ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ် ချမှတ်လိုက်သည့် အပေါ် ဆက်လက် အယူခံဝင်သွားမည်ဟု DVB သတင်းဌာန တာဝန်ရှိသူများက ဆိုသည်။
ကိုဇော်ဖေကို ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ယမန်နေ့က မကွေးမြို့နယ် တရားရုံးမှ စီရင် ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
DVB သတင်းဌာန မြန်မာပြည် တာဝန်ခံ ဦးတိုးဇော်လတ်က “အမှုအပေါ်မှာ ပြန်စဉ်းစားဖို့ တိုင်းတရားရု့းကို အယူခံ ဝင်သွားမယ်၊ စာနယ်ဇင်း ကောင်စီကိုလည်း စာပို့ထားတယ်၊ အဓိကကတော့ ဥပဒေ စိုးမိုးမှု မရှိဘဲ မတရား ထောင်ချ ခံရတာကို ဖော်ထုတ်ဖို့ပါ” ဟု ပြောဆိုသည်။
ကိုဇော်ဖေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများကို အကူအညီ တောင်းသွားမည် ဖြစ်ကြောင်းနှင့် ဗြိတိသျှ သံ အမတ်က ယခု ဖြစ်ရပ်ကို စိတ်ဝင်စားပြီး ကူညီပေးမည်ဟု ပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။
ကိုဇော်ဖေကို မကြာခင် သရက်ထောင် သို့ ပို့ဆောင်သွားရန် ရှိကြောင်းလည်း ဦးတိုးဇော်လတ်က ဆိုသည်။
မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောဆိုနေချိန်တွင် သတင်းထောက် သူရသက်တင်အား ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်လိုက်ခြင်းမှာ စာနယ်ဇင်းနှင့် သတင်းလွတ် လပ်ခွင့်ကို ပိတ်ပင် တားမြစ်ခြင်း ဖြစ်သည်ဟု မော်လမြိုင် အခြေစိုက် မြန်မာဂျာ နယ်လစ် ကွန်ရက်-တောင်ပိုင်း (Southern MJN) အဖွဲ့ကလည်း ဝေဖန်ပြောဆိုသည်။
ကိုဇော်ဖေသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပညာသင်ဆု တခုနှင့် ပတ်သက်ပြီး၊ မကွေးမြို့နယ် ပညာရေး ဌာန သို့ သွားရောက် သတင်းယူခဲ့ရာတွင် ပိုင်နက်ကျူးလွန်မှုဖြင့် ကိုဇော်ဖေ အပါအဝင် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်အား မကွေးမြို့နယ် ပညာရေးဌာနက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆို ခံရပြီး တနှစ်ခွဲကျော် အကြာ ဧပြီလ ၇ ရက်က ၎င်းတို့အား မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ် ပြစ်ဒဏ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ” ခေါင်းစဉ်ဖြင့် ဖော်ပြသည့် သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး Unity ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုလူမော်နိုင်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မ ၃/ ၁ (က) ၉ နှင့် တရားစွဲဆိုထားသည့် ဖြစ်ရပ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ပေါ်ပေါက်ခဲ့သည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ပခုက္ကူမြို့နယ် တရားရုံးတွင် ရှစ်ကြိမ်မြောက် ရုံးချိန်း ခေါ်ယူကာ တရားလိုပြ သက်သေများကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း Unity ဂျာနယ် ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ပြောသည်။
“ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုဘက်က သက်သေတွေ ခေါ်စစ်တယ်၊ မနေ့ကလည်း သုံးယောက်စစ်တယ်၊ အဲဒီမှာ ထူးခြားတာက သူတို့ တရားလို ပြုလုပ်တင်ပြထားတဲ့ အချက်တွေနဲ့ သက်သေတွေ ထွက်ဆိုချက်တွေက လွဲနေတာတွေ တွေ့ရတယ်၊ လာမယ့် ဧပြီ ၂၂ ရက်မှာ ထပ်မံ စစ်မယ်”ဟုလည်း ၎င်းက ပြောဆိုသည်။