ရန်ကုန် သီလဝါ အထူးစီပွားရေးဇုန် ပထမစီမံကိန်း တည်ဆောက်ရန် ပြောင်းရွှေ့ဖယ်ရှားခံရသည့် ဒေသခံများ အတွက် အစားပြန် ပေးသော နေရာသည် မြေအနေအထားကြောင့် အခက်အခဲ တွေ့ရသဖြင့် ထပ်မံ ညှိနှိုင်းပေးရန် ဒေသခံများက တောင်းဆို လိုက်ကြောင်း သိရသည်။
အစား ပြန်ပေးသော နေရာသည် ရွှံ့များ ထူထပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲခြင်း၊ လုပ်ငန်းခွင်နှင့် ဝေးလံခြင်း တို့ကြောင့် ရွှေ့ပြောင်းအပြီး ၅ လခန့် အကြာတွင် အိမ်ထောင်စု တချိူ့မှာ ငွေကြေး အပါအဝင် အခက်အခဲများ ဖြစ်ပေါ်လာကြ သည် ဟု ဆိုသည်။
ထို့ကြောင့် JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ)နှင့် ထပ်မံညှိနှိုင်းရန် ဧပြီ ၇ ရက်က တောင်းဆိုခြင်း ဖြစ်ကြောင်း သီလဝါ ဒေသခံများ ဖွဲ့စည်းထားသည့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ကိုယ်စားလှယ် ဦးမြလှိုင်က ပြော သည်။
“အလုပ်ဆင်းလို့ ရတဲ့ တနေ့ ဝင်ငွေက ကျပ် ၃၅၀၀၊ ၈ မိုင်လောက် ဝေးတဲ့ သီလဝါ စီမံကိန်းက အလုပ်ခွင်ထဲကို သွားဖို့ ဆိုင်ကယ် ကယ်ရီခက အသွားအပြန်ဆို ၃၀၀၀ ကျပ် ဆိုတော့ ဘယ်လိုလုပ် အလုပ်ဆင်းနိုင်ကြတော့မှာလဲ၊ ပြောင်းပေးတဲ့ နေရာမှာလည်း ဘာအလုပ်မှ လုပ်လို့ရတာ မဟုတ်ဘူး၊ ကျောင်းဆိုလည်း ဝေးတော့ ကျောင်းသား ၁၅ ဦးလောက် ကျောင်းကနေ အထုတ်ခံလိုက် ရတာမျိုး ရှိနေပြီ၊ တချို့ဆို အိမ်ကိုပေါင်၊ ရောင်းကြရတာနဲ့ နေစရာပျောက်တဲ့ ဘဝကို ရောက်နေကြပြီ”ဟု ၎င်းက ဆိုသည်။
JICA ၏ လမ်းညွှန်မှုဖြင့် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ဆူမီတိုမို စသော ကုမ္ပဏီများ က သီလဝါ အထူး စီးပွားရေးဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံ နေကြခြင်း ဖြစ်သည်။
JICA နှင့် တွေ့ဆုံခွင့် ရရန် တင်ပြချက်ကို အကြောင်းပြန်ကြားခြင်း မရှိလျှင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ တွေ့ဆုံခွင့် မရလျှင် သီလဝါ စီမံကိန်း ကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားချက် များ အပေါ် ကန့်ကွက်သွားမည် ဖြစ်ကြောင်း သီလဝါ ဒေသခံများကို လိုက်ပါ ကူညီပေးနေသော ပဒေသာမိုး အရပ်ဘက် အဖွဲ့အစည်းမှ ဒေါ်ဝေဝေလွင်ကလည်း ဧရာဝတီသို့ ပြောသည်။
“ဒီတွေ့ဆုံခွင့်ကို ကျမတို့က မကန့်ကွက်ခင် အရင်ညှိနှိုင်းလို့ ရအောင် လုပ်တဲ့ သဘောပါ၊ ဒါကိုမှ သူတို့ဘက်က အကြောင်း မပြန် ဘူး ဆိုရင်တော့ ကျမတို့က JICA’s Environmental and Social Consideration၊ The Objection Procedures on JICA’s Guidelines အဖွဲ့တွေကို ကန့်ကွက်မှာပါ၊ ဒါဆိုရင် ဒီအဖွဲ့အစည်းတွေကလည်း စီမံကိန်းကို လာရောက် စစ်ဆေးမှုတွေ လုပ်မှာပါ။ အဲဒီအခါမှာ မျက်နှာပျက်စရာတွေ မဖြစ်အောင်လို့ အခုအချိန်ကတည်းက ညှိနှိုင်း ဆောင်ရွက် သင့်ပါတယ်”ဟုလည်း ၎င်းက ဆို သည်။
သီလဝါ စီမံကိန်းမှ ပထမ အဆင့် ပြောင်းရွှေ့လိုက်ရသော ဟက်တာ ၄၀၀ အတွင်း နေထိုင်သည့် မိသားစုများကို လျော်ကြေးယူ ရန် ဖိအားပေး၍ သဘောတူလက်မှတ် ထိုးခိုင်းခြင်း၊ စီမံကိန်းနှင့် ပတ်သက်သော သတင်း အချက်အလက်များ ပြည့်စုံစွာ ထုတ်ပြန် မှု မရှိခြင်း၊ ပြန်လည် နေရာချထားရေး အစီအစဉ်နှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများ ရေးဆွဲရာတွင် ဒေသခံ လူထု အပြည့်အ၀ ပါဝင်ခွင့် မရရှိခြင်းများ နှင့် ပတ်သက်ပြီး JICA သို့ တင်ပြထားသော စာတွင် ရေးသားထားသည်။
ပထမအဆင့် စီမံကိန်း နေရာ ရွှေ့ပြောင်းမှုတွင် အဆင်မပြေခြင်း၊ အခက်အခဲများ ဖြစ်ပေါ်သည့် အတွက် သီလဝါ ဒုတိယ အဆင့် စီမံကိန်း ဟက်တာ ၂၀၀၀ အတွင်းမှ မိသားစု ၁၀၇၀၊ လူဦးရေ ၄၅၀၀ ခန့်က ထပ်မံ ပြောင်းရွှေ့ ပေးရမည်ကို စိုးရိမ်နေကြကြောင်း လည်း JICA သို့ တင်ပြသော စာတွင် ရေးသားထားသည်။
ယင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးစိုးမင်းက သီလဝါ စီမံကိန်း သည် နိုင်ငံတော် စီမံကိန်း ဖြစ်သည့်အတွက် သီလဝါ စီမံကိန်း အရေးနှင့် ပတ်သက်ပြီး ဒေသခံများ နစ်နာမှု မရှိရန် အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများကို မြေနေရာ အကျယ်အဝန်းက အစ လျှပ်စစ်မီး၊ လမ်းများ အထိ ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“လမ်းမခင်းရသေးလို့ ကွန်ကရစ်လမ်းလည်း ခင်းပေးခဲ့ပါတယ်၊ အိမ်အကျယ်ကိုလည်း ပြည်သူတွေအလိုကျ ၂၅ ပေ၊ ပေ ၅၀ ဖြစ် အောင် စီမံ ပေးခဲ့တယ်၊ မီးကိုလည်း ချက်ချင်း ဖြစ်အောင် လုပ်ပေးတယ်၊ ဒါပေမယ့် တချို့က လောဘစိတ်နဲ့ ပြောဆိုနေတာက မကောင်းဘူး၊ ရေကိစ္စ အဆင်မပြေဘူး ဆိုတာ ကျနော် မသိသေးဘူး၊ ကျနော် သွားကြည့်ပါ့မယ်၊ တကယ် လိုအပ်ရင် ဒါက ဖြည့် ဆည်း ပေးရမှာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။