ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မကြာသေးမီ ဖြစ်ပွားခဲ့သော ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခ ဦးတည်သော မတည်မငြိမ်မှုများကြောင့် သင်္ကြန်ကာလ လုံခြုံရေး တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်သော အကြမ်းဖက်တချို့ ပေါ်ပေါက်ခဲ့ပြီး သက်ဆိုင်ရာ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် လူစုလူဝေးတချို့က ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာက အကြမ်းဖက်သူ ၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ထိုသို့ဖြစ်စဉ်များကြောင့် သင်္ကြန်ကာလ လှည်းကူးတွင် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လှည်းကူးတွင် သင်္ကြန်ကာလ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ ၊ မီးသတ် ၊ ကြက်ခြေနီ တပ်ဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လှည်းကူး၏ လက်ရှိ အခြေအနေမှာ အေးဆေး တည်ငြိမ် နေကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဘက်ကလည်း အရေးပေါ်ဖြစ်လာရင်၊ အကြောင်း တစုံတရာ ထူးခြားမှုရှိရင် ချက်ချင်းသွားလို့ ရတယ်။ ခရိုင်အဆင့် ၊ မြို့နယ်အဆင့် တပ်ဖွဲ့တွေအားလုံးကို အဆင်သင့် ပြင်ထားပါတယ်” ဟု ဗိုလ်မှူးကြီးတင်ဝင်းကဆိုသည်။
လှည်းကူးမြို့တွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများကြောင့် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်မှု မရှိတော့ဘဲ မြို့နယ်အုပ်ချုပ်ရေးမဏ္ဍပ်တခုသာ ရှိတော့မည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက်တွင်
နေထိုင်သူ ဦးမျိုးဝင်းက ပြောသည်။
“ တချို့ တက္ကသိုလ် ကျောင်းသားလေးတွေ သူတို့အိမ်ရှေ့မှာ မဏ္ဍပ်ထိုး ရေလောင်းတာမျိုးလောက်ပဲ ရှိလိမ့်မယ်။ ဒီက အခြေအနေတွေကြောင့် တချို့ကတော့ ကားငှားပြီး ရန်ကုန်မှာ လာလည်ကြလိမ့်မယ်။ ဒီမှာ ဖြစ်တဲ့ ပြဿနာတွေကလည်း နိုင်ငံအနှံ ကြားနေရတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ ကြားနေရတဲ့
သတင်းတွေကြောင့် နှစ်ဘက်စလုံးရဲ့ ရင်ထဲမှာတော့ ရှိနေကြတာပေါ့ ။ တဖက်က စရင်တော့ ပြဿနာတက်မှာ စိုးရိမ်ရတယ် ”ဟု ဦးမျိုးဝင်းက ဆိုသည်။
လှည်းကူး ပြဿနာမှာ လူမျိုးရေး ၊ ဘာသာရေး အဓိကရုဏ်းပုံစံထက် ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ဖြေရှင်းမှု အားနည်းချက်များကြောင့် အေးချမ်းနေသောမြို့မှာ မထင်မှတ်ဘဲ လူအုပ်စုဖြင့် အကြမ်းဖက်သည့် အဆင့်အထိ
ရောက်ရှိသွားသည်ဟု လှည်းကူးဒေသခံတချို့က သုံးသပ်ကြသည်။
“ သင်္ကြန်မှာ လူစုတော့ ပြဿနာ မဖြစ်နိုင်ဘူးလို့ ကံသေကံမ ပြောလို့မရဘူး။ ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင် ဘူးလို့ ထင်တာပဲ။ ရပ်ကွက်တိုင်းမှာကလဲ မွတ်စလင်တွေ ရှိတာပဲ။ အားလုံးက ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေလာကြတာကြာပြီ ” ဟု လှည်းကူးဒေသခံ ဦးညွှန့်လှိုင်က ဆိုသည်။
လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ဇင်ဦးက လှည်းကူး အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် သည်ဟု ယူဆရသူ ၆ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။
“ ကျနော်တို့ ဗမာရော ၊ မွတ်စလင်ရော အကြမ်းဖက်မှုမှာ ပါတယ်လို့ ယူဆရတဲ့သူ ၆ ဦးကို ဖမ်းဆီး ထား ပါတယ်” ဟု ဒုရဲအုပ် ကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က လှည်းကူးဈေးတွင် မိုးကာရေဖျင်ဆိုင် ဖွင့်လှစ်ရောင်းချသူ ကိုသက်ပိုင်ဦးနှင့် ဦးကိုကိုလေး၏ သားနှင့် တူများ လူငယ်ချင်း စကားများ ရန်ဖြစ်ကြရာမှ ကိုသက်ပိုင်ဦး၏ မျက်လုံးကို ဦးကိုကိုလေး၏ သားနှင့်တူများက ကတ်ကြေး ဖြင့်ထိုးခဲ့သဖြင့် ကိုသက်ပိုင်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊
အဆိုပါရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖြစ်ပေါ်စေမည့် လူစုလူဝေးဖြင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။