ယခင် သင်္ကြန်ကာလတွေ အတွင်းမှာ လိုင်းကားတွေ ရပ်နားတာကြောင့် သွားလာရေး အရမ်းခက်ခဲပါတယ်။ ဒီနှစ် သင်္ကြန်မှာတော့ ဒီလို အခက်အခဲ မဖြစ်ရလေအောင် သက်ဆိုင်ရာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မ.ထ.သ) က ဆောင်ရွက်နေတယ် လို့ သိရပါတယ်။
ရန်ကုန်မှာ ရှိတဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၂၀ဝ ကျော် နေ့စဉ် ပြေးဆွဲပေး ပေမယ့် သင်္ကြန် ကာလမှာ တော့ ယာဉ်လိုင်း ၁၀ဝ ကျော်သာ ပြေးဆွဲမယ်လို့ သိရပါတယ်။ သင်္ကြန် ကာလ ဧပြီ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ ကနေ ဧပြီ ၁၆ ရက် သင်္ကြန် အတက် နေ့ အထိ ယာဉ်လိုင်း ၁၀ဝ ကျော် ရပ်နားမယ်လို့ သိရပါတယ်။
မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က “တချို့ ယာဉ်လိုင်းတွေ ရပ်နားတာ ရှိပေမယ့် ခရီးသွား ပြည်သူတွေ အဆင်ပြေအောင်လို့ ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေ ရှိပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
သင်္ကြန် ကာလတွင်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်ခံ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးက ပြေးဆွဲနေတဲ့ ပါရမီ၊ အဓိပတိလိုင်းကားတွေ အားလုံးနဲ့ အခြားယာဉ်လိုင်း ၈ ခုမှ လိုင်းကားတွေ အားလုံး ရပ်နားမှာ ဖြစ်ပါတယ်။ မ.ထ.သ လိုင်းကား တွေကတော့ နေ့စဉ် ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
သင်္ကြန် ကာလအတွင်းမှာ ယာဉ်လိုင်း ၁၁၃ လိုင်းက လိုင်းကားစီးရေ ၁၆၂၈ စီး ပုံမှန်ပြေးဆွဲမှာ ဖြစ်ပြီး ယာဉ်စီးခကိုလည်းပုံမှန် အတိုင်းပဲ ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ ပြေးဆွဲမယ့် လိုင်းကားတွေ အတွက် စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး စည်းကမ်းချိုးဖောက်ရင် ထိရောက်စွာ အရေးယူဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန် ပြောဆိုပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသာဌေးက “သင်္ကြန်မှာ အရက်သေစာ သောက်ထားပြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ဖြစ်လောက်တဲ့ အပြုအမူမျိုးနဲ့ မောင်းနှင်ရင်တော့ ဖမ်းဆီး အရေးယူမှာပါ။ ယာဉ်ထိန်း အင်အားကိုလည်း တိုးပြီး ချထားပါတယ်”လို့ မတ်လ နောက်ဆုံးပတ်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ ပါတယ်။
သင်္ကြန် ကာလတွင်း လိုင်းကား ယာဉ်မောင်းအများစုက အရက်သေစာ သောက်စားတာ၊ ယာဉ်ကိုမဆင်မခြင် မောင်းနှင်တာ၊ ခရီးစဉ် အစအဆုံး မပြေးဆွဲတာ၊ သတ်မှတ် ယာဉ်စီးခထက် ပိုမိုကောက်ခံတာတွေ လုပ်လေ့ ရှိပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာက အဲဒီလို ဖြစ်နေတာကို စီမံချက်နဲ့ ချမှတ် အရေးယူမယ်လို့ ဆိုပေမယ့် အဲဒီ စည်းကမ်း ချိုးဖောက်မှုတွေကို ရန်ကုန် ပြည်သူလူထုက နှစ်စဉ်ကြုံတွေ့ နေရတာပါပဲ။
ရန်ကုန်မြို့ခံ ခရီးသွားတဦးက “သက်ဆိုင်ရာက ဖမ်းမယ်ဆိုလည်း ထိထိရောက်ရောက် လုပ်သင့်တယ်။ သက်ဆိုင်ရာက မနှစ်ကလည်း ပြောတာပဲ။ ယာဉ်စီးခ ပိုကောက်ရင် တိုင်လို့ ရပါတယ်။ ဖုန်းဆက်လို့ရပါတယ် လို့ ပြောတာတွေ ရှိပေမယ့်လည်း အရေးယူမှုပိုင်းမှာ အားနည်းတယ်။ သင်္ကြန်မှာ ကားအများစုက မထွက်ကြတော့ သူတို့က ထွက်ပေးနေရလို့ပါ ဆိုပြီး ယာဉ်စီးခတွေ ပိုကောက်တယ်လို့ အကြောင်းပြချက် အမျိုးမျိုး ပြကြတယ်” လို့ ဆိုပါတယ်။
အဝေးပြေး ယာဉ်လိုင်းတွေကတော့ သင်္ကြန် ကာလမှာ လုံးဝရပ်နား ကြမှာ ဖြစ်ပါတယ်။
သင်္ကြန် မတိုင်မီကာလတွေမှာ အဝေးပြေး ကားလက်မှတ် ဝယ်မရတာတွေ မှောင်ခို ပြဿနာတွေ အမြဲပဲ ကြုံတွေ့ နေရပါတယ်။
မြန်မာ့ မီးရထားအနေနဲ့ သင်္ကြန်ကာလ အတွင်း ပုံမှန်ပြေးဆွဲနေတဲ့ မြို့ပတ်ရထား စီးရေကို လျှော့ချ ပြေးဆွဲသွားမယ်လို့ ကြေညာ ထား ပါတယ်။ နှစ်ဆန်းတရက်နေ့ ရောက်မှသာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမှာ ဖြစ်ပါတယ်။
သင်္ကြန်ကာလမှာ ဘတ်စ်ကားတွေထက် တက္ကစီ အငှားယာဉ်တွေကိုပဲ အဓိက အားကိုးရပြီး တက္ကစီတွေ ကလည်း ဈေးနှုန်းကို မြင့်မြင့်မားမား တောင်းကြတာမို့ သွားရေး လာရေး ခက်တဲ့ သင်္ကြန် ကာလ လိုရာခရီးကို ရောက်နိုင်ဖို့ အငှားယာဉ်တွေနဲ့သာ အဓိက ထား သွားကြရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကလည်း မြင့်မားလွန်းတာမို့ သာမန်ဝင်ငွေ ရှိရုံနဲ့တော့ ကား မငှားနိုင်ပါ။ ဒီနှစ် သင်္ကြန် ကလည်း အရင်နှစ်တွေလိုပဲ သွားလာရေး အတော် ခက်ခဲဦးမှာပါ။