Military

အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော်ပါဝင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင် တပ်မတော်သည် အာဏာပြန်လည် မသိမ်းလို၍ လွှတ်တော် တွင် ပါဝင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ပြောဆိုလိုက်သည်။

ပုသိမ်မြို့ ဧရာရွေဝါခန်းမတွင် ဧပြီလ ၇ ရက်နေ့ ကပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ဦးတင်အေးက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်ပြီး တပ်မတော် သည် ဒီမိုကရေစီရေချိန်မြင့်မားမှသာလျှင် လွှတ်တော်မှ ထွက်ခွာမည်ဟု ပြောဆိုသည်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိနေတယ်။ ရှင်းရှင်းပြောရရင် အာဏာမသိမ်းချင်လို့ ကျနော်တို့ လုပ်ထားတာ။ တပ်မတော်ဟာ အာဏာလိုချင်လို့ လွှတ်တော်ထဲပါတာ မဟုတ်ပါဘူး။ Negotiate
(စေ့စပ်ဆွေးနွေး ညိနှိုင်းခြင်း) လုပ်ဖို့ လွှတ်တော်ထဲပါတာပါ။ မပါဘူးဆိုရင် အာဏာပြန်သိမ်းရရင် မကောင်းလို့ ကျနော်တို့ပါတာ။ ဘယ်အချိန်ထွက်မလဲ။ ဒီမိုကရေစီရေချိန် မြင့်တဲ့အချိန် ထွက်သွားပါလိမ့်မယ်”ဟု ဦးတင်အေးကပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြုပြင်စရာများရှိသည်မှာ မှန်ကန်သော်လည်း ကောင်းသည့် အချက် များစွာ ရှိကြောင်း၊ အချုပ်အခြာအာဏာထိပါးမည့်ကိစ္စများကို အလောတကြီး မပြင်ဆင်သင့်ကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ပြီး လွပ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ အစိုးရ အာဏာပိုင်များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ဘက်မလိုက်ဘဲ ကြားနေဖို့လိုအပ်ကြောင်း ဦးတင်အေးက ပြောဆိုခဲ့သည်။

“အရင်ကအတွေ့အကြုံတွေကို ကောင်းတာတွေယူပြီး၊ မကောင်းတာတွေကို ပြင်နေပါတယ်။ အဓိက, က ၂၀၁၅ အတွက်ပါ။ ၂၀၁၃ ခုနှစ်သည် Data Collection (အချက်အလက်ကောက်ယူ) ကာလ။ ၂၀၁၄ က Voter Education (မဲဆန္ဒရှင်ပညာပေး) ကာလဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို စနစ်ကျအောင် ကျနော် လုပ်ပေး ပါမယ်။ လွပ်လပ်ရမယ်။ တရားမျှတရမယ်”ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၇ ရက်နေ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ အသီးသီး မှတိုင်းအဆင့်တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

Loading