ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ တက်ရောက် ဆေးကုသမှု ခံယူနေတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာတယ်လို့ သိရပါတယ်။
အသက် ၈၅ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဦးဝင်းတင်ဟာ အသက်ရှုလမ်းကြောင်းနဲ့ အဆုပ်ပြွန် ယောင်ရမ်းမှု ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။
မနေ့ကတော့ အထူးကြပ်မတ်ဆောင်ကနေ စီတီစကင် (CT Scan ) သွားရောက် ရိုက်ကူးစစ်ဆေးမှု ခံယူပြီးနောက် သက်သာမှုများ တွေ့ရတယ်လို့ အနီးကပ် ပြုစုနေသူ တချို့က ပြောပါတယ်။
ဦးဝင်းတင်ရဲ့ မတ်လ ၁၂ ရက် မွေးနေ့ပွဲ အပြီး အသက်ရှုကျပ်လာတဲ့အတွက် လမ်းမတော်မြို့နယ်က Green Cross ဆေး ရုံမှာ ဆေးကုသမှု ခံယူခဲ့ရာမှ သက်သာမှုမရှိဘဲ ဝိတိုရိယ ဆေးရုံ၊ အဲဒီနောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရဲ့ အထူးကြပ် မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။
သတိလစ် မေ့မျောပြီး အောက်စီဂျင်နဲ့ အသက်ရှုနေရပြီး စိုးရိမ်ရတဲ့ အခြေအနေက ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။
သတင်းသမား ဘဝကို ပိုမိုမြတ်နိုးတဲ့ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေအပေါ် နယ်ပယ် အသီးသီးက ထင်ရှားတဲ့ သူတွေ၊ သံတမန်တွေ သွားရောက် အားပေးမှုတွေ ရှိကြသလို၊ ဦးဝင်းတင် ကျန်းမာရေး အမြန်ဆုံး ပြန်လည် ကောင်းမွန် စေ ဖို့ စုဝေးပြီး ဆုတောင်းမှုတွေ လုပ်နေကြပါတယ်။
ဦးဝင်းတင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ နာယက တဦးဖြစ်သလို၊ အကျဉ်းထောင်က ပြန်လွတ်မြောက် လာကတည်းက NLD ပါတီ အင်းအား ပိုမိုကောင်းလာရေး၊ အခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ NLD ပါတီအကြား ဟန်ချက် ညီ မဟာမိတ် ဆက်ဆံရေးတို့အတွက် အဓိကနေရာက ရပ်တည်နေသူ တဦးဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အကျဉ်းထောင် အတွင်း အခက်အခဲ အကြပ်အတည်းများနဲ့ ခါးသည်းတဲ့ ဖိနှိပ်မှုဒဏ်တွေကို ဖြတ်သန်းခဲ့ရပြီး၊ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ ခေတ်ရဲ့ဝန်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင် နေဆဲလို့လည်း ဆိုနိုင်ပါတယ်။
အရင် အစိုးရများ လက်ထက်ကတည်းက သတင်းစာဆရာ အဖြစ် တိုင်းပြည်ရဲ့ တာဝန်ကို တထောင့် တနေရာက အစဉ် တစိုက် ထမ်းဆောင်လာခဲ့သူလည်း ဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီး စတင်ဖြစ်ပွားခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက နာမည်ကြီး မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုပြီး အစဉ် တစိုက် အားပေးထောက်ခံလာခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးဆိုတဲ့ ကြီး ၃ ကြီးနဲ့ စုဖွဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ စတင် ထူထောင်စဉ် ကာလကတည်းက ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစုအဖွဲ့ တတ်/သိ (တတ်သိပညာရှင်များ) မှာ အမာခံ တဦးအဖြစ် ရပ်တည်ပါဝင် လာခဲ့သူလည်းဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် NLD ရဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ကို ကနဦး ချမှတ်ခဲ့သူ ဦးဝင်းတင်ဟာ နဝတ စစ်အစိုးရရဲ့ အညှိုးထား ပစ်မှတ်ထား ခံရသူ တဦးဖြစ်ခဲ့ရပြီး ကိုယ်ဝန် ဖျက်ချမှုနဲ့ ပတ်သက်သူလို့ စွပ်စွဲခံရသူကို လက်ခံထားမှု၊ တရားခံကို အားပေး ကူညီသူအဖြစ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရပါတယ်။
ဒါအပြင် နောက်ထပ် နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ဆက်ခါဆက်ခါ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်တွင်း ၁၉ နှစ် ကျော်ကြာ နေခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။