ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် ရက်ပိုင်း အတွင်း ပြင်းထန် လာနိုင်ခြေရှိတဲ့ ဆန္ဒပြမှုတွေကို လိုအပ်ရင် တန်ပြန် ကိုင်တွယ်ဖို့ ထိုင်းစစ်တပ်က တပ်ခွဲ ၅၈ ခွဲ ဖြန့်ကျက်ပြီ အဆင့်သင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။
ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ(PDRC)ခေါင်းဆောင် ဆူထေ့ပ် ထပ်ဆူဗန်နဲ့ ရှပ်နီခေါင်းဆောင် ဂျာသူပွန် ပရွန်ပန်ကို ထောက်ခံသူတွေအကြား၊ အကြိတ်အနယ် အပြန်အလှန် ဆန္ဒပြမှုတွေက ဘန်ကောက်မြို့မှာ ကျယ် ကျယ်ပြန့်ပြန့်ဖြစ် လာပြီး လုံခြုံရေး ပြဿနာတွေကြောင့် ထိုင်းစစ်တပ် အရာရှိတွေအနေနဲ့ ဦးနှောက်ခြောက်ခဲ့ရတယ်လို့ ဒီနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဘုရင့်ကိုယ်ရံတော် တပ်မဟာ (၁) တပ်မှူးချုပ်အဖြစ် အသစ်ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ် အပီရတ် ခွန်ဆုန်ပေါင်က ဆန္ဒပြသူတွေစုရုံးတဲ့ ဘန်ကောက်မြို့ရဲ့ အဓိက နေရာတွေမှာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးရေး အခိုင်အမာ ရှိစေဖို့ တိုက်ရိုက် ကွပ်ကဲ သွားမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ငြိမ်ဝပ်ပိပြားရေး ဗဟို အုပ်ချုပ်ရေးဋ္ဌာနဆီက တပ်ဖြန့်ကျက်ချထားရမယ့် ညွှန်ကြားမှုကို စောင့်ဆိုင်းနေတယ်လို့ ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် အိမ်စောင့် အစိုးရ ဆန့်ကျင်ရေး လုပ်နေတဲ့ ရှပ်ဝါတွေကလည်း ဘန်ကောက်မြို့ အထင် ကရ နေရာတွေမှာ လနဲ့ချီပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်နေသလို၊ ရှပ်နီအဖွဲ့တွေကလည်း ဘန်ကောက်မြို့ရဲ့ အထင်ကရ နေရာ တွေမှာ အစိုးရ ထောက်ခံပွဲတွေ လုပ်နေကြပါတယ်။
မကြာသေးမီကလည်း ယင့်လတ် ရှင်နာဝပ် အစိုးရဆီက စပါးကြွေး ရလိုတဲ့အတွက် လယ်သမားတွေက ဘန်ကောက်မြို့မှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို ရှပ်နီနဲ့ ရှပ်ဝါ အုပ်စုတွေ အပြိုင်အဆိုင် ဆန္ဒပြမှုတွေနဲ့ တင်းမာမှုတွေက စိုးရိမ်ဖွယ် အခြေအနေတခုကို ဆိုက်ရောက် လာနေပြီလို့ သိရပါတယ်။
လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာ အခြေအနေတွေဟာ ပိုပြီး စိုးရိမ်ဖွယ်ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် စစ်တပ် ကလည်း တစုံတရာ ပြင်ဆင်ဖို့ လုပ်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လုံးဝ ကင်းလွတ်ခွင့်ရပြီး ပြည်တော်ပြန်ခွင့်ရမယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်း က တင်သွင်းခဲ့ရာမှ စပြီး အခုအထိ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေခဲ့တာပါ။
ယင့်လတ် ရှင်နာဝပ် အစိုးရ ဆန့်ကျင်ရေး ဒီမိုကရက် အမတ်ဟောင်း ဆူထေ့ပ် ထပ်ဆူဗန် ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့် လာခဲ့ပြီး ဘန်ကောက်မြို့ ပိတ်ဆို့ရေး ဆန္ဒပြမှုတွေကနေ အစိုးရ အဆောက်အအုံတွေ ပိတ်ပင်ခံရတဲ့ အခြေအနေမျိုးအထိ ဆိုက် ရောက်လာခဲ့ပါတယ်။
ဘန်ကောက်မြို့ ဆန္ဒပြမှုဖြစ်စဉ်တွေမှာ သေနတ်နဲ့ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များပြား လာခဲ့ပေမယ့် ထိုင်းစစ်တပ်ဟာ ဘယ်ဘက်ကိုမှ မပါခဲ့သယောင် နေခဲ့ပါတယ်။
ဒါပေမယ့် အခုလို အုပ်စု ၂ ခု တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာတော့ စစ်တပ်အနေနဲ့ မနေသာတော့ဘဲ အခုလို ပြင်ဆင်မှုတွေ လုပ်လာတာလို့ သိရပါတယ်။
တဖက်ကလည်း ဘန်ကောက်မြို့ ဆန္ဒပြမှုတွေကြောင့် တိုင်းပြည် စီးပွားရေးထိခိုက်လာတယ်ဆိုပြီး မကျေမနပ်ဖြစ်လာနေတဲ့ တတိယ အင်အားစုမျိုးလည်း ပေါ်ထွက်လာပါတယ်။
ဒါကြောင့် ထိုင်း စစ်တပ်အနေနဲ့ ဒီ တတိယ အင်အားစုရဲ့ ဆန္ဒအပေါ် ငဲ့ကွက်ပြီး ဝင်ရောက် ထိန်းသိမ်းမယ့် လက္ခဏာတွေ မြင် တွေ့ လာရတာဖြစ်တယ်လို့ ဆိုပါတယ်။