အာရှ ဒေသတွင်းမှာ ခရိုင်းမီးယား ပြဿနာပုံစံမျိုး မလုပ်ဖို့ တရုတ် နိုင်ငံကို အမေရိကန်က သတိ ပေးလိုက်ပါတယ်။
အမေရိကန်က အာရှမဟာမိတ် နိုင်ငံတွေကို အကာအကွယ် ပေးမယ်ဆိုတဲ့ ကတိကဝတ် ထားရှိမှုကို တရုတ်နိုင်ငံက သံသယ ဖြစ်စရာ မလိုကြောင်း၊ ရုရှားနိုင်ငံက ခရိုင်းမီးယားကို နိုင်ငံပိုင် နယ်နိမိတ် လုပ်ယူသလို တရုတ်နိုင်ငံ အနေနဲ့ အာရှဒေသ အတွင်း နယ်မြေပိုင်ဆိုင်မှု အတွက် အင်အားသုံးမယ်ဆိုရင် စီးပွားရေးအရ တုံ့ပြန်အရေးယူမှုနဲ့ ဟန့်တားသွားမှာဖြစ်ကြောင်း အမေရိကန် ထိပ်တန်း အရာရှိ တဦးက ဧပြီ ၃ ရက်က ပြောခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဘားရက် အိုဘားမားရဲ့ အရှေ့အာရှ ဒေသဆိုင်ရာ ခန့်အပ် တာဝန်ပေးခံရသူ သံတမန် ဒန်နီရယ်ရပ်ဆဲလ်က တရုတ် ရဲ့ ရည်ရွယ်ချက်က ဘာတွေဆိုတာ သုံးသပ်ရ ခက်ခဲတယ်လို့ Reuters သတင်းမှာ ဆက်လက် ဖော်ပြ ထားပါတယ်။
ဒါပေမယ့် ယူကရိန်း နိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို ရုရှားရဲ့ နယ်မြေပိုင် လုပ်ခဲ့တာကြောင့် အာရှ ဒေသက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ကြားမှာ တရုတ် က အလားတူ တောင်းဆိုမှုတွေ ဖန်တီးပြီး အင်အား သုံးလာမယ့် အလားအလာတွေ ကို စိုးရိမ်မှုတွေ မြင့်တက်စေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
“တရုတ်နိုင်ငံက ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ ကတိပြုထားခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့အတွက် ဖိအားပိုပေးဖို့ပါပဲ”လို့ အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရပ်ဆဲလ်က အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကို ပြောဆိုခဲ့ပါတယ်။
ယူကရိန်း နိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို ယူကရိန်း နိုင်ငံက ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းရေးအတွက် ခရိုင်းမီးယား ဒေသခံ ရုရှားလိုလားသူတွေက လူထုဆန္ဒခံယူပွဲ လုပ်ခဲ့ပြီး အတည်ပြုခဲ့ပါတယ်။ ယူကရိန်း နိုင်ငံက ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းရေးအဆို အနိုင် ရပြီး ခရိုင်းမီးယား ပါလီမန်နဲ့ ခေါင်းဆောင်တွေက သမ္မတ ပူတင်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က စာချုပ်လက်မှတ် ရေးထိုးပြီး ခရိုင်းမီယားဟာ ရုရှားရဲ့ နယ်နိမိတ် ဖြစ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ တဆက်တည်းမှာပဲ ခရိုင်းမီးယား ဒေသကို ရုရှားတပ်တွေ ဝင်ရောက် နေရာယူပြီး ယူကရိန်း အလံတွေ အစား ရုရှားအလံတွေ ကိုလည်း စိုက်ထူခဲ့ပါတယ်။
အမေရိကန်၊ ဥရောပ သမဂ္ဂတို့က သတိပေး တားမြစ်နေတဲ့ကြားက ခရိုင်းမီးယား အရေးမှာ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာကို ရုရှား က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလည်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒီအတွက် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ရပ်ဆဲလ်က အမေရိကန်၊ ဥရောပ သမဂ္ဂတို့ အနေနဲ့ ခရိုင်းမီးယား ဒေသကို ရုရှားက နယ်မြေပိုင် ပြုလုပ်တဲ့ အတွက် ရုရှားနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှု လုပ်လိုက်ခြင်းဟာ နမူနာ တခုအဖြစ် တရုတ်နိုင်ငံကိုလည်း သတိပေးရာ ရောက်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ဒါဟာ အမေရိကန်နိုင်ငံ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး အပြန်အလှန် အမှီသဟဲ ဖြစ်နေမှုကို ကြီးကြီးမားမား သက်ရောက်စေမှာ ဖြစ်တယ်လို့ ရပ်ဆဲလ်က ပြောဆိုပါတယ်။
“အမေရိကန် သမ္မတ အိုဘားမားနဲ့ အစိုးရ အဖွဲ့ဟာ ကျနော်တို့ရဲ့ မဟာမိတ်တွေအပေါ် အခိုင်အမာ ကာကွယ်ပေးဖို့ ကတိပြုပြီး သား ဖြစ်ပါတယ်”လို့ ရပ်ဆဲလ်က ပြောပါတယ်။
အမေရိကန်က ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား နိုင်ငံတွေနဲ့ ကာကွယ်ရေး သဘောတူမှုတွေ ရှိထားသလို ငြိမ်းချမ်းစွာ အဖြေရှာမှု မလုပ်ဘဲ ဘယ်လို အကြောင်းပြချက်နဲ့မှ ယှဉ်ပြိုင် နယ်မြေ ခွဲထွက်ခွင့် တောင်းဆိုမှုတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံကို စွဲဆိုထားတဲ့ အမှုတခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က “သဟိဂ်” နိုင်ငံတကာ ခုံရုံးမှာ တရားစွဲဆို ခဲ့ တာ ဟာ တရုတ်နိုင်ငံကို ပိုပြီး သိသာ ရှင်းလင်းအောင် အသိပေးလိုက်တာ ဖြစ်တယ်လို့ ရပ်ဆဲလ်က ဆက်ပြောပါတယ်။
တောင်တရုတ် ပင်လယ်ထဲမှာ ဖိလစ်ပိုင်နိုင်ငံနဲ့ သူပိုင်၊ ငါပိုင် အငြင်းပွားနေတဲ့ နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သင်္ဘောတွေနဲ့ အင်အားသုံး စစ်ရေးပြမှုကို တရုတ်နိုင်ငံက မကြာမီက လုပ်ဆောင်ခဲ့လို့ သူက အခုလို သတိပေး ပြောဆိုတာလည်း ဖြစ်ပါတယ်။
သမ္မတ အိုဘားမားက အမေရိကန်ရဲ့ အာရှပစိဖိတ် ဒေသ ဗဟိုပြု ဆုံမှတ် မဟာဗျူဟာ အရ လာမယ့် ဧပြီလ ၂၂ ရက်က စတင်ပြီး ဖိလစ်ပိုင်၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီကို သွားရောက် လည်ပတ်ဖို့ ရှိပါတယ်။
ဒါဟာ အာရှ ပစိဖိတ် ဒေသအပေါ် အမေရိကန်က ဟန်ချက်ညီစေဖို့ ကတိပြုထားတာကို အလေးအနက် ထားတယ်ဆိုတာ ပြသဖို့လည်း ဖြစ်ပါတယ်။