ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တပ်မတော် အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိကြောင်း ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောဆိုလိုက်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေး အဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲ နောက် ဆုံး နေ့တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက “မူတွေကိုပဲ ကိုင်ပြီး လုပ်ဆောင်ရမယ် ဆိုတာမျိုး မဟုတ်ဘူး၊ ဒါက နားလည်မှု လွဲနေကြတာပါ၊ တပ် အနေနဲ့က ဘယ်လောက် ငြိမ်းချမ်းချင်လဲဆိုတာ ဆွေးနွေးပွဲတွေမှာ မြင်နိုင်ပါတယ်၊ စိတ်ရှင်းရှင်းနဲ့ပဲ ငြိမ်းချမ်း ချင်တာပါ”ဟု ဆို သည်။
ယခု ပြုလုပ်သည့် ဆွေးနွေးပွဲ၌ တက်ရောက်လာကြသည့် တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့များက ပြောဆိုနေသည့် တပ်မတော် ဘက်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေးဆွဲ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒ (၆) ချက်ကို အဓိက လက်ကိုင်ထား ဆွေးနွေးနေသည်ဟု တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောဆိုနေသည့် အပေါ် ၎င်းက ပြန်လည် ပြောဆိုခြင်း ဖြစ် သည်။
ကာကွယ်ရေး ဦးစီးချူပ် ချမှတ်ထားသည့် မူဝါဒ (၆) ချက်၌ ၂၀၀၈ အခြေခံ ဥပဒေ အတိုင်း ဆောင်ရွက်ရန် ဆိုသည့်အချက် ပါရှိနေပြီး တိုင်းရင်းသားများ အတွက် အဟန့်အတားတရပ် ဖြစ်နေ၍ ယင်းမူဝါဒအတိုင်း သွားနေမည် ဆိုပါက အလုပ်ဖြစ်မည် မဟုတ်ကြောင်း NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောသည်။
“အပစ်ရပ်ရေး မူကြမ်း မိုးမကုန်ခင် ရဖို့တော့ တပ်က ညှိဖို့ လိုတာပေါ့၊ တပ်ဘက်က ညှိပေးရင်တော့ ရမယ်၊ အခုက တပ်က တင်း လိုက် လျှော့လိုက်ပဲ၊ ကာချုပ် ပြောတဲ့ ၂၀၀၈ ကို လိုက်နာ ကျင့်သုံးရမယ်လို့ ပြောနေတဲ့ သူ့မူနဲ့ လုပ်နေရင်တော့ ဘယ်လိုမှ အဆင် ပြေမယ် မထင်ဘူး”ဟု ဦးခွန်ဥက္ကာက ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ ၆ ချက်တွင် ထာဝရ ငြိမ်းချမ်းရေး ရယူရန်၊ သဘောတူ စာချုပ်များ အတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ် အမြတ် မထုတ်ရန်၊ ဒေသခံ ပြည်သူများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲ ဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါ ဆောင်ရွက်ရန်တို့ ပါဝင်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက “ဒီ ၆ ချက်က လက်ရှိ ဥပဒေနဲ့ အညီ ဖြစ်ဖို့လည်း လုပ်ရမှာပါ၊ အခုအချက်တွေမှာ ဥပဒေအတိုင်း လုပ်မယ်ဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စတွေ ရှိသေးတယ်၊ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ချုပ်ဖို့ ဒီမလိုလားတဲ့ အချက်တွေကို ထပ်မံ ညှိနှိုင်းပြီး ပယ်သင့်တာတွေ ပယ်ရမှာပါ၊ တိုင်းရင်းသား အဖွဲ့တွေက အခုအချိန်အထိ ဥပဒေပြင်ပက ဖြစ်နေတော့ ဥပဒေနဲ့ အညီ သွားဖို့က မဖြစ်နိုင်သေးဘူး၊ ငြိမ်းချမ်း ရေး အကောင်အထည် ဖော်လိုရင် ကျနော်တို့ လိုလားချက်တွေကို ဆွေးနွေးရမှာပါ၊ ဥပဒေအတိုင်း လုပ်ရမယ် ဆိုရင် ကျနော်တို့က ဥပဒေထဲက လူဖြစ်ရမယ်”ဟု ပြောသည်။
UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး မူကြမ်းတစောင် ထွက်ရှိခဲ့သော်လည်း ကိုယ်ပိုင် ပြဌာန်းခွင့်၊ တော်လှန်ရေး၊ ဖက်ဒရယ် စသော မူပိုင်းဆိုင်ရာ စကားအသုံးအနှုန်းများ သဘောတူညီမှု မရရှိသေးကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
ယခု ပြုလုပ်သည့် နှစ်ဘက် ဆွေးနွေးပွဲတွင် ယခင် ဆွေးနွေးပွဲများက အတည်ပြုခဲ့သော နိဒါန်းနှင့် အခန်း (၇) ခန်းကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက် ပါဝင်သည့် နှစ်ဘက် သဘောတူ ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့သော်လည်း အသေး စိတ် ရှင်းလင်းချက်များ မပါရှိကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ဆိုသည်။
ယခု ရရှိလာသည့် အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့က ခေါင်းဆောင် များအား ပြန်လည်ချပြ ဆွေးနွေးကြမည် ဖြစ်ပြီး လာမည့် မေလဆန်းပိုင်း၌ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက“နှစ်ဘက် ကိုယ်စားလှယ် အနေနဲ့ မေလ ပထမ အပတ်ထဲမှာ ဆွေးနွေးဖို့ သဘောတူ ထား တယ်၊ မူကြမ်း ပထမအဆင့် ထွက်ပေါ် လာခဲ့ပါတယ်၊ ဒါကို နှစ်ဘက် သဘောတူ ထားပါတယ်၊ ဒီကြေညာချက်ကို ထုတ်ပြန် နိုင်ခဲ့ တယ်၊ ပထမ အဆင့်မှာလည်း အကောင်းဆုံး ဆွေးနွေးနိုင်ခဲ့ ပါတယ်”ဟု ပြောသည်။
ယခုဆွေးနွေးပွဲတွင် NCCT အဖွဲ့ဝင် မဟုတ်သော ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN (K) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။