စစ်တပ်ပိုင်မြေအား ကျူးကျော် နေထိုင်ကြသည်ဟု ဆိုကာ ဖယ်ရှား ခံထားရသည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး ကျေးရွာသား များအား ကရင်ပြည်နယ်သို့ ဆက်မသွားကြဘဲ မိမိတို့ လာရာအရပ်သို့ ပြန်ရန် ကရင်ပြည်နယ် အစိုးရ အာဏာပိုင်များက ပြောဆိုကြောင်း သိရသည်။
သမီးကလေး ကျေးရွာသားများကို မြဝတီမြို့နယ် ကျောက်ခေတ် ကျေးရွာ၌ နေရာချ ထားပေးရန် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့က ဦးဆောင် ခေါ်ယူရာတွင် ပြည်နယ် အစိုးရက ခွင့်မပြုကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျနော်တို့ ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်၊ လောလောဆယ် DKBA က စီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်း တခုမှာ တည်းခိုနေကြတယ်၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပြန်သွားဖို့ အစီအစဉ် မရှိတော့ဘူး”ဟု အင်းပတီး ရွာခံ ကိုမျိုးမင်းထွန်းက ဧရာဝတီကို ပြောသည်။
လှည်းကူးမြို့နယ်ရှိ သမီးကလေးရွာ၊ အင်းပတီးနှင့် ကျေးရွာ တချို့မှ ဒေသခံ ၂၀၀ ဝန်းကျင်အား မြဝတီမြို့နယ်၊ ကျောက် ခေတ် ကျေးရွာ၌ နေရာချ ထားပေးရန် DKBA မှ ဗိုလ်မှူး စောစန်းအောင် ဦးဆောင်ပြီး ဧပြီလ ၂ ရက်က ခေါ်ဆောင်လာစဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အစပ် ဒုံသမိ တံတား၌ အာဏာပိုင်များ၏ တားဆီးခြင်းကို ခံခဲ့ရသည်။
ဒုက္ခသည်များအား ကရင်ပြည်နယ်သို့ ဆက်မသွားကြဘဲ မိမိတို့ လာရာအရပ်သို့ ပြန်သွားရန် အစိုးရ အာဏာပိုင်များက ပြော ဆိုကြောင်း၊ ဒုက္ခသည်များက ဘုရားဖူး သွားလိုကြောင်း၊ ဘုရားဖူးပြီးမှသာ ပြန်မည်ဟု ပြောဆိုကြသဖြင့် ဘုရားဖူးခွင့် ပြုကြောင်း သိရသည်။
“ကရင်ပြည်နယ်ထဲကို သွားခွင့် မပေးဘူး၊ ဘုရားဖူး သွားမယ် ပြောတာတောင် မွန်ပြည်နယ်က ဘုရားတွေက ပိုတန်ခိုးကြီး ပါတယ်၊ အဲဒီ ဘုရားတွေပဲ ဖူးလို့ ပြောတယ်၊ ဒါပေမယ့် ကရင်ပြည်နယ်ထဲက ဘုရားတွေလည်း ဖူးချင်ပါတယ်လို့ ပြောတော့မှ နောက်ဆုံး ဘုရားဖူးဖို့ ခွင့်ပြု ပေးထားတယ်”ဟု ဒုက္ခသည်များကို အတူ လိုက်ပါ ပို့ဆောင်ပေးသည့် သံဃာတော် တပါးက ဧရာဝတီ ကို မိန့်သည်။
ဒုက္ခသည်များသည် ကရင်ပြည်နယ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး ယခုအခါ ကော့ကရိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း တခု၌ ခေတ္တ တည်းခိုနေရကြာင်း သိရသည်။ သို့သော် မည်သို့ ဆက်လုပ်မည်ကို အတိအကျ မသိရသေးကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ရှိနေကြောင်း ဒုက္ခသည် တချို့က ပြောသည်။
ဒုက္ခသည်များအား မူလ နေရာသို့ ပြန်လည် ပို့ဆောင်ရန် ကရင်ပြည်နယ် အစိုးရ အဖွဲ့က DKBA အဖွဲ့နှင့် ညှိနှိုင်းထားကြောင်း၊ ငွေကြေး တချို့ ထောက်ပံ့ ပေးထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ် အတွင်း၌ ပြည်တွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေထိုင်ကြသူများအား ပြန်လည် နေရာချထားပေးရေး၊ တဘက် နိုင်ငံရှိ ဒုက္ခသည်များအား ပြန်လည် နေရာချထားပေးရေး တို့ကို ဆောင်ရွက်နေဆဲ ကာလတွင် ပြည်တွင်းမှ လူအုပ်စု လိုက် ပြောင်းရွှေ့ နေရာချထားရန် အခက်အခဲများ ရှိနိုင်ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
သမီးကလေး ကျေးရွာနှင့် အနီးရှိ ကျေးရွာတချို့အား ဖယ်ရှား ခံရပြီးနောက် ဒေသခံ ပြည်သူများသည် ပဲခူးမြို့ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ ဒုက္ခသည် စခန်းဖွင့်ပြီး နေထိုင်ခဲ့ကြသည်။ ယခုအခါ ယင်းဘုန်းတော်ကြီးကျောင်းအား အနီးတွင် တည်ဆောက်နေသည့် ဆည်စီမံကိန်း ဧရိယာနှင့် နီးစပ်သည်ဟု ဆိုကာ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ပြောင်းရမယ် ဆိုပြီး ညွှန်ကြားထားပေမယ့် နာမည်တွေ၊ စည်းတံဆိပ်တုံးတွေ၊ အတိအကျ မပါဘူး၊ ဆည်မြောင်း ဦးစီးဌာန ဆိုတာပဲ ပါတယ်”ဟု ပဲခူးမြို့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက ဧရာဝတီကို မိန့်သည်။
သမီးကလေး ကျေးရွာသားများအား မြဝတီ မြို့နယ် ကျောက်ခေတ်ရွာ၌ DKBA အဖွဲ့က ဦးဆောင်ပြီး နေရာ ချထားပေးမည် ဖြစ်ပြီး ပေ ၄၀ ၊ ပေ ၆၀ မြေကွက် အပိုင်ပေးမည် ဖြစ်ကြောင်း၊ မိမိတို့ နေအိမ်ကို မိမိတို့ အိမ်ဆောက်လုပ်ရမည် ဖြစ်ပြီး အိမ် ဆောက်နေစဉ် စားဝတ်နေရေးကို DKBA က တာဝန်ယူပေးမည်ဟု သမီးကလေး ကျေးရွာခံ ဦးဝင်းစိုးက ပြောသည်။
ယခု ပြောင်းရွှေ့လာကြသည့် ဒုက္ခသည်များ၏ ရေရှည် နေထိုင် စားသောက်ရေး အတွက် အလုပ်အကိုင် အခွင့်လမ်းများကို DKBA က ဖန်တီး ပေးသွားမည် ဖြစ်ကြောင်း၊ ဥယျာဉ်ခြံ လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် စီစဉ် ပေး မည်ဟု သိရသည်။
သမီးကလေး ကျေးရွာနှင့် အနီး ရွာတချို့မှ အိမ်ခြေ ၄၀၀ ဝန်းကျင်ကို တပ်မြေ ကျူးကျော်သည်ဟု ဆိုကာ ဖေဖော်ဝါရီလ လဆန်းပိုင်းက ဖယ်ရှား ခံထားရခြင်း ဖြစ်သည်။ ၎င်းတို့အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ရန်ကုန်-နေပြည်တော် လမ်းရှိ တနေရာတွင် နေရာ ချထားပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။
သို့သော် ယင်းမြေအား အပိုင်ပေးခြင်း မဟုတ်ဟု ဆိုသည့် အတွက် DKBA က ပေးသော နေရာ၌ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဦးဝင်းစိုးက ပြောသည်။
ယင်းသို့ ဖယ်ရှားခံရမှုကြောင့် အိမ်ခြေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး တချို့မှာ DKBA ဒေသသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။