အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံကို သွားရောက် လည်ပတ်တော့မှာဖြစ်ပြီး ဂျာမနီနိုင်ငံက ချီးမြှင့်မယ့် Willy Brandt ဆုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အတော်ကို ကောင်းခဲ့တဲ့ ဥရောပနိုင်ငံထဲက ဓနအင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တိတိကျကျ ဆိုရရင်တော့ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဂျာမန် လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Fritz Werner တို့ဟာ အတော်ကို ဆက်ဆံရေး ကောင်းခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ Fritz Werner GmbH Company (FWG) ကို အနောက်ဂျာမနီ အစိုးရက ပိုင်ဆိုင်ခဲ့တာပါ။ ၁၉၅၃ မှာတော့ ဗိုလ်ချုပ်ကြီး နေဝင်း အပါအဝင် မြန်မာ့တပ်မတော်က အရာရှိကြီးတွေနဲ့ FWG တို့ဟာ ချိတ်ဆက်မိခဲ့ပါတယ်။ မြန်မာအရာရှိတွေဟာ အီတလီ ကုမ္ပဏီတခုနဲ့ လက်နက်ထုတ်ဖို့အတွက် ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂျာမနီနဲ့ကျမှ နှစ်ဖက်စလုံး ဆွေးနွေးမှုတွေ အောင်မြင်ခဲ့တာပါ။
ဒါကြောင့် မြန်မာ့တပ်မတော်မှာ အသုံးများခဲ့တဲ့ G3, G4 အော်တိုမက်တစ် ရိုင်ဖယ်တွေဟာ ဂျာမနီရဲ့ အကူအညီ ပံ့ပိုးမှုှုနဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်နဲ့ တရုတ်ဖြူတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ အချိန်မှာ မြန်မာ့တပ်မတော်ဟာ လက်နက်အကူအညီ နည်းပညာနဲ့ ထုတ်လုပ်မှုတွေကို အရေးတကြီး လိုအပ်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။
၁၉၆၀ မှာတော့ အနောက်ဂျာမနီက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့တပ်မတော်အကြားမှာ ပိုမို ခိုင်မာတဲ့ သဘောတူညီချက် ရခဲ့ပြီး နာမည်ကြီး G3 ရိုင်ဖယ်ကို စတင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလက်နက်တွေကို ထုတ်ဖို့အတွက် ပြည်၊ ဆင်တဲ စတဲ့နေရာတွေမှာ မြန်မာတပ်မတော်က လက် နက်စက်ရုံတွေ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၆၂ ခုနှစ်မတ်လမှာ အာဏာ သိမ်းပြီးနောက်ပိုင်းမှာ အနောက်ဂျာမနီက ပေးခဲ့တဲ့ စစ်လက်နက်ပစ္စည်း အထောက်အပံ့တွေ ခဲယမ်းမီးကျောက်တွေ အတော်များပြားခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ အာဏာရခဲ့တဲ့ ဦးနုအစိုးရကို ဖြုတ်ချခဲ့တာ၊ သမိုင်းဝင် ကျောင်းသားသမဂ္ဂကို ဗုံးခွဲခဲ့တာတွေကို ဂျာမနီအပါအဝင် အနောက်နိုင်ငံ အစိုးရတွေက ဘယ်သူမှ ပြစ်တင်ရှုံ့ချခြင်း မရှိခဲ့ပါဘူး။
အာဏာရှင် ဖြစ်လာတဲ့ ဦးနေဝင်းကတော့ အဲဒီ လက်နက်အကူအညီတွေကြောင့် ပိုပြီးတောင့်တင်း ခိုင်မာတဲ့ စစ်တပ်ကို တည်ဆောက်နိုင်ခဲ့သလို ပြည်တွင်းစစ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ကနေ ၁၉၈၈ အထိ အုပ်စိုးခဲ့တဲ့ အချိန်ကာလတွေမှာ အာဏာရှင် ဦးနေဝင်းဟာ ဒီ လက်နက် ခဲယမ်းမီးကျောက် အထောက်အပံ့တွေကြောင့် ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းရှင်လူ၊ အလုပ်သမား လယ်သမား၊ ပြည်သူလူထုတွေရဲ့ လမ်းပေါ်တက် ဆန္ဒပြခဲ့ အုံကြွခဲ့တာတွေကို သေသေချာချာ နှိမ်နှင်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ဖြိုခွင်းပြီးတဲ့ နောက်ပိုင်းမှာတော့ နိုင်ငံတကာကရော ကုလသမဂ္ဂကပါ အကြီးအကျယ် ပြစ်တင်ရှုံ့ချခဲ့တဲ့အတွက် FWG ရဲ့ လက်နက် အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အနောက်နိုင်ငံတွေက မြန်မာကိုပေးတဲ့ အထောက်အပံ့တွေကို ရပ်ဆိုင်းခဲ့ပြီး ဒဏ်ခတ်ပိတ် ဆို့ခဲ့ပါတယ်။ Fritz Werner နဲ့ ဦးနေဝင်းတို့ရဲ့ ချစ်ကြည်ရေးဟာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ချစ်ကြရတဲ့ ဘဝကို ရောက်သွားခဲ့ပါတယ်။
မဆလခေတ် တလျှောက်လုံးမှာ ဦးနေဝင်းဟာ ဂျာမနီကို အနားယူဖို့ မကြာခဏ သွားခဲ့ပါတယ်။ သွားခဲ့တဲ့ အခါတိုင်းမှာလည်း ဂျာမနီအစိုးရအပြင် FWG ကုမ္ပဏီက အကြီးအကဲတွေက အကြီးအကျယ် ဧည့်ခံပွဲတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ ဦးနေဝင်းနဲ့ သူရဲ့ ဧည့်သည်တော်တွေအတွက် ဟိုတယ်ရဲ့ အထပ်တထပ်လုံးကို သုံးဖို့ပေးထားတဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။
ဦးနေဝင်းကလည်း (မြန်မာခေါင်းဆောင်တွေရဲ့ ထုံးစံအတိုင်း) အပြန်အလှန် ကျေးဇူးတုံ့ပြန်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဂျာမနီမှာရှိတဲ့ Geisenheim ဆိုတဲ့ မြို့ငယ်လေးမှာ မြန်မာပုံစံအတိုင်း ဆောက်ထားတဲ့ အိမ်လေးတလုံးရှိပါတယ်။ အဲဒီအိမ်လေးကို မေတ္တာပေါင်းကူးဗိမာန်လို့ အမှတ်တရ ခေါ်တွင်ခဲ့ပြီး ဦးနေဝင်းက FWG ကို ၁၉၇၁ ခုနှစ်မှာ ဆောက်လုပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို မန်းအောင်လွင်က ဧရာဝတီ ဝက်ဘ်ဆိုက်မှာ ရေးသား ထားပါတယ်။
၁၉၈၈ နောက်ပိုင်း FWG ဟာ အနောက်ကို အသာလျှိုပြီး နေခဲ့ရပေမယ့် ဂျာမန်နဲ့ မြန်မာစစ် အစိုးရတို့ရဲ့ ဆက်ဆံရေးဟာ လုံးဝပြတ်သွားခဲ့တာ မဟုတ်ပါဘူး။ ဂျာမနီအစိုးရက စစ်အစိုးရနဲ့ ပြန်လည်ပြီး ပူပေါင်းရမယ်၊ ဆက်သွယ်ရမယ်ဆိုတဲ့ ဖက်ကိုပိုပြီး ယိမ်းတာဖြစ်ပါတယ်။ ဒီ Engagement policy အောက်မှာ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့ ဂျာမနီရဲ့ ရည်ရွယ်ချက်က အရင်းခံ အဓိကလို့ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဂျာမနီရဲ့ လူ့အခွင့်အရေးကော်မရှင်က ဒေါက်တာ Markus Loening မြန်မာပြည်ကို လည်ပြီး နောက်ပိုင်း Financial Times သတင်းစာကြီးမှာ ရေးခဲ့တာကတော့ မြန်မာလူ့အဖွဲ့ အစည်းနဲ့ “Intelligent dialogue” ပြုလုပ်ရေးပဲ ဖြစ်တယ်လို့ ရေးခဲ့ပါတယ်။ အဲဒီတုန်းက ဂျာမနီရဲ့ မြန်မာစစ်အစိုးရအပေါ် ထားတဲ့ Policy က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သူတို့ဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တခြား အတိုက်အခံအဖွဲ့တွေတန်းတူ ဆက်ဆံရမယ် ဆိုတဲ့ သဘောထားကို ၂၀၁၁ မှာ ဥရောပ သမဂ္ဂ သံအမတ်တွေပြုလုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေးတခုမှာ တင်ပြခဲ့ပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အခြားအတိုက်ခံတွေနဲ့ တွေ့တဲ့အခါ အတူတူတွေ့ပြီးတော့ သဘောထား တမျိုးထားပြီးတော့ ဆက်ဆံရမယ်ဆိုတဲ့ သဘောမျိုးကို ဂျာမဏီ သံရုံးက တင်ပြတာ ဖြစ်ပါတယ်။ ဒါကို မကျေနပ်တဲ့ သံအမတ်တဦးက ဒီသတင်းကို ဧရာဝတီကို ဖောက်သည်ချခဲ့လို့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။
တကယ်တော့ မြန်မာအတိုက်အခံတွေနဲ့ တိုးတက်ပွင့်လင်းတဲ့ အမြင်ရှိတဲ့သူတွေ စစ်အစိုးရကို အကြည်အညို လုံးဝပျောက်နေတဲ့ သူတွေရဲ့အကြား လူ့အခွင့်အရေး အဖွဲ့တွေကြားမှာတော့ ရန်ကုန်အခြေစိုက် ဂျာမန်သံရုံးရဲ့ Policy အပေါ် အမြင်တော့ ကြည်ကြည်လင်လင် ရှိခဲ့ကြတာ မဟုတ်ပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ လွတ်လာချိန်မှာ သံတမန် အသိုင်းအဝိုင်းက သူ့ကို တွေ့ဆုံ ချဉ်းကပ်ကြချိန်မှာ အနောက်အုပ်စုတွေထဲမှာ ဂျာမန်သံရုံးနဲ့တော့ ဆက်ဆံရေး ထစ်ငေါ့မှုရှိတယ်ဆိုတဲ့ အသံတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ (သံအမတ် ပြောင်းသွားပြီး နောက်ပိုင်း) ဆက်ဆံရေး ပိုပြီး ပြေပြစ်လာတယ်လို့ အတိုက်အခံ သတင်းရပ်ကွက်က ဆိုပါတယ်။ ဒါကြောင့်လည်း ဒီခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့ပြီး ဂျာမနီဖက်ကလည်း ဖိတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည် တံခါးပွင့်လာပြီးနောက်ပိုင်း ဂျာမနီရဲ့ မြန်မာပြည်နဲ့ ဆက်ဆံရေးဟာ တိုးမြှင့်လာခဲ့ပြီး မကြာခင်ကပဲ ဂျာမန်သမ္မတ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။
ဂျာမနီနဲ့ မြန်မာအကြားမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာနိုင်သလို တခြားပူး ပေါင်းဆောင်ရွက်မှုတွေ၊ ဆက်သွယ်မှုတွေလည်း အများအပြား ရှိလာနိုင်ပါတယ်။ အခြားနယ်ပယ်တွေမှာလဲ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်သွယ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် Fritz Werner နဲ့ အာဏာရှင် ဦးနေဝင်းရဲ့ ဆက်သွယ်မှုမျိုးတော့ ထပ်မလိုတော့ဘူးလို့ပဲ ပြောပါရစေ။