မြန်မာပြည်က တိုင်းရင်းသား လူမျိုးတိုင်းမှာ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ ရှိကြသလို ရခိုင်တိုင်းရင်း သားတွေ အတွက်ဆိုရင်တော့ ရခိုင် သင်္ကြန်ပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကျင်းပလာခဲ့တဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တခုလို့ ပြောရမှာပါ။
ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးစံအတိုင်း ကျင်းပလေ့ရှိတဲ့ ရခိုင်သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့မှာလည်း နှစ်စဉ်ကျင်းပ လေ့ရှိပါတယ်။
ပင်လယ်ပြင်နဲ့ မြစ်ချောင်းများ ပေါများ ဝန်းရံထားတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်ကြရတဲ့ ရခိုင်လူမျိုးများဟာ လမ်းပန်း ဆက်သွယ်ရေး အတွက် လောင်းလှေတွေကို အသုံးပြု သွားလာရတာ ရှိပါတယ်။ ဒီလိုပဲ ရခိုင် လူမျိုးတွေဟာ သင်္ကြန်ပွဲတော် ဆင်နွဲဖို့ အတွက် လိုအပ်တဲ့ ရေ သိုလှောင်နိုင်ဖို့လည်း အဲဒီလောင်းလှေတွေကိုပဲ အသုံးပြုကြပါတယ်။
ဒါဟာ ရခိုင်သင်္ကြန်ပွဲတော်ရဲ့ ထူးခြားတဲ့ အမှတ်အသား တခုလို့ ပြောနိုင်ပါတယ်။ ရခိုင် သင်္ကြန်ပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကျင်းပလာခဲ့တဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော်တခုပါ။
ရခိုင်သင်္ကြန်မှာ လောင်းလှေကို အဓိကထား အသုံးပြု ကျင်းပကြသော်လည်း၊ ရခိုင်ဒေသ အသီးသီးမှာတော့ မတူကွဲပြားတဲ့ သင်္ကြန်ပွဲတော် ကျင်းပပုံတွေ ရှိကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တချို့ဒေသမှာ သင်္ကြန်ပွဲတော်ကို ၃ ရက်တာလုံး ရေလောင်းပွဲ ကျင်းပကြသလို တချို့ဒေသမှာ သင်္ကြန်ကာလကို ဘုရား ကျောင်းကန်တွေမှာ လူကြီးလူငယ် အားလုံး ဥပုသ်သီလ ဆောက် တည် လေ့ ရှိကြပြီးမှ တခူးလ တလလုံး ရေပက် ကစားကြတဲ့ ဓလေ့လည်း ရှိပါတယ်။
နှစ်ဆန်း တရက်နေ့မှာတော့ သက်ကြီးဝါကြီး ဘိုးဘေးတွေကို လှည့်လည် ကန်တော့တာ၊ သက်ကြီး ပူဇော်ပွဲတွေ၊ ဘုရား စေတီတော်တွေမှာ တံခွန်တိုင် လွှင့်ထူကြတာကိုတော့ ရခိုင်ပြည်နယ် တခုလုံးမှာ ကျင်းပကြပါတယ်။
ရခိုင်သင်္ကြန်လို့ ဆိုလိုက်ရင် ရေပက် ကစားကြတဲ့ပွဲ တခုတည်း မဟုတ်ပါဘူး။ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲနဲ့ ရေပက်ကစားပွဲ ဆိုပြီး နေ့ရက် အလိုက် အဆင့် ၃ ဆင့် ပါဝင် ကျင်းပပါတယ်။
နံ့သာသွေးပွဲကို သင်္ကြန်အကြိုနေ့ မတိုင်ခင် တရက်မှာ ကျင်းပလေ့ ရှိပါတယ်။ ရခိုင် မိန်းမပျိုလေးတွေဟာ ဗဟိုမဏ္ဍပ် စင်မြင့်ပေါ်မှာ ကျောက်ပျဉ်တွေ ကိုယ်စီနဲ့ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စတဲ့ အမွှေးနံ့သာတုံးတွေကို စုပေါင်း သွေးကြပြီး ရလာတဲ့ နံ့သာရည်ကို သင်္ကြန်အကြိုနေ့မှာ ဘုရားရေသပ္ပာယ်ပွဲ အဖြစ် ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ ထူးခြားမှု တခုကတော့ အမွှေးနံ့သာရည်တွေနဲ့ ဘုရားကို ရေသပ္ပာယ်ပြီးမှသာ လူတွေအချင်းချင်း ရေပက် ကစားရတဲ့ အစဉ်အလာပါ။
ဘုရားရေသပ္ပာယ်တဲ့ ဓလေ့ဟာ ဘုရားရှင် လက်ထက်ကတည်းက စတင်ခဲ့တဲ့ ဓလေ့ ထုံးစံလည်း ဖြစ်ပါတယ်။ ဘီစီ ၅၆၈ ခုနှစ် တတိယ ဓညဝတီခေတ်မှာ ရခိုင် ဘုရင်မင်းမြတ် စန္ဒသူရိယ လက်ထက်မှာ မဟာမြတ်မုနိ ဆင်းတုတော် သွန်းလုပ် ကိုးကွယ်ခဲ့တဲ့ သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေပါတယ်။
ဒေါက်တာ စံလှကျော် ရေးသားတဲ့ “ရိုးရာမူမှန် ရခိုင်သင်္ကြန်” ဆိုတဲ့ စာတမ်းငယ် အရ စန္ဒသူရိယ မင်းကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားနဲ့ အတိတ်ဘဝ တခုက သူငယ်ချင်း ဖြစ်ခဲ့ဖူးတဲ့ အကျိုးဆက်ကြောင့် မနောအဓိဌာန်နဲ့ ပင့်ဖိတ် ခဲ့ပါတယ်။ နောက်လိုက် ရဟန်းတော် ၅၀၀ နဲ့အတူ ဓညဝတီပြည်ကို ကောင်းကင်ခရီးက ကြွချီလာတဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ အခု ကျောက်တော်မြို့ တဖက်ကမ်းမှာ ရှိတဲ့ ကျောက်တော်တောင်မှာ သီတင်းသုံးခဲ့ပါတယ်။
အဲဒီနောက်မှာ မြတ်စွာဘုရား မဇိ္ဈမ ဒေသကို ပြန်လည် မကြွမြန်းခင်မှာ စန္ဒသူရိယမင်းနဲ့ တိုင်းသူပြည်သားတွေ ကိုးကွယ်ဆည်းကပ် နိုင်ဖို့အတွက် မဟာမြတ်မုနိ ကိုယ်ပွားတော်ကို သွန်းလုပ်ပူဇော်စေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းကစပြီး ရခိုင်ပြည်သူ ပြည်သားတွေဟာ နှစ်စဉ်နှစ်တိုင်း အမွှေးနံ့သာရည်နဲ့ ရေသပ္ပာယ် ပူဇော်တဲ့ ဓလေ့တခု ပေါ်ထွန်းလာခဲ့ပါတယ်။
ဘုရားဆင်းတုတော်ကို ရေသပ္ပာယ်ရာက ကြွင်းကျန်တဲ့ အမွှေးနံ့သာရည်တွေကို လူအချင်းချင်း၊ ယောက်ျားမိန်းမ အချင်းချင်း ပျော်ပျော်ပါးပါး ပက်လောင်းကြရာက သင်္ကြန် ရေလောင်း၊ ရေကစားတဲ့ ဓလေ့ ဖြစ်ထွန်းလာတယ်လို့ ရခိုင်သုတေသီတွေရဲ့ အဆိုကို ကိုးကားပြီး ဒေါက်တာစံလှကျော်က ရေးသားထား ပါတယ်။
သင်္ကြန်ကာလမှာ လောင်းလှေတွေထဲကို ရေဖြည့်ပြီး ရေပက်ကစားကြတဲ့ ဓလေ့က ရခိုင့်လူမျိုးများရဲ့ ရိုးရာဓလေ့ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ တချို့ မြို့နယ်တွေမှာတော့ အဲဒီရိုးရာ အစဉ်အလာက တဖြည်းဖြည်းနဲ့ တိမ်မြုပ် လာနေပါပြီး ခေတ်ပေါ် ရေပက် နည်းတွေနဲ့ တဖြည်းဖြည်း အစားထိုးလာကြပြီလို့ ရခိုင်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီရှားပါးလာတဲ့ ဓလေ့ကို ထိန်းသိမ်းဖို့၊ ပြန်လည် ဖော်ထုတ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရန်ကုန်မြို့ရောက် ရခိုင် လူမျိုးတွေက ရခိုင့်ရိုးရာ သင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့တာ အခုဆိုရင် ၁၁ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။
ရခိုင်သင်္ကြန်မှာ ရေလောင်း မဏ္ဍပ်ရဲ့ ထူးခြားချက် တခုကတော့ မဏ္ဍပ်ရှင်မလို့ ခေါ်တဲ့ မဏ္ဍပ်အုပ်ထိန်းသူ အမျိုးသမီးကြီးတွေက ရေပက်ကြမယ့် ရခိုင်မိန်းမပျိုတွေကို အုပ်ထိန်းရတဲ့ ဓလေ့ရှိပါတယ်။
“ရေပက်မယ့် မိန်းကလေးတွေက အကုန်လုံး အပျိုစင်တွေ ဖြစ်ရမယ်။ အိမ်ထောင် ကျသွားရင်တော့ မဏ္ဍပ်ရှင်မ အဖြစ် ပြန်ပါဝင်ခွင့် ရှိတယ်။ မဏ္ဍပ်ရှင်မ စကားကို အားလုံးက လိုက်နာကြရပါတယ်” လို့ ရခိုင့်ရိုးရာ သင်္ကြန် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်စောခင်တင့်က ရှင်းပြပါတယ်။
မဏ္ဍပ်ရဲ့ အတွင်းဘက်မှာ ရှိတဲ့ ရေပက်အဖွဲ့တွေနဲ့ မဏ္ဍပ် အပြင်ဘက်က ရေကစားကြမယ့် အမျိုးသားတွေဟာ သတ်မှတ်ထားတဲ့ အကွာအဝေးကနေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ရေပက်ကစား ကြရပါတယ်။ မိမိကစားလိုတဲ့ မဏ္ဍပ်မှာ အလှူငွေကို ထည့်ဝင်ပြီး ရေဝယ်ယူ ကစားရပါတယ်။
အမျိုးသမီးတွေက လောင်းလှေထဲက ရေနဲ့ ပက်ကြရပြီး၊ အမျိုးသားတွေကတော့ ရေပုံးထဲကရေနဲ့ အပြိုင်အဆိုင် လှမ်းပက်ကြရတာပါ။ အဖွဲ့လိုက် ရေပက်နိုင်သလို၊ သီးသန့် ရေပက်ကစားလိုတဲ့ မိန်းကလေးကို ရွေးချယ်ပြီးလည်း နှစ်ဦးသား မျက်နှာချင်းဆိုင် ရေကစားနိုင်ပါတယ်။
အဲဒီလို သီးသန့် အခွင့်အရေးရဖို့ အတွက်က မဏ္ဍပ်ရှင်မက ဖြစ်စေ၊ အခြား ရေပက်အဖွဲ့တွေက ဖြစ်စေ ပျော်ပျော်ပါးပါး ချက်ချင်း သတ်မှတ်တဲ့ သီးသန့် အလှူငွေကို ထည့်ဝင်ပြီးမှ ကစားရတာလည်း ရှိနိုင်ပါတယ်။
ဒါ့အပြင် သင်္ကြန်ပွဲတော် ဆိုတာ ရခိုင်ဓလေ့ ထုံးစံအရ မိန်းမပျိုတွေ အတွက် အိမ်ထောင်ဘက် ရွေးချယ်တဲ့ ပွဲ တခုဖြစ်လို့ အရေးကြီးတဲ့ ပွဲတော် တခုလို့လည်း ဆိုနိုင်ပါသေးတယ်။
ရှေးတုန်းကဆိုရင် ယောက်ျားလေး တယောက်ဟာ မိမိ သဘောကျ နှစ်သက်တဲ့ မိန်းမပျိုလေး တယောက်ကို နီးနီးကပ်ကပ် လက်ရည်တပြင်တည်း ဆုံတွေ့နိုင်ဖို့ တခုတည်းသော အခွင့်အရေးက သင်္ကြန်ပွဲတော် ကာလပဲ ဖြစ်ပါတယ်။
“နောက်ဆုံးမှာ မေတ္တာရေလေး လောင်းပါရစေ ဆိုတာ ရှိတယ်။ အမျိုးသားက လက်ကျန်ရေလေးနဲ့ သူသဘောကျတဲ့ မိန်းကလေးကို ရေလောင်းဖို့ တောင်းဆိုရင် မဏ္ဍပ်ရှင်မကလည်း ခွင့်ပြုပေးရတယ်။ အမျိုးသမီးက အနားကို ကပ်ပေး ရတယ်။ အဲဒီအချိန်မှာ အမျိုးသားက ရေလောင်းပြီး သူပြောချင်တဲ့ ချစ်စကား၊ ကြိုက်စကားလေးတွေ ပြောခဲ့လို့ ရတယ်” လို့ ဒေါ်စောခင်တင့် က ရှေးထုံးစဉ်လာကို ရှင်းပြပါတယ်။
ရန်ကုန်မှာ ကျင်းပတဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ကျင်းပလေ့ ရှိတဲ့ နည်းစနစ်ကို အခြေခံထားပြီး ကျင်းပတာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောပါတယ်။
ရခိုင်သင်္ကြန်ကို မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကိုလိုနီခေတ် ကတည်းက ရန်ကုန်မြို့မှာ နှစ်စဉ် ကျင်းပခဲ့ပြီး၊ ၁၉၈၅ ခုနှစ် နောက်ပိုင်းမှာ ခေတ်ကာလ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကြောင့် ကွင်းဆက် ပြတ်သွားခဲ့တယ်လို့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က သိရပါတယ်။
၂၀၀၃ ခုနှစ်မှာ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ကို ပြန်လည် ဖွဲ့စည်းပြီး၊ သိမ်ဖြူ အားကစားကွင်းမှာ ပြန်လည် ကျင်းပခဲ့ပါတယ်။
ရန်ကုန်မှာ ကျင်းပတဲ့ ရခိုင်သင်္ကြန်မှာ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲတွေ ပါဝင်ပါတယ်။ ဒီနှစ် ရခိုင်သင်္ကြန် ဖွင့်ပွဲကို ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်၊ အာဇာနည်လမ်းမှာ ရှိတဲ့ ရခိုင်ဓမ္မာရုံမှာ ပြုလုပ်မှာ ဖြစ်ပြီး၊ ရေပက်ပွဲတော်ကိုတော့ သုဝဏ္ဏ အားကစားကွင်းမှာ ဆက်လက် ပြုလုပ်မှာ ဖြစ်ပါတယ်။
သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်မယ့် ရခိုင် သင်္ကြန်ပွဲတော်မှာ ရေကစား မဏ္ဍပ်တွေ အပြင် ရခိုင် အစားအစာတွေ ရောင်းချမယ့် ဆိုင်ခန်းပေါင်း ၅၀ ကျော်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရခိုင်မုန့်တီ၊ ရခိုင်ထမင်းဟင်းနဲ့ ပင်လယ်စာ အစုံရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီက ပြောပါတယ်။
ဒီနှစ် ရန်ကုန်မှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲမှာ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ရမ်းဗြဲ၊ ရသေ့ တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်စတဲ့ မြို့နယ်တွေ ကိုယ်စားပြုတဲ့ ရေပက်မဏ္ဍပ်တွေ၊ ရခိုင်အမျိုးသမီး အသင်း(ရန်ကုန်)၊ လေးဝတီ ကုလရက္ခိတ အဖွဲ့၊ ရွှေပြည်သာ ရခိုင်အမျိုးသား လူမှု ကူညီ စောင့်ရှောက် ရေး အသင်းနဲ့ ရခိုင်မောင်မယ် အသင်းတွေကို ကိုယ်စားပြုတဲ့ ရေပက်မဏ္ဍပ်တွေနဲ့ လောင်းလှေကြီးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေရဲ့ တန်ဖိုးထားစရာ ဓလေ့ထုံးစံတွေထဲက တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတို့ရဲ့ ရိုးရာသင်္ကြန်ကို နိုင်ငံတော် အဆင့်အထိ ကျင်းပလာခဲ့ပြီး၊ တိုင်းရင်းသား ပေါင်းစုံလာရောက် ဆင်နွှဲနိုင်ကြတဲ့ အကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက ဖိတ်ခေါ်ထားပါတယ်။ လက်မှတ် ကြိုတင် ဝယ်စရာမလို၊ ဝင်ကြေး အလှူငွေကလည်း မများလှတာမို့ ရခိုင်သင်္ကြန်ကို သွားရောက် လေ့လာနိုင်ဖို့ လမ်းညွှန်လိုက်ပါတယ်။ ။