၂၀၁၄ သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့က လူငယ်များ စိတ်အားထက်သန်စွာ ပြင်ဆင်နေကြပြီဖြစ်ပြီး ယခုနှစ် သင်္ကြန် ပွဲတော် သည် ရေကစားမဏ္ဍပ် ပိုများသည့်အတွက် စည်ကားသော သင်္ကြန်ပွဲတော်တခု ဖြစ်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
“မတ်လ အလယ်ပိုင်းလောက် ကတည်းက ကျမနဲ့သူငယ်ချင်းတွေက သင်္ကြန်အတွက် အဝတ်အစား အသစ်တွေနဲ့ မဏ္ဍပ်လက်မှတ် တွေ ဝယ်ပြီးပြင်ဆင် နေကြပြီ၊ သင်္ကြန်မှာ ရေကစားပြီးရင် နှစ်ဟောင်းက ပင်ပန်းမှုတွေ အားလုံးပျောက်ကုန်တယ်”ဟု ရန်ကုန် မြို့တွင် နေထိုင်သည့် အသက် ၂၀ အရွယ် မဆုပြည့်ဟန်နီ က ပြောသည်။
မန္တလေးမြို့မှ အသက် ၁၉ နှစ် အရွယ် မောင်ဝေယံလင်းကလည်း သင်္ကြန်ကာလ ၂ ရက် မဏ္ဍပ်ထိုင် ရေကစားမည်ဖြစ်ပြီး ကျန် ရက် များကို ဆိုင်ကယ်နှင့် ရေပက်ခံ ထွက်မည် ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်တွင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရေကစားရ သည် ကို နှစ်ခြိုက်ကြောင်း ပြောဆိုသည်။
“ကျနော်တကယ် စိတ်လှုပ်ရှားနေပါတယ်၊ သင်္ကြန်တီးလုံးနဲ့ သီချင်းသံတွေ ကြားလိုက်တာနဲ့ ကျနော် က ချင်လာတယ်”ဟု မောင် ဝေယံလင်း က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးမျိုးလွင်က ယခုနှစ် သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်ကြီး ၅၇ ခုနှင့် မဏ္ဍပ်ငယ် ၃၆ ခု၊ စုစုပေါင်းမဏ္ဍပ် ၉၃ ခု ဆောက်လုပ်ခွင့် ချပေးထားကြောင်း၊ ယမန်နှစ်က မဏ္ဍပ်ကြီး ၃၄ ခုနှင့် မဏ္ဍပ်ငယ် ၇ ခု၊ စုစုပေါင်း မဏ္ဍပ် ၄၁ ခု သာ ဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် ယခုနှစ်သင်္ကြန်တွင် ရေကစားမဏ္ဍပ် ပိုမိုများပြားကြောင်း ပြောဆိုသည်။
“ပြည်သူတွေ ရေကစားနိုင်ဖို့ မဏ္ဍပ်တွေ ဒီနှစ် ပိုများလာပါတယ်”ဟု ဦးမျိုးလွင်က ဆိုသည်။
ယမန်နှစ်က ပဋိပက္ခများကြောင့် လုံခြုံရေး စိတ်ပူသဖြင့် ပြည်သူတချို့ သင်္ကြန်ကာလ နေအိမ်တွင် အချိန်ဖြုန်းခဲ့ကြသည်။ ယမန်နှစ် သင်္ကြန်ပွဲတော် မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင်မြန်မာ နိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၌ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး ရန်ကုန်မြို့သို့လည်း မငြိမ်သက်မှုများ ကူးစက်လာမည်ကို စိုးရိမ်မှုများ ရှိခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ဖြစ်ပွားခဲ့သော X2O ရေကစားမဏ္ဍပ် ဗုံးခွဲတိုက်ခိုက်မှုကဲ့သို့ ရေကစားမဏ္ဍပ်များ ဗုံးခွဲ တိုက်ခိုက် မည် ကို ပြည်သူတချို့ စိုးရိမ်ခဲ့ကြသော်လည်း ယမန်နှစ် သင်္ကြန်ပွဲ တော်သည် အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့သည်။
X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုလည်းဖြစ်ခဲ့ပြီး ထိုအချိန်မှစ၍ အစိုးရက မဏ္ဍပ်ဆောက်လုပ်သူများကို လုံခြုံ ရေးကင်မရာ အနည်းဆုံး ၄ လုံး ထားရှိရန်နှင့် ကိုယ်ပိုင်လုံခြုံရေးများ ငှားရမ်းထားရှိရန် အမိန့်ထုတ်ခဲ့သည်။
ဦးမျိုးလွင်က “မနှစ်တုန်းက ကောလာဟလ သတင်းတွေကြောင့် ကန်တော်ကြီးနားက မဏ္ဍပ်တွေမှာ လူမပြည့်ဘူး၊ ဒီနှစ်တော့ ကောလာဟလတွေလည်း မရှိဘူး၊ ဒါကြောင့် ရန်ကုန် သင်္ကြန်ပွဲတော်က အရင်နှစ်ထက် ပိုစည်ကားမယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။
ယခုနှစ် သင်္ကြန်အတွက် ရေကစားမဏ္ဍပ်များ ကြိုတင် ဆောက်လုပ်နေကြပြီဖြစ်ရာ Black Culture ရေကစား မဏ္ဍပ်ကို တာဝန်ယူ တည်ဆောက်နေသည့် ကိုအောင်မြတ်ဖြိုးက သင်္ကြန်ရက်များ အားလုံးတွင် ရေကစားရန်အတွက် လက်မှတ်တစောင်လျှင် ကျပ် ၃၇၀ဝ၀ ကျသင့်ကြောင်း၊ ထိုငွေထဲတွင် နေ့လယ်စာ ပါဝင်မည်ဟု ပြောပြသည်။
ပေ ၁၂၀ ရှည်ပြီး လူ ၁၅၀ဝ ခန့် ရေကစားနိုင်သည့် မဏ္ဍပ်တခု၏ ကုန်ကျစရိတ်သည် ကျပ် သိန်း ၄၀ဝ ခန့်ရှိပြီး ထိုအထဲတွင် မဏ္ဍပ်အလှအပ ဆင်ယင်မှု၊ လုံခြုံရေး ကင်မရာများနှင့် လုံခြုံရေး အစောင့်များအတွက် ကုန်ကျစရိတ် မပါဝင်ပေ။ မဏ္ဍပ်ကြီး တခု တည် ဆောက်ရန် အချိန် ၅ ရက်မှ ၈ ရက်အထိ ကြာမြင့်နိုင်ပြီး မဏ္ဍပ်ဦးစီးပြုလုပ်သူက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့ စပေါ်ငွေ ၇၅ သိန်း တင်ရသည်။ အကယ်၍ ညနေ ၆နာရီထက် ကျော်လွန်ရေကစားခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်း စသည့် ဥပဒေ ချိုးဖောက်မှုများတွေ့ရှိခဲ့လျှင် အဆိုပါ စပေါ်ငွေ ပြန်ရတော့မည် မဟုတ်ပေ။
“မဏ္ဍပ်လုပ်တာက အမြတ်မရပေမယ့် ကျနော် တို့ ဖန်တီးထားတဲ့ စင်မြင့်ရဲ့ အငွေ့အသက်ကို ကျနော် သဘောကျတယ်၊ ပထမ ဒီနေရာမှာ ဘာမှမရှိဘူး၊ ဒါပေမယ့် သင်္ကြန်ရောက်တဲ့အခါ မဏ္ဍပ်က အလှအပ အပြင်အဆင်တွေနဲ့ မီးရောင်တွေ ရှိလာတယ်၊ စင်ပေါ်မှာ လူတွေ က နေကြတယ်၊ တကယ်ကို အံ့အားသင့်စရာ ကောင်းပါတယ်”ဟု ကိုအောင်မြတ်ဖြိုးက ပြောသည်။
ငွေကြေးကုန်ကျမှု၊ တာဝန်ခံရမှုများနှင့်မဏ္ဍပ်တခု တည်ဆောက်ရခြင်းသည် စိတ်ရှုပ်စရာကောင်းလှသော်လည်း ကိုအောင်မြတ်ဖြိုးက စိုးရိမ်မှုနည်းပါးစွာဖြင့် သင်္ကြန်ကိုပျော်ရွှင်စွာ ဖြတ်သန်းလိုသည်ဟု ဆိုသည်။
“လူတိုင်း သင်္ကြန်မှာ ပျော်ချင်ကြတယ်၊ တကယ်လို့ စိုးရိမ်မှုတွေ နည်းမယ်ဆိုရင်၊ လူတွေ ပိုပျော်ကြလိမ့်မယ်”ဟုလည်း ကိုအောင်မြတ်ဖြိုးက ပြောဆိုသည်။