ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲမှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် UWSA ဘက်က တဦးကျဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ သတင်း ရရှိပါတယ်။
မိုင်းပန်မြို့ရဲ့တောင်ဘက် မိုင် ၂၀ လောက် အကွာမှာရှိတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ဒီလ ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSA တောင်ပိုင်းဘက်က ပြောတာကတော့ UWSA တပ်ဖွဲ့တွေ သူတို့နယ်ထဲကို ကျွံဝင်လာရာကနေ ပစ်ခတ်မှုတွေ ဖြစ် တာလို့ ဆိုပါတယ်။
မိုင်းပန်မြို့အခြေစိုက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး အောင်ကျန်မိဏ်း က “ကျနော်ကြားသလောက်တော့ ဝ ဘက်က တယောက်ဆုံးတယ်၊ တယောက် ဒဏ်ရာ ရတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
သံလွင်မြစ်ခြားထားပြီး နယ်မြေချင်းထိစပ်နေတဲ့ တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲဖြစ်ပွားမှုမှာ အကျိုးစီးပွားတွေ ပါနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပေမယ့် RCSS/SSA ကတိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။
ဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး UWSA တာဝန် ရှိသူတွေကိုလည်း ဧရာဝတီက ဆက်သွယ်ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။
သံလွင်မြစ် အရှေ့ဘက်အခြမ်းမှာ လှုပ်ရှားနေတဲ့ UWSA တပ်ဖွဲ့တွေ အနေနဲ့ SSA တောင်ပိုင်းထိန်းချုပ်တဲ့ မြစ်အနောက်ဘက် အခြမ်းကို ကူးပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတာကို SSA တောင်ပိုင်း ရှေ့တန်းလှုပ်ရှား တပ်ဖွဲ့တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာလို့ မိုင်းပန်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ RCSS/SSA အရာရှိတဦးက ပြောပါတယ်။
“သံလွင် အရှေ့ဘက်ကြတော့ ဝ ရဲ့ နယ်နိမိတ်ခင်ဗျ၊ အခုဖြစ်တာက ဝ က သံလွင်အနောက်ဘက်ခြမ်း ကျနော်တို့ နယ်မြေထဲ အထိ ကျူးကျော်လာပြီးတော့ ရွှေတူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်တာ၊ သတိပေးပေမယ့် ဇွတ်ဝင်ပြီး ဇွတ်လုပ်နေတဲ့ အခါကြတော့ ပစ်ခတ်မှုတွေ ဖြစ်သွားတာဗျ”လို့ အဆိုပါ အရာရှိက ဧရာဝတီကို ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် နှစ်ဖက်တင်းမာမှုတွေရှိနေပြီး“သူတို့ တပ်ဖွဲ့တွေအနေနဲ့ ဒီနယ်မြေကနေ ထွက်သွားရင်သွား မသွားရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပဲ”လို့ RCSS/SSA အရာရှိက ဆိုပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီတွေက သံလွင်မြစ်ကြောင်း တလျှောက်မှာ ရွှေနဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေလုပ်ကိုင်နေကြပြီး လုပ်ကိုင်ခွင့် ရရှိဖို့အတွက် အစိုးရစစ်တပ်၊ UWSA နဲ့ RCSS/SSA တို့ကို အခွန် ပေးဆောင်နေရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အရာရှိတွေက ပြောပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမှူး ဒေသမှာ SSA တောင်းပိုင်း အဖွဲ့ရဲ့ အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို UWSA က နယ်မြေကျူးကျော်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပြီး နောက်ပိုင်းမှာ နှစ်ဖက်တာဝန်ရှိသူတွေ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် UWSA က ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။