လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် လူစုလူဝေးဖြင့် အကြမ်းဖက်သူ ၆ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း လှည်းကူးဈေးတွင် မိုးကာရေဖျင်ဆိုင် ဖွင့်လှစ်ရောင်းချသူ ကိုသက်ပိုင်ဦးနှင့် ဦးကိုကိုလေး၏ သားနှင့် တူများ လူငယ်ချင်း စကားများ ရန်ဖြစ်ကြရာမှ ကိုသက်ပိုင်ဦး၏ မျက်လုံးကို ဦးကိုကိုလေး၏ သားနှင့်တူများက ကတ်ကြေး ဖြင့်ထိုးခဲ့ပြီး ကိုသက်ပိုင်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖြစ်ပေါ်စေမည့် လူစုလူဝေးဖြင့် ဖျက်ဆီးမှု များ ရှိခဲ့ပြီး သက်ဆိုင်ရာ အချိန်မီ ထိန်းသိမ်းခဲ့ကြောင်း သိရှိရ သည်။
“ခံလိုက်ရတဲ့ ကိုသက်ပိုင်ဦးက ကျနော့် ကျောင်းနေဘက် သူငယ်ချင်းပါ။ နည်းပညာ တက္ကသိုလ်မှာ အတူတူ တက်ခဲ့ကြတဲ့သူပါ။ ဒီဖြစ်ပျက်ထဲမှာ ပါတဲ့ အစ္စလမ် ဘာသာဝင်တွေက တော်တော်ကို ရိုင်းကြလို့ ကျနော် မခံချင် ဖြစ်နေတာ” ဟု ဆူပူမှုတွင် ပါဝင်ခဲ့သည့် လှည်းကူးဒေသခံ လူငယ် တဦးက ဧရာဝတီကို ပြောသည်။
ပြစ်မှု ကျူးလွန်သူ တဦးကို လှည်းကူးဈေးဘေး ဗန်ဒါလမ်းရှိ “ဟူစင်” အအေးနှင့် ဆိုင်ထဲတွင် ဝှက်ထားသဖြင့် လူစု လူဝေးက တရားခံများကို ထုတ်ပေးရန် လာရောက်တောင်းဆိုခဲ့ပြီး မထုတ်ပေးသည့် အတွက် “ဟူစင်”အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
“စဖြစ်တဲ့ ဆိုင်တွေကို မဖျက်ဆီးပါဘူး။ “ဟူစင်” ဆိုင်ကလည်း ရန်ဖြစ်တဲ့ အထဲမှာပါတဲ့ ကောင်လေးနဲ့ ဆွေမျိုး မကင်းလို့ ဝှက်ထားတော့ မကျေနပ်တဲ့ လူအုပ်ကြီးက အတင်း လုပ်တော့တာပဲ။ နောက်ဆုံး ရဲအင်အားများစွာ ခြံရံပြီး ဒီကောင်လေး ကို ခေါ်သွားတဲ့ အခါမှာတောင် ခဲတွေနဲ့ ဝိုင်းပေါက်ကြတာ ရဲတွေလည်း ထိတာပဲ။ လူအုပ်ကြီးက ဆိုင်ထဲက ပစ္စည်းတွေကို အပြင်ထုတ်ပြီး ချိုးဖဲ့ ဖျက်ဆီးကြတယ်။ ဒါပေမယ့် ဘယ်ပစ္စည်းကိုမှ ယူသွားတာမျိုး မလုပ်ကြပါဘူး” ဟု လှည်းကူး ဒေသခံက ပြောသည်။
ယင်းနောက် လူအုပ်ကြီးက လှည်းကူးဈေး အနီးရှိ အစ္စလမ်ဘာသာရေးကျောင်းကို ဖျက်ဆီးရန် ကြိုးစားသည့် အတွက် ရဲအင်အားများစွာဖြင့် လုံခြုံရေး ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသည်ဟု သိရှိရသည်။
သက်ဆိုင်ရာက လူစုလူဝေးဖြင့် ဖျက်ဆီးရန် ကြိုးပမ်းမှုများကို အချိန်မီ တားဆီးထိန်းသိမ်းခဲ့ရာတွင် ရဲတပ်ဖွဲ့နှင့် လူစုလူဝေး ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လူအုပ်ကို ဖြိုခွင်းရသဖြင့် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ကျနော်တို့ ရောက်တော့ လူအုပ်ကြီးက တရာကျော်လောက် ရှိမယ်။ ကျနော်တို့ တားတော့ သူတို့က ကျနော်တို့ကို ပြန်ချတယ်။ ကျနော်တို့က ဒိုင်းတွေနဲ့ကာ၊ အရှေ့ကို တိုးပြီး လူစုခွဲတော့ သူတို့က ခဲတွေ၊ လေးခွတွေနဲ့ ပြန်ပစ် ကြတယ်။ ကျနော်တို့ဘက်လည်း ထိ၊ သူတို့ဘက်လည်း ထိမှာပဲဗျ။ ဒီနားက သူတွေရဲ့ အပြောအရတော့ ဒီလာ ဖျက်ဆီးကြတဲ့ သူတွေထဲမှာ လှည်းကူးမြို့နယ်ထဲက ဆိုင်ကယ် ကယ်ရီသမားတို့၊ ဒီအနီးနားည ရပ်ကွက်တွေမှာ နေကြတဲ့ သူတို့လည်း ပါတယ်။ တခြား သူတို့မသိတဲ့ ရွာတွေဘက်လို့ ထင်ရတဲ့ လူတွေလည်း ပါတယ်လို့ ပြောတယ်” ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်း တဦးက ဧရာဝတီကို ပြောသည်။
လူအုပ်ကြီးသည် လှည်းကူးဈေးနှင့် မလှမ်းမကမ်းတွင် အုပ်စုဖွဲ့ နေသည့် အတွက် ရဲတပ်ဖွဲ့များမှာ အသင့် အနေအထားဖြင့် လုံခြုံရေး တာဝန်ယူခဲ့ရပြီး ည ၁၀ နာရီ ဝန်းကျင်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ည ၆ နာရီမှ မနက် ၆ နာရီ အထိ ညမထွက်ရ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့သည်။
လှည်းကူးမြို့နယ်ဒေသခံ ဦးမြင့်သိန်းက “ဒီနေ့ (ဧပြီလ ၅ ရက်နေ့) မနက်ပိုင်းကတော့ နည်းနည်း ဆူချင်သလို ဖြစ်သေးတယ်။ ဒါပေမယ့် ရဲတွေက လှည်းကူးမြို့ရဲ့ အဝင်အထွက်မှာ အင်အားနဲ့ ပိတ်ထားတယ်။ တခြားရွာတွေ ဘက်ကလည်း တက်လာ ကြတယ်ဗျ။ ရဲတွေက မြို့ထဲကို အဝင် မခံတော့ဘူး။ နည်းနည်း အေးသလို ဖြစ်နေပေမယ့် ရန်စောင် နေကြတဲ့ ပုံစံတော့ ရှိသေးတယ်” ဟု ဧရာဝတီသို့ပြောသည်။
ဖမ်းဆီးထားသူ ၆ ဦးတွင် ဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ ကို ချိုးဖောက်မှုများဖြင့် သက်ဆိုင်ရာက အရေးယူထားကြောင်း သိရှိရသည်။