Ethnic Issues

တိုင်းရင်းသား အဖွဲ့များ လက်နက် မကိုင်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

This article has been converted from Zawgyi One to Unicode

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်မှ လွဲ၍ တိုင်းရင်းသား အဖွဲ့များ အပါအဝင် မည်သည့် အဖွဲ့အစည်းမဆို လက်နက် မကိုင်သင့်ကြောင်း ပြောဆိုလိုက်သည်။

နိုင်ငံတခုတွင် တပ်မတော်တရပ်နှင့် ရဲတပ်ဖွဲ့သာရှိသင့်ကြောင်း၊ ကျန်သည့်အဖွဲ့များ လက်နက် မကိုင်သင့်ကြောင်း၊ ဒီမိုကရေစီ တည်ဆောက်ရန် အတွက် အကြမ်းဖက်လမ်းစဉ် မသုံးသင့်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ကြောင်း ကာချုပ်မင်းအောင်လှိုင်နှင့် ဧပြီလ ၆ ရက်နေ့ ရှမ်းပြည်နယ်တွင် တွေ့ဆုံခွင့်ရခဲ့သူ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP-SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဧရာဝတီ သို့ ပြောသည်။

“သူပြောထားတဲ့ သဘောကတော့ တိုင်းရင်းသားတွေ လက်နက် မကိုင်ဖို့ပါဘဲ၊ ကျနော်တို့အနေနဲ့ကတော့ လက်နက်ချဖို့ အချိန် မကျ သေးဘူး၊ လာတဲ့ သဘောကလည်း တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ပိုရင်းနှီးချင်လို့ပါ”ဟု ဦးစိုင်းလ က ဆိုသည်။

ကာချုပ်မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သော SSPP-SSA၊ ‘ ဝ ‘ ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSA) တို့နှင့် ယမန်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ ၂၇ ဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။

ကာချုပ်မင်းအောင်လှိုင်သည်  တပ်မတော်မူ ၆ ချက်ဖြစ်သည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ်တွင် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်မှုတို့တွင် လိုက်ပါဆောင်ရွက်ရန် ဟူသော အချက်များကို တိုင်းရင်းသားအဖွဲ့များကို ချပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြီး တပ်မတော်အနေဖြင့် ဒီမိုကရေစီ နိုင်ငံကို လိုလားကြောင်း၊ ငြိမ်းချမ်းရေး ကိုလည်း လိုလားကြောင်း၊ ပြည်သူသည် မိဘဖြစ်သကဲ့သို့ တိုင်းရင်းသား အားလုံး သည်လည်း မိသားစု များပင်ဖြစ်၍ ပြည်သူ ထိခိုက် နစ်နာမှု မရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကိုလည်း မျိုးဆက်သစ်များအား လေ့ကျင့် သင်ကြားပေးရန် လိုကြောင်း တို့ကိုလည်း ပြောကြားသွားသည်ဟု သိရသည်။

ယခုတွေ့ဆုံမှုသည် ကြိုတင်ပြင်ဆင်မှု မရှိ၍ SSPP-SSA ဘက်မှ အခြား တပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာများကို တင်ပြဆွေးနွေးမှုမပြုလုပ်နိုင်ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလ ကပြောဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုလားဘူး၊ တည်ဆဲ ဥပဒေ အတိုင်း လုပ်ဆောင်သွားရမယ် ဆိုတာတွေ လက်မခံဘူး၊ ကျန်တဲ့ အချက်တွေကိုတော့ ဘာမှမပြောလိုဘူး”ဟု ဗိုလ်မှူးစိုင်းလက ဆိုသည်။

ယမန်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က SSPP-SSA ၊ UWSA တို့နှင့် တွေ့ဆုံနေချိန် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ တွင်လည်း အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေးနေကြသည်။

 

Loading