သင်္ကြန်အချိန်အခါတွေ ဆိုရင် အနုပညာရှင် အများစုနဲ့အတူ တီးဝိုင်း (Band) ကြီးကြီးငယ်ငယ်တွေ လက်မလည်အောင် အလုပ်ရှုပ် တတ်ကြပါတယ်။
မဏ္ဍပ်တွေကလည်း ကြီးရင်ကြီးသလို ငယ်ရင်ငယ်သလို သူတို့ မဏ္ဍပ်တွေ စည်ကားဖို့ အနုပညာရှင်တွေကို လာထိုင်စေကြတာ သင်္ကြန်ယဉ်ကျေးမှု တခုလို ဖြစ်နေပါပြီ။
ပြီးတော့ ဘယ်တီးဝိုင်း ဘယ်မှာရှိမယ် ဆိုတာကလည်း သင်္ကြန် လည်ပတ်မယ့်သူတိုင်း သိထားမှသာ ခရီးစဉ်ဆွဲတဲ့အခါ ဘယ် တီး ဝိုင်းရှိမယ့် နေရာကို ဘယ်လိုသွားမယ် ဆိုတာ စီစဉ်ဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနှစ်သင်္ကြန်မှာ အနုပညာရှင်တချို့နဲ့ တေးဂီတ Band တချို့ ဘယ်မှာဖျော်ဖြေဖို့ ရှိမယ်ဆိုတာ ဧရာဝတီ ပရိသတ်တွေ သိစေဖို့ တင်ပြပေးလိုက် ပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗို ကတော့ ဒီနှစ် မန္တလေးက Alpine မဏ္ဍပ်မှာ ပရိသတ်တွေကို သီဆိုဖျော်ဖြေမှာ ဖြစ်ကြောင်း သိရပါတယ်။
“ကျမ ဒီနှစ် မန္တလေးက Alpine မဏ္ဍပ်မှာ ရှိမှာပါ၊ ပရိသတ်တွေကို ဖျော်ဖြေရင်း ဒီနှစ်သင်္ကြန်ကို ကျော်ဖြတ်မှာပါ”လို့ သူက ဆိုပါတယ်။
IC Band နဲ့ အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း နဲ့ လားဟေဆက် တို့ကတော့ ပြည်လမ်း Air Bagan မှာ ရှိပါမယ်။
Lazy Club တေးဂီတဝိုင်း ကတော့ ဒီနှစ် သင်္ကြန်မှာ ပရိသတ်တွေကို ဖျော်ဖြေဖို့ ရန်ကုန်မြို့တော် ခန်းမမှာ ရှိမယ်လို့ ဂစ်တာ နိုင် ဇော်က ဟြေပါတယ်။
Emperor တီးဝိုင်းကတော့ ဒီနှစ် သင်္ကြန်မှာ ရန်ကုန်မြို့ ၈ မိုင်က မြိုင်ဟေဝန် ပန်းခြံမှာ ရှိမှာပါလို့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ဇနီး မမေခိုင်ဆီက သိရပါတယ်။
ကျော်ထွဋ်ဆွေ ကတော့ ရန်ကုန်နဲ့ မန္တလေး ညှိနေတုန်းမို့ မသေချာသေးပါဘူး။ နန်းဆုရတီစိုး ကတော့ သင်္ကြန်မှာ မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ ပရိသတ်တွေကို ဖျော်ဖြေရင်း ဒီနှစ်သင်္ကြန်ကို ကုန်ဆုံးမှာပါ လို့ ဟြေပါတယ်။
“နန်းဆု ဒီနှစ် သင်္ကြန် မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုပြီး ဖျော်ဖြေမှာပါ၊ မန္တလေးက ပရိသတ်တွေနဲ့လည်း နှစ်တိုင်းလိုလို တွေ့ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
အကယ်ဒမီ ခန့်စည်သူကတော့ ဒီနှစ် သင်္ကြန်ကို မန္တလေးက Alpine မဏ္ဍပ်မှာ ပရိသတ်တွေကို ဖျော်ဖြေရင်း ဖြတ်သန်းမယ် လို့ သိရပါတယ်။
“ကျနော် ဒီနှစ် သင်္ကြန် မန္တလေးက Alpine မဏ္ဍပ်မှာ ရှိမှာပါ၊ ငယ်ငယ်ကတော့ သင်္ကြန်ဆို ကားနဲ့ လည်ရတာ ပျော်တာပေါ့၊ ကြီး လာတော့လည်း မဏ္ဍပ်ထိုင်ရတာပေါ့လေ”လို့ သူက ဧရာဝတီ ကို ပြောပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းထဲက Grand Royal မဏ္ဍပ်မှာတော့ Dream Lover Music Band နဲ့အတူ ချစ်ကောင်း၊ လင်းလင်း၊ ဆိုတေး၊ ဇွဲပြည့်၊ အလင်းရောင်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်း ဇင်မာမြင့် နဲ့ လိမ္မော်သီး တို့က ပရိသတ်တွေကို ဖျော်ဖြေရင်း ဖြတ်သန်းမယ် လို့ သိရပါတယ်။
ဘယ်မဏ္ဍပ်မှာ ဘယ်သူထိုင်မယ်၊ ဘယ်တီးဝိုင်း ဘယ်မှာရှိမယ် ဆိုတာတွေထက် အရေးကြီးတဲ့ကိစ္စ ရှိနေပါသေးတယ်။
အဲဒါကတော့ သင်္ကြန်ရေကစားကြရင်း မဏ္ဍပ်ဖျော်ဖြေပွဲတွေမှာ ကဲကြရင်း မတော်တဆ ထိခိုက် ဒဏ်ရာရခဲ့မယ် ဆိုရင်တော့ ကူညီ မယ့်သူက မဖြစ်မနေ လိုလာပါလိမ့်မယ်။ သူကတော့ အများသိထားပြီးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ပါပဲ။ သူဘယ်မှာ ရှိမယ် ဆိုတာကလည်း တော်တော် အရေးကြီးပါတယ်။
အကယ်ဒမီ ကျော်သူ ကတော့ ဒီနှစ်သင်္ကြန်ကို နာရေးကူညီမှု အသင်းက အဖွဲ့ဝင်တွေနဲ့ အတူ ထိခိုက် ဒဏ်ရာ ရသူတွေရှိရင် ကူညီနိုင်ဖို့ ရန်ကုန်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ သင်္ကြန်မှာ ထိခိုက် ဒဏ်ရာ ရတဲ့သူတွေကို အရေးပေါ် ကူညီနိုင်အောင် Ambulance နှစ်စီး အသင့် စီစဉ် ထား တယ်၊ လူစည်ကားတဲ့ နေရာတွေမှာ ထားပြီး အရေးပေါ် ကယ်ဆယ်နိုင်အောင်လို့ပါ၊ ကျနော် ကိုယ်တိုင် ကတော့ ဘေးကနေပဲ ညွှန်ကြားပေးမှာပါ” လို့ ဦးကျော်သူက ဧရာဝတီကို ပြောပြပါတယ်။