သင်္ကြန်ရက် နီးလာချိန်တွင် နယ်စပ်ကုန် အဝင်အထွက် နှေးသွားခြင်း မရှိဘဲ ပုံမှန် အဝင်အထွက် ရှိနေကြောင်း မြဝတီနှင့် မူဆယ်မြို့များရှိ ကုန်သည်များက ပြောသည်။
တရုတ်နယ်စပ်၊ မူဆယ်လမ်းကြောင်း၌ ပို့ကုန်အနေဖြင့် ဂဏန်းနှင့် ငါးရှဥ့်များ တင်ပို့မှုများနေပြီး သစ်သီးဈေးနှုန်း ပုံမှန် ရှိသော်လည်း ရေထွက် ပစ္စည်းဈေးနှုန်း လျော့နည်းလာကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းလင်းစိုးက ဆိုသည်။
“ဒီဘက်မှာတော့ အရောင်းအဝယ်က ပုံမှန်လို့ ပြောလို့ ရပါတယ်၊ ဆန်ကတော့ နည်းနည်း ငြိမ်နေတယ်၊ အသီးက ပုံမှန်သွားနေပြီး ဈေလည်း မဆိုးဘူး၊ ဂဏန်းနဲ့ ငါးရှဥ့်ကတော့ ခုရက်ပိုင်း အကျဘက်ကို ရောက်နေတယ်၊ ဈေးလည်း သိပ်မရဘူး၊ တရုတ်ပြည်မှာ ပွဲတော်တွေ ရှိပြီး ပိတ်ရက်တွေများမှ ရောင်းကောင်းတယ်” ဟု ၎င်းက ပြောသည်။
သွင်းကုန်ပိုင်းတွင် သွင်းအားစု မြေသြဇာများ၊ လျှပ်စစ်ပစ္စည်းနှင့် အထည်အလိပ်များ ပုံမှန်ဝင်နေပြီး၊ သင်္ကြန်နီးလာသော ယခုရက်များ အတွင်း ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ၊ တရုတ်နိုင်ငံထုတ် သုံးဘီးဆိုင်ကယ်များ အဝင် သွက်လာသည်ဟု ဦးထွန်းလင်းစိုးက ပြောသည်။
“ဆိုင်ကယ်တွေတော့ ဟော့ နေတယ်၊ အပိုပစ္စည်းရောပေါ့။ နောက်တော့ သုံးဘီးဆိုင်ကယ်နဲ့ တရုတ်ထုတ် ဒေါင်ဖန်းကားလေးတွေ ဝင်နေတယ်၊ ကျေးလက်သုံး ကားပေါ့၊ သုံးတန်ကား၊ ငါးတန်ကားလို့ ခေါ်တယ်” ဟု ၎င်းက ပြောသည်။
နယ်စပ် ထွက်ပေါက်မှ ကုန်အဝင်အထွက် စီးဆင်းမှု ပုံမှန်သွားနေသော်လည်း လက်တလောရက်များတွင် တရုတ်ငွေဈေး အနည်းငယ် ကျနေသဖြင့် ပို့ကုန် တင်ပို့မှုပိုင်း အနည်းငယ် လျော့နေသည်ဟု မူဆယ်မြို့ အခြေစိုက် ကုန်သည် ဦးကြည်ဝင်းစိန်က ပြောသည်။
“သင်္ကြန်နီးတော့ နည်းနည်းတော့ ကျတာပေါ့၊ တရုတ်ငွေဈေး ကျတဲ့အတွက် နည်းနည်းတော့ ပါးတယ်” ဟု ၎င်းက ပြောသည်။
မူဆယ်နယ်စပ် ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ နယ်စပ်ထွက်ပေါက် အားလုံးတွင် အများဆုံး ကုန်သွယ်နိုင်သည့် ထွက်ပေါက်တခု ဖြစ်ကြောင်း သိရသည်။
ယခု ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန် ကုန်သွယ်မှုကို ကြည့်မည် ဆိုပါက မတ်လ၂၈ ရက် အထိ မူဆယ် ထွက်ပေါက်မှ အမေရိကန် ဒေါ်လာ ၃၄၂၇.၈၀၄ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန စာရင်းမှတ်တမ်းများ အရ သိရသည်။
ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူဆယ်ထွက်ပေါက်မှ အမေရိကန်ဒေါ်လာ ၂၇၀၇.၄၂၈ သန်း ရရှိခဲ့ရာ ယခုနှစ်တွင် ဒေါ်လာ ၇၂၀ သန်းကျော် ပိုမို ကုန်သွယ်နိုင်သည်ကို တွေ့ရသည်။
မူဆယ်ထွက်ပေါက်မှ ကုန်သွယ်မှု ပြုရာတွင် ထွက်ရှိသော စာရင်းများအရ ပို့ကုန်နှင့်သွင်းကုန် တန်ဖိုးတွင် ပို့ကုန်တန်ဖိုးက ပိုမိုများပြား ရရှိသည်ကို တွေ့ရသည်။
ပြီးခဲ့သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မတ်လ၂၈ ရက်အထိ နှစ်ချူပ် စာရင်းများ အရ ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ၂၁၇၀.၇၇၀ သန်း ရှိပြီး သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၁၂၅၇.၀၃၄သန်း ဖြစ်သည်။
ထိုင်းနယ်စပ် မြဝတီထွက်ပေါက်မှ ကုန်အဝင်အထွက် အခြေအနေမှာ ယခုရက်များတွင် ပုံမှန်တင်ပို့ နေကြောင်း၊ သွင်းကုန်များပြီး တင်ပို့ကုန် နည်းနေကြောင်း မြဝတီနယ်စပ် ကုန်သွယ်ရေးအသင်းမှ ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ပြောသည်။
“သင်္ကြန်နီးပေမယ့် အခုကတော့ သွားနေကြသေးတယ်၊ ၁၀ ရက် နောက်ပိုင်းလောက် ဆိုရင်တော့ ရပ်ကြမှာပါ၊ အရောင်းအဝယ်က မနှေးသေးပါဘူး၊ လက်ရှိက အဝင် ကုန်များနေတယ်၊ အထွက်ကုန် နည်းတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်သည့် ကုန်စည်များတွင် လျှပ်စစ်ပစ္စည်းများ အများဆုံး ဝင်ရောက်ကြောင်း၊ ပို့ကုန် အနေဖြင့် ရေထွက် ပစ္စည်းများ အများဆုံး တင်ပို့လျှက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေးဂိတ် ၁၄ ခု ရှိသည့် အထဲတွင် မူဆယ် ထွက်ပေါက်ပြီးလျှင် မြဝတီ ထွက်ပေါက်မှာ ကုန်သွယ်မှု ဒုတိယ အများဆုံး ထွက်ပေါက် ဖြစ်ကြောင်း သိရသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန စာရင်းများ အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မတ်လ၂၈ ရက် အထိ မြဝတီ ထွက်ပေါက်မှ ကုန်သွယ်မှု ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၂၆၈.၃၃၅ သန်း ရှိနေကြောင်း သိရသည်။ မူဆယ် ထွက်ပေါက်က သွင်းကုန်တန်ဖိုး ပိုမို ရရှိကြောင်း သိရသည်။
မြဝတီ ထွက်ပေါက်၏ ကုန်သွယ်မှု ပမာဏတွင် ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈.၃၃၆ သန်း ရရှိပြီး သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၂၁၉.၉၉၉ သန်း ဖြစ်သည်။
နယ်စပ် ကုန်သွယ်ရေးဂိတ်များတွင် တတိယ ကုန်သွယ်မှု အများဆုံးသည် မြိတ်ထွက်ပေါက် ကုန်သွယ်မှု ဖြစ်ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၉သန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။