အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် အစိုးရက ထုတ်ပေးမယ့် ချေးငွေကို ယခုလအတွင်း ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။
“ချေးငွေ ထပ်ချပေးဖို့က သူတို့ ညှိနေပါတယ်၊ တရားဝင်စာတော့ မထွက်သေးဘူး၊ အပေါ်မှာတော့ လုပ်နေပြီလို့တော့ ကြားပါတယ်၊ ချပေးဖို့ အစီအစဉ် ရှိပါတယ်၊ ဒီဧပြီထဲပဲ ချမှာပါ”ဟု SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။
အစိုးရက အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ချေးငွေကို ယခင်က အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနှင့် တကြိမ်လျှင် ကျပ် ၅ ဘီလီယံဖြင့် နှစ်ကြိမ် ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အစိုးရက SME အတွက် ချေးငွေများ ထုတ်ချေး ပေးနေသော်လည်း နိုင်ငံတွင်း လုပ်ငန်းများအတွက် ချေးငွေ ပံ့ပိုးပေးမှုသည် လုံလောက်ခြင်း မရှိသေးဘဲ များစွာ လိုအပ်နေသေးကြောင်း၊ ချေးငွေ ထုတ်ချေးရာတွင် ပွင့်လင်း မြင်သာမှု ရှိရန် အားနည်းနေဆဲ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
“ချေးတဲ့ ငွေတွေကို ဘယ်လို အခက်အခဲ ဖြစ်ရင် ၊ဘယ်လို အနေအထားရှိရင် ချေးမလဲ ဆိုတဲ့ ပြတ်ပြတ်သားသား ရှင်းလင်းချက်မျိုးတွေ လုပ်ပါ၊ ပြတ်ပြတ်သားသား ရှင်းလင်းချက် မဟုတ်တော့ ဥပမာ အိတ်ချုပ်လုပ်ငန်း တခု အရမ်း အောင်မြင်တယ်၊ သူ့မှာ ငွေရေးကြေးရေး အခက်အခဲ ရှိတယ် ဆိုပါတော့၊ သွားကြည့်ရင် မော်တာ ဘယ်နှကောင် ရှိသလဲ၊ ဒီမော်တာတွေက သေးနေတယ်၊ ဒီမော်တာက ကြီးနေတယ်၊ မော်တာနဲ့ပဲ ကြည့်ပြီးတော့ SME ချေးဖို့ ဆုံးဖြတ်တာလား၊ အလုပ်သမား ဘယ်နှယောက် ရှိသလဲ၊ နည်းတယ်၊ များတယ်၊ဘာကို ကြည့်ပြီး ချေးမလဲ ဆိုတဲ့ အခြေခံ စည်းမျဉ်းမှာ လူကိုကြည့်ပြီး ချေးတာ မဟုတ်ဘဲနဲ့ မူနဲ့ စနစ်တကျ ချေးတဲ့ဟာမျိုး လုပ်ဖို့လိုပါတယ်”ဟု ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အတွင်းရေးမှူး ဦးအေးလွင်က ဆိုသည်။
ယခု ချပေးမည့် အစီအစဉ်တွင် အတိုးနှုန်းမှာ ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးရန် ရှိသော်လည်း ငွေပမာဏ မည်မျှ ချပေးသွားမည်ကို မသိရှိရသေးကြောင်း ဒေါ်အေးအေးဝင်းက ပြောသည်။
အစိုးရက ယင်းသို့ ချေးငွေများ ထုတ်ချေးရာတွင် SME ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာမှ ထောက်ခံချက်ဖြင့် SMID ဘဏ် (အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ်) တခုတည်းမှ ထုတ်ချေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်များက အစိုးရ ချပေးသည့် ချေးငွေများ၌ ငွေကြေးပမာဏ အများဆုံး ထုတ်ချေးပေးခဲ့သည့် လုပ်ငန်းများမှာ စားသောက်ကုန် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
“ချေးငွေထုတ်ပေးတဲ့ လုပ်ငန်းတွေထဲမှာ စားသောက်ကုန်က အများဆုံးပဲ၊ ပမာဏ အများဆုံးဆို ကျပ်သိန်း ၅ ထောင်ထိ ထုတ်ချေး ပေးတယ်”ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
ချေးငွေ ရရှိသည့် လုပ်ငန်းများတွင် တိုင်းဒေသကြီး ပြည်နယ် ၉ ခုတို့မှ လုပ်ငန်းပေါင်း ၆၂ ခု ပါဝင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှ လုပ်ငန်း ၂၇ ခု ဖြင့် အများဆုံး ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ပေးသည့် အနေအထားတွင် ချေးငွေ လိုအပ်သူ များစွာ ရှိနေပြီး အစိုးရ အနေဖြင့် ချေးငွေ လုံလောက်စွာ ချပေးစရာ မရှိသည့် ကဏ္ဍနှင့် ပတ်သက်၍ ဦးအေးလွင်က “SME ချေးတဲ့ အပိုင်းတွေက ကမ္ဘာ့ဘဏ်က ရတဲ့ အကူအညီတို့ အခြား နိုင်ငံတွေက ရတဲ့ အကူညီတွေထဲကနေ ထုတ်ချေးပေးတဲ့ အနေအထားမှာ သူတို့အနေနဲ့ ချေးချင်သော် လည်း ပိုက်ဆံ နည်းနည်းပဲ ရတဲ့အတွက် ချေးလို့ အဆင်မပြေကြောင်း SME လုပ်ငန်း ကော်မတီ ဥက္ကဌ ဒုဝန်ကြီး ကိုယ်တိုင် ပြော သွားတာ ရှိပါတယ်၊ ရတဲ့ ပိုက်ဆံနည်းနည်းနဲ့ သူတို့ အတတ်နိုင်ဆုံး မျှတ ပေးရတယ် ဆိုတာမျိုး ပြောသွားတာပါ”ဟု ဆက်ပြော သည်။
ယင်းသို့သော အခြေအနေတွင် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသော SME ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချေးငွေ လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရန် လက်ရှိတွင် ကိုရီးယား၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့မှ အကူအညီများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
“ဒီနိုင်ငံတွေက လက်ရှိမှာ ဆာဗေး လုပ်နေတယ်၊ ပြီးတော့ ကျမတို့ဆီက ဘဏ်တွေရဲ့ Capacity ကို Supporting လုပ်နေတယ်ပေါ့၊ အဲဒီလို လုပ်တာတွေ ပြီးသွားပြီ၊ ဒီဘက်ကလည်း ဘဏ်တွေက ပြင်ဆင်စရာတွေ ပြင်ဆင် ပြီးသွားပြီ ဆိုရင်ပေါ့၊ သူတို့ အစိုးရကလည်း ဒီတိုင်းကြီး ချေးမှာ မဟုတ်ဘူး၊ သူတို့လည်း သူတို့ အစိုးရကို ပြန်တင်ပြီး G to G ချေးမှာ ဖြစ်တယ်”ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
SME များ ချေးငွေ အပေါ် နိုင်ငံတော်က တာဝန်ယူ အာမခံပေးမှု အခြေအနေနှင့် ပတ်သက်ပြီး UMFCCI ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက “နိုင်ငံခြားဘဏ်တွေ လာတယ်၊ သူတို့ကလည်း ငွေချေးဖို့မှာ နိုင်ငံတော်က အာမခံပေးတာမျိုး လိုတယ်၊ ဒါမှပဲ ချေးနိုင်မယ်ပေါ့၊ SME အများစုကလည်း ငွေဝင်လာရင် နည်းပညာက အလိုလို လိုက်လာလိမ့်မယ်၊ ဒါပေမယ့် ငွေအတွက်ကို နိုင်ငံတော်က သိပ် မပံ့ပိုးနိုင်တာရယ်၊ အခုထက်ထိ အဆင်မပြေသေးပါဘူး၊ နိုင်ငံခြားကလည်း ချေးချင်တယ်ဆိုတဲ့ အပိုင်းကလည်း နိုင်ငံတော်က အာမခံပေးဖို့ လိုပါတယ်၊ နိုင်ငံတော်ဘက်က ကြည့်မယ်ဆိုလည်း ဒါတွေကို သူက ဘယ်လို အာမခံမလဲပေါ့၊ ဒီ Risk (စွန့်စားမှု) ကို ဘယ်ယူချင်ပါ့မလဲ၊ ဒီလိုနဲ့ ဂျာအေးသူ့ အမေရိုက်နေတယ်” ဟု ပြောသည်။
ငွေကြေးနှင့် နည်းပညာ လိုအပ်ချက် များစွာဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ SMEသည် အာဆီယံ နိုင်ငံများ အတွင်း ကုန်စည်၊ ဝန်ဆောင်မှု၊ လုပ်သားဈေးကွက်နှင့် အရင်းအနှီးတို့ လွယ်ကူ လွတ်လပ်စွာ စီးဝင်ကြရတော့မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC တွင် ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း ရှိမည် မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။