ယခုရာသီသည် နိုင်ငံခြားခရီးသွား နည်းပါးသည့် ကာလ ဖြစ်သော်လည်း မြန်မာ့ရိုးရာ သင်္ကြန်ကို စိတ်ဝင်စားကာ လာရောက် လည်ပတ်လိုသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် များပြားလာသည်ဟု သိရသည်။
မြန်မာ့ရိုးရာ သင်္ကြန် ရေကစားရန် စိတ်ဝင်စား၍ လာရောက် လည်ပတ်သူများ ရှိပြီး ရိုးရာသင်္ကြန်ကို လေ့လာလိုသူများလည်း ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဒီလိုလက ခရီးသွားရာသီ မဟုတ်တော့ဘူး၊ သင်္ကြန်ကို စိတ်ဝင်စားလို့ လာတဲ့သူတွေကိုတော့ မန္တလေးနဲ့ ရန်ကုန်ကို အဓိက ပို့ပါတယ်၊ လုံခြုံရေးပိုင်း ကိုတော့ တော်တော်ယူပေး ရတယ်၊ လာတဲ့ခရီးသွားတွေက တနှစ်ထက်တနှစ် ပိုများလာတယ်၊ မန္တလေးမှာ ဟိုတယ်နဲ့ ခရီးသွားမဏ္ဍပ် ဆောက်ပါမယ်”ဟု ဦးတင်ထွန်းအောင်က ပြောပြသည်။
ခရီးသွားဧည့်သည်များ ရေကစားသည့် အခါတွင်လည်း အပူမရှပ်အောင် ကြိုတင် သတိပေး ပြောပြရကြောင်း၊ တချို့ နိုင်ငံခြား သားများ မဏ္ဍပ် ထိုင်ချင်ပါက စိတ်ချသည့်နေရာကို စီစဉ်ပေးကြောင်း၊ သင်္ကြန်ရက်တွင် ပျော်ပါးသည့် သူ များပြားသည့် အတွက် နိုင်ငံခြားသားများအား ထိခိုက်မှု မဖြစ်ရန် ဂရုစိုက်ရကြောင်း၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဆွဲဆောင်မှု တခုအနေဖြင့် ပြုလုပ်နိုင် မည် ဆိုပါက ကမ္ဘာလှည့် ခရီးသွား ပိုမို ဝင်ရောက်လာနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“သင်္ကြန်ကို နိုင်ငံခြားသားတွေ တော်တော် စိတ်ဝင်စားကြတယ်၊ မြန်မာ့သင်္ကြန်နဲ့ ထိုင်းသင်္ကြန်ကို ယှဉ်ပြီး လေ့လာချင်တဲ့ သူတွေလည်း ရှိတယ်၊ မဏ္ဍပ် ထိုင်ချင်တဲ့ သူတွေကိုလည်း အန္တရာယ် မဖြစ်အောင် စီစဉ်ပို့ဆောင် ပေးပါတယ်”ဟု ဂျပန်ဘာသာ ဧည့်လမ်းညွှန် ဒေါ်တင်နွယ်အေးက ဧရာဝတီသို့ ပြောသည်။
မြန်မာ့ရိုးရာ သင်္ကြန် အကြောင်းကို သိရှိသည့် ခရီးသွား အများစု လာရောက်ကြပြီး လက်ရှိတွင် ခရီးသွား ဧည့်လမ်းညွှန်များကို လာရောက်ချိတ်ဆက်မှု ပိုများလာကြောင်း၊ သင်္ကြန်ရက်ပိုင်း အတွင်း ခရီးသွားများ အတွက် အစစအရာရာ ပိုမိုဂရုစိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။
“သင်္ကြန် ပွဲတော်ကို နိုင်ငံခြား ခရီးသွားတွေ တနှစ်ထက် တနှစ် ပိုပြီးလာကြတယ်၊ သင်္ကြန်မှာ ရေပက်တာတွေကို သူတို့တတွေက စိတ်ဝင်စားမှုများတယ်၊ သင်္ကြန်မှာ တခြားနယ်တွေထက် မန္တလေးနဲ့ ရန်ကုန်လောက်ပဲသွား ကြပါတယ်”ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ဧရာဝတီသို့ ပြောသည်။
သင်္ကြန်တွင်း ကာလ အတွက် ဟိုတယ်အခန်းများ ပြည့်နေပြီ ဖြစ်ပြီး ပြည်ပခရီးသွားထက် ပြည်တွင်း ခရီးသွားပိုများကြောင်း၊ ပြည် ပ ခရီးသွားများက ကြိုတင်အခန်းမှာယူမှု နည်းပါးကြောင်း မန္တလေးမြို့ Mother World ဟိုတယ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောဆိုသည်။
ထို့အပြင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် ရုံးများပိတ်သဖြင့် ပြည်တွင်း ခရီးသွား လည်ပတ်မှု များပြားသည့် ကာလလည်း ဖြစ် သည်။ တချို့က ပြည်တွင်း ဘုရားဖူးသွားကြပြီး တချို့သည် တရုတ်နယ်စပ်ဒေသ အထိ သွားရောက် လည်ပတ်ကြကြောင်း ပြည် တွင်း ဘုရားဖူး ဝန်ဆောင်မှု လုပ်ငန်းများမှ သိရှိရသည်။
“ပြည်တွင်းအနှံ့ ဘုရားဖူးတွေလည်း များတယ်၊ တရုတ်ပြည် နယ်စပ်အထိ သွားကြတယ်၊ ထိုင်းနယ်စပ်ကိုတော့ ဘုရားဖူး မသွားကြပါဘူး”ဟု ရွှေကြေးစည် ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြား ခရီးသွားဧည့်သည် ပေါင်း ၂၀၄၄၃၀၇ ဦးဝင်ရောက် လည် ပတ် ခဲ့ကြောင်း သိရသည်။