ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲပြီး ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံး၌ ပြည်တွင်းစာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များကို ခေါ်ယူပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ဦးဆောင် ရှင်းလင်းမှုများ ပြုလုပ်ခြင်းသည် ၎င်းတို့၏ လုပ်ပိုင်ခွင့် တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သူများက ပြောဆိုကြသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများတွင် မီဒီယာ လွတ် လပ် ခွင့်ကို သွယ်ဝိုက်၍ထိခိုက်နိုင်သည့် အချက်အလက်များ ပါဝင်နေသည်ဟု သတင်း မီဒီယာအရေး လှုပ်ရှားသူများကလည်း ထောက် ပြကြသည်။
သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် အသိအမှတ်ပြု လက်မှတ်လျှောက်ထားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးများသို့ လျှောက်ထားခိုင်းခြင်းမှာ သမားရိုးကျ မဟုတ်ကြောင်း၊ ယင်းသို့ လျှောက်ထားခွင့်ကို အသိအမှတ်ပြု လက် မှတ်ထုတ် ပေးမည့်ဌာနသို့သာ တိုက်ရိုက် လျှောက်ထားခိုင်းသင့်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်(MJN)၏ အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးနိုင်မင်းဝေက ပြောသည်။
“မြန်မာ ဂျာနယ်လစ် ကွန်ရက် အနေနဲ့က သတင်းစာ လွတ်လပ်ခွင့်အတွက် တင်ပြဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်”ဟုလည်း ၎င်းက ဆိုသည်။
ခရိုင်ရုံးတွင် အဆင့်ဆင့် လျှောက်ထားရမည့် ကိစ္စမှာ စားပွဲ အဆင့်ဆင့်သို့ ပြောင်းလျှောက်ရမည့် ပုံစံ ဖြစ်နေပြီး ခရိုင်အဆင့်က တာဝန်ခံခိုင်းခြင်းမှာ မီဒီယာကို အဆင့်နိမ့်ထားသည့် ပုံစံမျိုး ဖြစ်နေသည်ဟု သတင်းမီဒီယာ သမားများက သုံးသပ်ကြသည်။
ယင်းအပြင် မီဒီယာလုပ်ငန်း အမည်နှင့် တံဆိပ်အမှတ်အသားတို့ကို အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြပါက စကားရပ်များ ပြောင်းလဲ သတ်မှတ်သည့် ဥပဒေနှင့်အညီ ဖော်ပြရမည်ဟု ပါရှိပြီး မြန်မာဘာသာဖြင့် ဖော်ပြပါက မြန်မာစာအဖွဲ့က ထုတ်ပြန်ထားသည့် မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းနှင့်အညီ ဖော်ပြရမည်ဟု သတ်မှတ်ထားသည်။
“ကိုယ့် သတင်းစာကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် နာမည်ပေးလို့ မရဘူးလား”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက မေး ခွန်းထုတ်သည်။
ယင်းဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဥပဒေ ၊ လုပ်ငန်း၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ ဦးစီဌာန၊ ခရိုင်ရုံး၊ ပုံစံ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ ထုတ်ဝေစာ တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြထားသော်လည်း သတင်းအေဂျင်စီ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။
သတင်းစာ ထုတ်ဝေခြင်းလုပ်ငန်း လျှောက်ထားပါက ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ အစုစပ်၊ အသင်းအဖွဲ့၊ ကုမ္ပဏီ ဖြစ်ပါက ရင်းနှီးမြှပ်နှံမှု အချိုးအစား၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်တို့ကို တင်ပြခိုင်းခြင်းတို့ ပါရှိသည်။
ယင်းအပြင် လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရရှိသူ သေဆုံးခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်း၊ အစုရှယ်ယာ ပိုင်ဆိုင်မှု အများစု ပြောင်း လဲခြင်း ၊ လုပ်ငန်း လုပ်ကိုင်နိုင်စွမ်း မရှိခြင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖျက်သိမ်းခြင်း၊ တည်ဆဲ ဥပဒေ တရပ်ရပ် အရ လုပ်ငန်း ရုပ်သိမ်းခံရလျှင် ပြန်လည် အသိမ်းခံရမည်ဟု ထည့်သွင်းပြဌာန်းလိုက်ခြင်းသည် ပြန်ကြား ရေး ဌာန၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု မီဒီယာ အသိုင်းအဝိုင်းက ယူဆကြောင်း ပြောသည်။
ထုတ်ဝေလျက် ရှိသည့် သတင်းစာ၊ ဂျာနယ်များကို အဖိုးအခလွတ် ခရိုင်ရုံးများသို့ ပေးပို့ရမည့် ထည့်သွင်း ပြဌာန်းချက်သည် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းစာ၊ ဂျာနယ် ၊ မဂ္ဂဇင်းများ ဝယ်ယူရန်ပင် ဘတ်ဂျက် အခက်အခဲ ဖြစ်နေပြီလားဟုလည်း ၎င်းတို့က ပြောဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော အဆိုပါ ပြဌာန်းချက်များကို သတင်းမီဒီယာ သမားများက မကြိုက်နှစ်သက်ပါက အကြံပြုနိုင်သော်လည်း အဆုံးအဖြတ်ပေးမည်မှာ လွှတ်တော်သာဖြစ်ကြောင်း နေပြည်တော်တွင် မီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြန်ကြား ရေး ဝန်ကြီးဌာနက ပြောဆိုကြောင်း သိရသည်။