Politics

မင်းတြားကြီးအကြောင်း တစေ့တစောင်း

This article has been converted from Zawgyi One to Unicode

မြန်မာပြည်အကြောင်းကို နိုင်ငံတကာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့အချိန်မှာ ပြည်တွင်းနဲ့ ပြည်ပက မြန်မာ့အရေး ဆွေးနွေး ဟောပြောပွဲတွေကို တက်လိုက်ရင် အများဆုံးမေးကြတဲ့ မေးခွန်းတခုကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အကြောင်းပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဆက်စပ်ပြီးတော့ သူတကယ်ပဲ အငြိမ်းစား ယူသွားပြီလား၊ သူဟာ မြန်မာ့နိုင်ငံရေးထဲမှာ ဘယ်လောက်အထိ အာဏာဆက်ရှိနေမှာလဲ၊ တပ်မတော်အပေါ်မှာရော ဩဇာ ညောင်းသေးသလား စတဲ့ … စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေကို အတိအကျ အချက်အလက်နဲ့ ဖြေဖို့ခက်ပေမယ့် ခန့်မှန်း တွက်ဆပြီးတော့ ဖြေလို့ရပါ တယ်။ “အာဏာရှင်တွေဟာ ဘယ်တော့မှ အငြိမ်းစား ယူလေ့မရှိပါဘူး” လို့ ပြန်ဖြေရင်တော့ မြန်မာ့အရေး စောင့်ကြည့် တဲ့ အနောက်နိုင်ငံ ပရိသတ်တွေက ဟက်ခနဲရယ်ပြီး အဲဒီအဖြေကို တုံ့ပြန်ကြပါတယ်။

၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်မှာ ဧရာဝတီမဂ္ဂဇင်းက သရုပ်ဖော်ရေးဆွဲ တင်ပြခဲ့တဲ့ရုပ်ပုံကြောင့် မင်းတြားကြီးလို့ အမည်တွင်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို နှစ်ပေါင်းများစွာ ယူခဲ့ပြီး မြန်မာ့လမ်းပြမြေပုံကို ထိန်းကျောင်း ကိုင်တွယ်ခဲ့သူ ဖြစ်တဲ့အတွက် သူဟာ ဒီကနေ့ ဒီအချိန်မှာ မျက်နှာလွှဲပြီး လုံးဝ အနားယူသွားပြီလို့ မဆိုနိုင်ပါ ဘူး။ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ တပ်မတော် နေ့ (အရင်ကတော့ တော်လှန်ရေးနေ့လို့ ခေါ်တာပါ) မှာ လက်ရှိဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်း ရွှေရဲ့ အမည်နာမနဲ့ ဂုဏ်ဒြပ်ကို တရားဝင် ဖွင့်ဟမိန့်ကြားခဲ့ပါတယ်။

အခုအချိန်အထိ နေပြည်တော်က သူရဲ့နေအိမ်မှာ စာဖတ်နေပေမယ့် တချိန်တည်းမှာပဲ မြန်မာ့အရေးကိုလည်း စိတ်ပူနေတယ်လို့ သတင်းတွေ ထွက်ထွက်လာတတ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်းဆီကို ဝင်ထွက်နေ တဲ့ အုပ်စုက ၃ ခုလောက် ရှိပါတယ်။ ပထမတစုကတော့ နဝတ/ နအဖ ခေတ်မှာ သက်တော်ရှည်အမတ်တွေ လုပ်ခဲ့တဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးသောင်းတို့ အုပ်စုပါ။ သူနဲ့အတူ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ ကျော်မြင့်နဲ့ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာ ချမ်းငြိမ်းတို့လည်း ပါလေ့ရှိတယ်လို့ သိရပါတယ်။

ဒုတိယ အုပ်စုကတော့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဖြစ်ပြီး နောက်ဆုံး အုပ်စုကတော့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း အခါကြီးရက်ကြီးတွေမှာ မြန်မာ့ယဉ်ကျေးမှု ထုံးစံအတိုင်း သွားရောက် ဂါရဝပြု တွေ့ဆုံတာမျိုးလည်း ရှိပါတယ်။

ဒီအုပ်စုတွေက မင်းတြားကြီးဆီကို အဝင်အထွက် လုပ်နေတာက ပုဂ္ဂိုလ်ရေးအရ ဖြစ်နိုင်သလို မဆလ ဥက္ကဋ္ဌ ကြီးဟောင်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းလိုမျိုး အငြိမ်းစား ပင်စင်စား ဗိုလ်ချုပ်ကြီးတွေ လက်ဖက်ရည်ဝိုင်းထိုင်၊ ဂေါက်သီးရိုက် ဆိုတာမျိုးလည်း ပါနိုင်ပါတယ်။

ဒါ့အပြင် ဒီနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို ဆွေးနွေးသုံးသပ်ပြီး အနာဂတ်ကို ဆွေးနွေးတာတွေလည်း ပါမှာတော့ အသေအချာပါပဲ။ ဒီလို ဆွေးနွေးတာတွေ၊ သူ့ရဲ့ အမြင်တွေ၊ သဘောထားတွေဟာ ဒီနေ့ဖြစ်ပေါ်နေတဲ့ မြန်မာ့ နိုင်ငံရေးအပေါ် ဘယ်လောက် ရိုက်ခတ်မှုရှိနေလဲ ဆိုတာကတော့ တွေးစရာပါပဲ။

ဒီနေ့ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းဟာ မင်းတြားကြီးရဲ့ လက်တွေ၊ ခြေတွေ၊ သူရွှေ့တဲ့ ဇယားကွက် တွေ ပါတာဖြစ်တဲ့အတွက် ဦးသန်းရွှေကို အခုအနေအထားမှာ ဆက်ပြီး အကြံဉာဏ်ပေးဖို့ ပြောဆိုသူတွေ ရှိနိုင် သလို “အဘရယ်အသက်ကြီး ပြီပဲ၊ အေးအေး ဆေးဆေး အနားယူပါတော့” ဆိုပြီး သီတင်းကျွတ်၊ တန်ဆောင် တိုင်မှာ သွားကန်တော့ကာ နိုင်ငံရေးကနေ ခပ်ဝေးဝေးနေဖို့ ပါးပါးနပ်နပ်သွားပြီး ပြောခဲ့သူတွေလည်း ရှိခဲ့ပါ တယ်။

ဒီနေရာမှာ နှိုင်းယှဉ်မိတာက မြန်မာပြည်က အာဏာရှင် ၂ ဦး အကြောင်းပါ။ သူတို့ ၂ ဦးစလုံး ဟာ တိုင်းပြည်ကို အဆင်းရဲ အမွဲတေဆုံးနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို အောက်ဆုံးအဆင့် ရောက်သွား အောင် လုပ်ခဲ့တဲ့နေရာတွေမှာ ချန်ပီယံတွေပါ။ ၁၉၈၈ မှာ အာဏာသိမ်းခိုင်းခဲ့တာ ဦးနေဝင်းပါ။

၁၉၈၉ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ညစာစားပွဲမှာ အငြိမ်းစားယူခဲ့ပြီဖြစ်တဲ့ ဦးနေဝင်းက စစ်ဝတ်စုံဝတ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ရယ်ရယ်မောမော လုပ်နေတဲ့ပုံကို အစိုးရပိုင် သတင်းစာတွေမှာ သေသေ ချာချာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ အာဏာရှင်ဟောင်းက သူအာဏာဆက်ရှိနေ တယ်ဆိုတာ၊ ဩဇာသက်ရောက် နေတုန်းပဲ ဆိုတာကို ပြလိုက်တာပဲဖြစ်ပါတယ်။ လမ်းပေါ်က သတ်ဖြတ်မှုတွေကြောင့် ဒေါသထွက်နေတဲ့ မြန်မာ ပြည်သူလူထုကို စော်ကားလိုက်တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကလည်း အာဏာရှင်ဟောင်း ဦးနေဝင်းအိမ်မှာ အငြိမ်းစား၊ ပင်စင်စားတွေ စုဝေးကြပါတယ်။ နိုင်ငံရေးလည်း ဆွေးနွေးခဲ့ကြသလို လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံတကာအရေး တွေလည်း ဆွေးနွေး ကြပါတယ်။

အာဏာ လွှဲပြောင်းယူခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးစောမောင်၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့ဟာ ဦးနေဝင်း ရဲ့အိမ်တော်ကို အမြဲတစေ အဝင်အထွက် ရှိခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းဟာ စစ်အစိုးရ အပေါ်မှာ ဩဇာ အတော်အတန်ရှိခဲ့တာကို တွေ့ရပါတယ်။ ဥပမာဆိုရင် လစ်လပ်နေတဲ့ နဝတ ဒုဥက္ကဋ္ဌနေရာနဲ့ ဒုချုပ်နေရာအတွက် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးကို ရှမ်းပြည်မှာ တာဝန်ထမ်းဆောင်နေစဉ် ခေါ်ယူပြီး ခန့်တဲ့ ကိစ္စမျိုးမှာ ဦးနေဝင်းရဲ့ဩဇာတွေ ပါခဲ့တာ တွေ့ရပါတယ်။ သူယုံကြည်စိတ်ချတဲ့ ထောက်လှမ်းရေးမှူး ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အတွင်းရေးမှူး တနေရာ ထားခဲ့တာမျိုးတွေ လုပ်ခဲ့ပါတယ်။

မင်းတြားကြီးဟာ ၂၀၁၁ ခုနှစ်မှာ လမ်းပြမြေပုံ Road Map အတိုင်း အာဏာကို လွှဲပြောင်းပေးခဲ့ ပြီးနောက် လူထုကြားထဲ ပြန်ဝင်တာမျိုး၊ သတင်းစာနဲ့ ရုပ်သံတွေမှာ ငါရှိသေးတယ်နော် ဆိုတဲ့ သဘောနဲ့ လူလုံးပြတာမျိုး မလုပ်တာ တွေ့ရပါတယ်။

ဒါကိုကြည့်ပြီးတော့ သူဟာ အပြီးအပိုင် အငြိမ်းစားယူသွားပြီ၊ ဒီအသိုင်းအဝိုင်းက ခွာသွားပြီဆိုပြီး ယူဆသုံးသပ် လို့ မရပါ။ ၂၀၁၂ မှာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ထွက်တဲ့ကိစ္စမှာ ဦးသန်းရွှေရဲ့အကြံပေးချက်တွေကို သမ္မတ ဦးသိန်းစိန် အစိုးရက ယူခဲ့ရတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါ့အပြင် သူ့တပည့်အရင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ထိုးတင်ဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။

မင်းတြားကြီး ဦးသန်းရွှေနဲ့ အနီးကပ် အလုပ်လုပ်ခဲ့ဖူးတဲ့ တပ်မတော် အရာရှိဟောင်းတွေရဲ့ အဆိုအရတော့ သူဟာ စိတ်ရင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် မြန်မာစစ်ဗိုလ်တွေရဲ့ ထုံးစံအတိုင်း သူတို့ကိုယ်သူတို့ တော် တော် သိတယ်လို့ ထင်နေတယ်။ စစ်ဗိုလ်ဟောင်းတွေရဲ့ထုံးစံအတိုင်း တကယ်တော့ တိုင်းပြည်ကို ဘယ်လို စီမံအုပ်ချုပ်ရမယ် ဆိုတာကိုတော့ မသိပါဘူးလို့ ပြောကြပါတယ်။ သူဟာ နဝတ/နအဖ တာဝန်ယူနေချိန်မှာ နိုင်ငံခြား Satellite TV မကြည့်၊ BBC, VOA သတင်းဌာန တွေကိုနားမထောင်ဘဲ တရုတ်သိုင်းကားနဲ့ လက်ဝှေ့ ကားတွေ ထိုင်ကြည့်ပြီး စစ်ရုံးချုပ်မှာ အချိန်ဖြုန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာရှင်ဆိုတဲ့အတိုင်း အောက်ခြေကလူတွေ ညီညီညွတ်ညွတ် ရှိနေမှာကိုတော့ သူက မလိုလားပါဘူး။ သူတို့အားလုံး ညီညွတ်သွားရင် သေနတ်ပြောင်းက သူ့ဘက်ကို လှည့်လာမှာ စိုးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးကိုတော့ Divide and Rule လုပ်ပြီး သွေးခွဲအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိအခင်းအကျင်းမှာ ဦးသန်းရွှေဟာ သူ့ရဲ့စစ်ဦးစီး ဗိုလ်မှူးကြီးဖြစ်ခဲ့သူ၊ စစ်ရုံးမှာ အုပ်ချုပ်ရေး ကိုင်တွယ်ခဲ့သူ၊ သူ့ကို ပြန်မလှန်မယ့်သူဖြစ်တဲ့ ဦးသိန်းစိန်ကိုပဲ သမ္မတ ခန့်ခဲ့တာပါ။ သမ္မတဖြစ်ဖို့ အမျှော် လင့်ကြီး မျှော်လင့်ခဲ့တဲ့ ဦးရွှေမန်းကိုတော့ လွှတ်တော်ကို ပို့ခဲ့ပါတယ်။ အဓိက အရေးကြီးတဲ့ တပ်မတော်ကို တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထဲထည့်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ကိုလည်း နေရာတွေ စီစဉ်ထားခဲ့ပါ တယ်။ ဒါတွေဟာသူနဲ့ သူ့ရဲ့မိသားစု နောင်ရေးအတွက် စီမံခဲ့တာတွေဖြစ်ပြီး တပ်မတော်အရိုက်အရာ ဆက်ခံပုံနဲ့ပတ်သက်လို့ နောင် ၁၀ နှစ်စာကို ကြိုတင် ပြင်ထားခဲ့တဲ့ သဘောပါပဲ။

အဲဒီလို ပြင်ထားခဲ့နိုင်လို့ အခု အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဦးသန်းရွှေဟာ နေအိမ်မှာ လမ်းလျှောက်၊ စာဖတ်၊ အိမ်တော်စောင့် အရာရှိတွေနဲ့ စကားပြောရင်း သူ့ရဲ့နောက်ဆုံးနေ့တွေကို ကျော်ဖြတ်နေတာပါ။

ဦးနေဝင်းတုန်းကလိုပဲ ဦးသန်းရွှေရဲ့ ကျန်းမာရေးဟာလည်း အားလုံးက စောင့်ကြည့်နေကြတဲ့ သတင်း အကြောင်း အရာပါပဲ။ ၁၉၈၈ မှာ တရားဝင် အငြိမ်းစားယူခဲ့တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်း ဟာ ၂၀ဝ၂ ထဲမှာ ဆုံးခဲ့တာပါ။ ဆုံးတဲ့အချိန်မှာ အသက် ၉၁ နှစ် ရှိပြီဖြစ်ပါတယ်။ သဘောကတော့ ၁၉၈၈ နောက်ပိုင်း ဦးနေဝင်း ရဲ့ အရိပ် ဩဇာ အာဏာအကြောင်းကို ပြည်တွင်းပြည်ပက စောင့်ကြည့် ဝေဖန်ရေးသားခဲ့တာ ၁၄ နှစ် ကြာခဲ့ပါ တယ်။ အာဏာရှင်တွေက အသက်ရှည်တတ်ပါတယ်။ ဦးသန်းရွှေဟာ အခု အသက် ၈၀ စွန်းသွားပြီဖြစ်ပါတယ်။

ဦးနေဝင်းလိုပဲ မင်းတြားကြီးရဲ့ နောက်ဆုံးချိန်က အနှေးနဲ့အမြန်လာနိုင်ပါတယ်။ သူရဲ့ Slow Retreat ဟာ မဟာဗျူဟာမြောက်ဖြစ်သလို ကောင်းကျိုး ဆိုးကျိုးတွေကတော့ မြန်မာနိုင်ငံသားတွေ အပေါ် သက်ရောက်ခဲ့ပါ တယ်။

ဒါကြောင့် ၂၀၁၅ မတိုင်ခင် ဦးသန်းရွှေမရှိတော့ ဘူးဆိုရင် မြန်မာ့နိုင်ငံရေးဟာ မထင်မှတ်တဲ့အပြောင်း အလဲတွေ တွေ့နိုင်သလို ဦးသန်းရွှေက နေပြည်တော်က သူ့ရဲ့အိမ်မှာ စာပဲဖတ်နေနေ၊ တရားပဲထိုင်နေနေ ၂၀၁၅ အကျော်အထိ ဆက်ရှိနေတယ်ဆိုရင်တော့ မြန်မာ့အပြောင်းအလဲဟာ စာဖတ်နေသူကြီးရဲ့ဇယား အတိုင်း နှေးနှေးနဲ့ “စည်းကမ်းတကျ” သွားမယ့် ပြုပြင်ပြောင်းလဲရေး Reform မျိုးပဲ ဖြစ်နိုင်တယ်လို့ သုံးသပ် ရမှာပဲ။

လွတ်တော်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ၃ နှစ် ပြည့်မိန့်ခွန်းကို ကြည့်မယ်ဆိုရင်လည်း တပ်မတော် ဟာ နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းမှာပဲ ဆက်ရှိနေ ရဦးမယ်ဆိုတဲ့ ပြောစကားတွေက ဦးသန်းရွှေရဲ့ Road Map တွေထဲက အဓိက အချက်တွေပါပဲ။

သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေကိုကြည့်ရင် စာဖတ်နေသူကြီးရဲ့ ဩဇာတွေ အရိပ်အာဝါသတွေ အတော်ကိုပါနေတာ တွေ့ရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၃ နှစ်က Reform တွေလုပ်ခဲ့တဲ့ အစိုးရဟာ ဒီခရီးကို စထွက်ခဲ့ပြီး အားလုံးကိုခေါ်ခဲ့ပြီးမှ တဝက်တပျက်မှာပဲ ရပ်လိုက် တာဟာ နောက်ကွယ် ကနေ ရပ်တော့ကွာလို့ လှမ်းပြောလိုက်လို့လားလို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ မေးကြပါပြီ။

Loading