အကျိုးရှိမယ့် ဗဟုသုတတွေ၊ နောက်ပြီးတော့ လူကြီးတယောက်က ပါးရိုက်မယ်ဆိုတဲ့ စကားမျိုးလေးတွေလည်း ပါမှာပေါ့” လို့ ကိုမေတ္တာက ဆိုပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက်၊ ၁၉၇၄ ခုနှစ်နောက်ပိုင်းက စပြီး ကန့်သတ်ချုပ်ချယ်မှု အမျိုးမျိုး လုပ်ခဲ့တာကြောင့် လူထုနဲ့ အဆက်ဖြတ်ခံခဲ့ရသလို၊ စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ လက်ထက်မှာလည်း အတာ သင်္ကြန် သံချပ်တွေ အမှောင်ချခံခဲ့ရပါတယ်။
ကိုမင်းကိုနိုင်က “အဓိကကတော့ စစ်အစိုးရ လက်ထက်မှာပေါ့ဗျာ၊ အမှောင်ချထားတာကိုး၊ မပြောရဘူး၊ မဆိုရဘူး၊ မကြည့်ရဘူး၊ နားမထောင်ရဘူး၊ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်း မပြုရဘူး ဆိုတဲ့ အခါကြတော့ အဲဒီမှာ သံချပ်က အထိရောက်ဆုံး နည်းလမ်းဖြစ်နေတော့ သံချပ်ကို ပိတ်ခဲ့တာပေါ့။ အခုတော့ ကျနော်တို့တွေလည်း ထောင်က ပြန်လွတ်လာတာနဲ့ အဲဒါကို စပြီးတော့လုပ်ကြတာပဲ။ ကျန်တဲ့ ကျနော်တို့ရဲ့ နောင်တော် ညီတော် တွေလည်း ကျိုးစား တင်ဆက်ကြတာပဲ” လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်လောက်ကစပြီး အတိုင်းအတာ တခုအထိ လွတ်လပ်မှုတွေ ရလာပေမယ့် အခုလို စိစစ်ဖို့ အစိုးရကို ကြိုတင် တင်ပြရမယ် ဆိုတာဟာ လူထုရင်ဖွင့်သံတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲလို့ သင်္ကြန်သံချပ်အဖွဲ့တွေက မှတ်ချက်ပေးကြပါတယ်။
မဆလ အစိုးရ ခေတ်ကတော့ သင်္ကြန်အသင်းတွေက မြို့နယ်အလိုက် မှတ်ပုံတင်ကြရတယ်လို့ မြန်မာနိုင်ငံက သံချပ်အဖွဲ့တွေ ထဲမှာ ထင်ရှားခဲ့တဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ကို တည်ထောင်ခဲ့သူ ဂန္တဝင်မောင်ဝိုင်း (ခ) မောင်မောင်နေဝင်းရဲ့ သားဖြစ်သူ ဦးမောင်မောင်ကျော်က မဆလခေတ် ရန်ကုန် သင်္ကြန်အကြောင်းကို ပြန်ရှင်းပြပါတယ်။
“မဆလ ခေတ်တုန်းက ခွင့်ပြုတာနဲ့ အခု ဦးသိန်းစိန် အစိုးရခေတ် ခွင့်ပြုတာနဲ့ဆိုရင် ဘက်မလိုက်ဘဲ ပြောရရင် ဒီဘက် ၂၀၁၂ ကစပြီး ပိုပြီးတော့ လွတ်လပ်လာတာကို တွေ့ရတယ်။ နောက်နှစ်တွေမှာဆိုရင် အစိုးရက ဒါတွေကို တင်းကြပ်မှုတွေ လျှော့ပြီး တဖြည်းဖြည်းနဲ့ ပေးသွားမယ်လို့တော့ ထင်ပါတယ်။ ဒါက သူတို့အနေနဲ့ဆိုရင်လည်း ခွင့်ပြုလောက်တဲ့ ကိစ္စလေ၊ ဒါဟာလည်း သူတို့အတွက် မျက်စိတွေနားတွေဖြစ်တဲ့ အတွက်ကြောင့် ရာဇပရိယာယ် ကြွယ်တဲ့ အစိုးရဆိုရင်တော့ ဆက်ပြီးတော့ လွတ်လပ်ခွင့်တွေ ပိုပေးသွားမယ်လို့ ကျနော်ထင်ပါတယ်” လို့ ကိုမောင်မောင်ကျော်က ပြောပါတယ်။
အဲ့ဒီအချိန်တုန်းက သံချပ်စာသားတွေ စိစစ်ရေးကို အရင်တင်ရသလို၊ ခွင့်ပြုထားတဲ့ သံချပ် စာသားတွေကို ပုံနှိပ်စက်တင်ပြီး ပုံနှိပ်ရကြောင်း၊ ပုံနှိပ်ပြီးသား စာအုပ်တွေကိုလည်း နောက်တခါ စိစစ်ရေးကော်မတီကို ပြန်ပြရပြီး ခွင့်ပြုချက်ရရှိပြီးသား သံချပ်ကို စိစစ်ရေးအဖွဲ့ရှေ့မှာ သံချပ်အဖွဲ့တွေက သံချပ်တိုက်ပြရတယ်လို့ ဆိုပါတယ်။ သင်္ကြန် အကြိုနေ့မှာလည်း စိစစ်ရေး ကော်မတီရှေ့မှာ ဝတ်စုံပြည့်ဝတ်ပြီး သွားရောက် အစစ်အဆေးခံ၊ ကျေနပ်မှုရှိမှ ပြိုင်ပွဲဝင်ခွင့် ပါမစ်ကို ထုတ်ပေးကြောင်း ရေသဘင်မဏ္ဍပ်မှာ ပြိုင်ပွဲဝင်ဖို့အတွက် ခွင့်ပြုချက်ပါမစ်ကို ထုတ်ပြရကြောင်း သိရပါတယ်။
“ကျနော့် အတွေ့အကြုံအရဆိုရင် ၁၉၇၈ လောက်ကစပြီး သင်္ကြန်သံချပ်တွေက ပိုပြီးတော့ တင်းကြပ်လာတာပေါ့၊ အဲ့ဒီတုန်းက များသောအားဖြင့် မြို့နယ်ကောင်စီတွေမှာရှိတဲ့ လုံခြုံစီမံဥက္ကဋ္ဌတွေက မဟာသင်္ကြန် ကြီးကြပ်ရေး ကော်မတီတွေကို ကိုင်တွယ်တာ များတယ်လေ။ မြို့နယ်တွေ အပေါ်မှာလည်း မူတည်တယ်ဗျ။ တချို့ မြို့နယ်တွေမှာ သင်္ကြန်ကို ချစ်တဲ့ အခါကြတော့ ပါတီကောင်စီပေမယ့်လည်း လူထုရဲ့ဆန္ဒကိုနားလည်တယ်။ ဥပမာ သင်္ဃန်းကျွန်း မြို့နယ်ဆိုရင် အင်မတန်ကောင်းတဲ့ မြို့နယ်ကောင်စီပေါ့။ တခြားမြို့နယ်တွေနဲ့ မတူဘူး။ ကျနော့်ဇာတိ တောင်ဥက္ကလာ ဆိုရင် အရမ်းညစ်တဲ့မြို့နယ်ထဲမှာပါတာပေါ့” လို့ ကိုမောင်မောင်ကျော်က ဆိုပါတယ်။
၁၉၇၀ ကျော်ကာလတွေမှာ ပြည်တော်ချစ် မင်းသားကြီး၊ ဆူးကြားမှ ဗူးခါး၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ အနန္တစွမ်းအားရှင်၊ ပြည်သူ့တရားရှင်၊ ပြီးပါပြီ၊ မောင်မောင်တို့အဖွဲ့၊ မဟာရန်ကုန် ၃၆၅၊ တောက်တီးတောက်တဲ့ စတဲ့ အဖွဲ့တွေဟာ လူကြိုက် များခဲ့ပြီး ထင်ရှားခဲ့တဲ့ သံချပ်အဖွဲ့တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
သင်္ကြန်ရယ်၊ သံချပ်ရယ်၊ လူထုရယ်က ဆက်စပ်နေတာကြောင့် အစိုးရအနေနဲ့ သင်္ကြန်သံချပ်တွေအပေါ်မှာ စိုးရိမ်စိတ်နဲ့ တင်းကြပ်မှုတွေဟာ မပြုလုပ်သင့်တော့ဘဲ လူထုအသံတွေကို ပြန်ပြီး နားထောင်သင့်တယ်လို့ “သတ္တိရှိသူများ” အဖွဲ့ရဲ့ ခေါင်းဆောင် ဦးမေတ္တာက ပြောပါတယ်။
“တနှစ်မှာ တခါ အဲဒီတခါမှမှ တနှစ်လုံးရဲ့ သတင်းတွေ၊ ဥပမာ ကျေးရွာတခုကို စစ်တပ်က ဝင်ပြီးသိမ်းလိုက်လို့ သမီးလေးကျေးရွာ ပြောင်တလင်းခါရတယ်၊ အဲဒါမျိုးဟာ သတင်းပဲ၊ ဒီအတိုင်းပဲ သံချပ်နဲ့ ပြည်သူဘက်က အော်ပေးရတာ၊ ထိုနည်းတူစွာပဲ ပြည်သူတွေဘက်က စည်းကမ်းမရှိလို့ ဖြစ်တာတွေကိုလည်း ဒါမဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုး မီးမောင်းထိုးပြောပြရမှာပဲ။ ထိုနည်းတူစွာပဲ မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကြီး ယိုယွင်းနေရင် မြန်မာလူမျိုးများ ဘယ်အချိန် ဘယ်ကာလရောက်ရင် ဘယ်လိုလူမျိုးတွေ ဖြစ်ကုန်မလဲ၊ အပြုသဘော ပြောတာလေးတွေရှိမှာပဲ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု သရုပ်ဖော်တဲ့ သံချပ်သည် နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး ဒါတွေက အကုန်လုံးဆက်နွယ်နေတာဗျ ခွဲလို့မရဘူး” လို့ ဦးမေတ္တာက ဆိုပါတယ်။
လွတ်လပ်တဲ့ ခေတ်စနစ်ကြီးထဲမှာ အကျင့်ပျက်ခြားစားနေတာတွေ၊ သမိုင်းကြောင်းတွေကို ပြန်ပြီးဖော်ထုတ် တာတွေ အမြီးအမောက်မတည့်တဲ့ လောကကြီးကို သံချပ်သမားတွေက သရော်တာဟာ ထုံစံဖြစ်ပြီး အစိုးရအနေနဲ့ စိုးရိမ်နေဖို့ မလိုဘူးလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
“ပြည်သူတွေ တနှစ်တာလုံး သိမ်းဆည်းထားခဲ့ရတဲ့ ခံစားချက်တွေရှိမယ်။ ပြောချင်ဆိုချင်ကြတဲ့ အကြောင်းအရာတွေ ရှိမယ်။ အဲဒါကို အနုပညာနဲ့ ပြန်ပြီးတော့ ဖော်ထုတ်ကြတာပေါ့။ အဲတော့ ပြည်သူ့ ရင်ဖွင့်သံပါပဲ။ ပြည်သူလူထုကို ကိုယ်စားပြုဖို့ပဲ လိုပါတယ်။ အုပ်ချုပ်တဲ့လူတွေရှိနေမယ် အာဏာသုံးရပ်ရှိနေမယ်၊ အဲဒီမှာ ပြည်သူတွေနဲ့ အမြဲတမ်း ရင်ဆိုင်ကြရတာရှိတယ်။ မတူတာတွေရှိတယ်၊ တူတာတွေရှိတယ်၊ အဲဒီတော့ ပြည်သူလူထုက ဘဝင်မကျ ထားတာလေး တနှစ်တာလုံး စုဆောင်းခဲ့သမျှ အကောင်းရော အဆိုးရော ပြောကြဆိုကြမှာပါ။ ပြည်သူ့ရင်ဖွင့်သ လို့ပဲ ပြောပရစေတော့” လို့ သံချပ်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပါတယ်။
မြန်မာ့ ရိုးရာ အတာသင်္ကြန်နဲ့ ခွဲထားလို့မရတဲ့ ပြည်သူတွေရဲ့ ရင်ဖွင့်သံ သံချပ်တွေအပေါ် ခေတ်အဆက်ဆက် အာဏာရှင် အဆက်ဆက်က ဖိနှိပ်မှုတွေ အမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ သင်္ကြန် သံချပ်သံတွေ ငြိမ်သက် ခဲ့ရပေမယ့် ဒီယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့အတွက် အစိုးရနဲ့ ပြည်သူတွေမှာ တာဝန်ရှိတယ်လို့လည်း သူက ဆက်ပြီးပြောပါတယ်။
“ဝတ်စား ဆင်ယင်မှု၊ ရေကစားတာတွေဟာ အပြောင်းအလဲ ရှိရင်ရှိလိမ့်မယ်။ ဒါပေမယ့် အနှစ်သာရဖြစ်တဲ့ သံချပ် ထိုးပြီးတော့ ရင်ဖွင့်တာ ပြည်သူတွေရဲ့ ဟစ်တိုင်၊ ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကိုတော့ မပျောက်ပျက်အောင် နံပတ်တစ် ထိန်းသိမ်း ရမှာပေါ့ဗျာ။ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ အပြင် ပိုပြီးတော့ ခေတ်နဲ့ လျှော်ညီအောင် ပြုပြင်ပြောင်းလဲပြီးတော့ ယူသွားမယ်ပေါ့၊ အနှစ်သာရကို မပျောက်ရဘူး၊ အရိုးကို အရွက်မဖုံးရဘူးပေါ့ဗျာ” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်အကြို ကာလတုန်းက ဧရာဝတီမှာ စာရေးဆရာ သစ္စာနီ ရေးထားတဲ့ “သံချပ် စစ် မစစ်၊ လူထုပဲ့တင်သံ ထပ် မထပ်” ဆိုတဲ့ ဆောင်းပါးမှာ ဆရာ သစ္စာနီ က “သင်္ကြန်၏ ဝိဉာဉ်သည် ပိတောက်ပန်းနှင့် သံချပ်ဖြစ်သည်။ သင်္ကြန်ဖြစ်ပါလျှက် ပိတောက်ပန်းရနံ့မရလျှင်၊ သံချပ်သံကလေးမှ မကြားရလျှင် သင်္ကြန်က အသက်မဝင်။ ဤအတိုင်းဆို သင်္ကြန်အသက်ဝိဉာဉ် ကင်းမဲ့နေသည်မှာ အနှစ်သုံးဆယ်ကျော် ခဲ့လေပြီ” ဆိုပြီး သင်္ကြန်မှာ သံချပ်ဟာ ဘယ်လောက်အရေးပါလဲဆိုတာ ဖော်ညွှန်း ထားပါတယ်။