အင်္ဂလိပ်တို့က မြန်မာနိုင်ငံကိုစစ်ရေး ကျူးကျော်မှုနှင့်အတူ ပြေးခုန်ပစ် ကစားနည်းနှင့် အခြားသော အားကစားနည်း တချို့ကို မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် လာခဲ့သည်။ သို့သော် ပြေးခုန်ပစ် လှုပ်ရှားမှု အဝန်းအဝိုင်းမှာ သေးငယ် ကျဉ်းမြောင်းသည်။
ရန်ကုန်တွင် တပ်စွဲထားသည့် နယ်ချဲ့တပ်များအတွင်း ပြိုင်ပွဲများနှင့်အတူ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းလောက် အောင်ပင် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပပေးသည်။ သို့ရာတွင် စနစ်တကျတော့ ဟုတ်မည် မထင်ပါ။ အဘယ်ကြောင့် ဆိုသော် ကိုက် ၄၄၀ (မီတာ ၄၀၀) ပတ်လည် ပြေးကွင်းကို ဘီအေအေ ကွင်းတွင် ၁၉၃၅ ခုနှစ်ကျမှ စတင်ပြုလုပ်ပေးနိုင်ခဲ့သည်။
ပြေးခုန်ပစ် အားကစားနည်းတွင်လည်း အခြားသော အားကစားနည်းများ နည်းတူ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်က မြန်မာအမျိုးသမီး များ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၆၊ ၄၇ ခုနှစ် လောက်ကျမှသာ အားကစားလောက အတွင်းသို့ မြန်မာအမျိုးသမီးများ မရဲတရဲ စတင် ဝင်ရောက် ခဲ့ကြသည်။ ပြေးခုန်ပစ် ပြိုင်ပွဲမှ စတင်သည်။
မြန်မာအမျိုးသမီးများ အားကစားလောကတွင်း သို့ စတင် ဝင်ရောက်ကြခြင်းမှာ “မယ်” ရွေးပွဲများမှ စတင်သည်ဟု ဆိုရမည် ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ၁၉၄၇၊ ၄၈ မြန်မာပြည် တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မယ်ဗမာ ခင်စန်းကြွယ်က အမျိုးသမီး သံလုံးပစ် အားကစားတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမ ရွှေတံဆိပ် ရခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ထူးချွန်ထင်ရှားသော အမျိုးသမီး အားကစားသမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ဝူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ် (ခင်စိုးသိုက်) စသူတို့ လောက်သာ အခြားသော အားကစားနည်းများမှ ထူးချွန်သည့် အမျိုးသမီး အားကစားသမားများ ရှိသည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် မြန်မာနိုင်ငံ၏ အမျိုးသမီး အားကစားကဏ္ဍကို စတင်ဖွင့်လှစ်လိုက်သူ နှစ်ဦးမှာ (ဒေါ်) လီလီကြာညွန့်နှင့် ဒေါ်ခင်ဌေးတို့ ဖြစ်ကြသည်။
၁၉၅၄ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။ နိုင်ငံတကာ ပြိုင်ပွဲနှင့် အာရှ အားကစားပွဲတွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ကြသည့် မြန်မာ အားကစားမယ် နှစ်ဦးပင် ဖြစ်သည်။ ဒေါ်ခင်ဌေးက သံပြားဝိုင်းပစ်တွင် ပဉ္စမ ရသည်။ ဒေါ်လီလီကြာညွှန့်က သံလုံးပစ်တွင် ဆဋ္ဌမ ရသည်။
၁၉၅၀ ခုနှစ် ဂျပန်နိုင်ငံ တိုကျို အာရှအားကစား ပြိုင်ပွဲတွင်မူ မြန်မာအမျိုးသမီး အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရကြ ပါ။
သို့သော် ၁၉၅၉ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည့် ပထမ အကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင်မူ မြန်မာ အမျိုးသမီး အားကစားသမား သုံးဦးက ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ သုံးဦးစလုံးမှာ ပြေးခုန်ပစ် သမားများ ဖြစ်ကြသည်။ ဂရေစီကား၊ မေမေရီနှင့် ခင်ခင်ထွေးတို့ ဖြစ်ကြသည်။ မီတာ ၈၀ တန်းကျော် ပြေး၊ အမြင့်ခုန်နှင့် လှံတံပစ် ပြိုင်ပွဲတို့ပင် ဖြစ်သည်။
ထို အမျိုးသမီး သုံးဦးမှာ နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ဆုကို ပထမဦးစွာ ဆွတ်ခူးပေးခဲ့သူ အမျိုးသမီး အားကစားသမားများ ဖြစ်ကြသည်။ (ဒေါ်) ခင်ဌေးကလည်း သံပြားဝိုင်းပစ်တွင် ဒုတိယ ငွေ တံဆိပ် ရရှိခဲ့သည်။ ရွှေတံဆိပ်ရှင် သုံးဦးနှင့် ငွေတံဆိပ် တဦးတို့မှာ မြန်မာ အမျိုးသမီးများ အတွက် နိုင်ငံတကာ အားကစား ပြိုင်ပွဲ တခါးဖွင့်ပေးခဲ့သူများပင် ဖြစ်သည်။
ဂရေစီကား ခေါ် မမိုးအေးမှာ ကချင်ပြည်နယ်သူ ဖြစ်သည်။ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ အမျိုးသမီး အားကစားမှူး ပထမပတ် သင်တန်းဆင်း ဖြစ်သည်။ ဂရေစီကားသည် ပြေးခုန်ပစ် အပြင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော အားကစား နည်းတို့ အပြင် ရေကူး ကျွမ်းကျင်သူ တဦးဖြစ်သည်။
၁၉၅၉ ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတွင် ဂရေစီကား ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး၊ အရှေ့တောင် အာရှကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု၊ ငွေတံဆိပ် ၂ ဆု၊ ကြေးတံဆိပ် ၃ ဆု ဆွတ်ခူး ခဲ့သည်။ မြန်မာနိုင်ငံတွင် ကျင်း ပသည့် ဒုတိယ အကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် မီတာ ၈၀ တန်းကျော်ပြေး နှင့် မီတာ ၁၀၀ ပြေးပွဲတို့တွင် ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ကြောင့် ဒုတိယဆု ရရှိခြင်း ဖြစ်သည်။
ဂရေစီကားသည် ၁၉၆၂ ခုနှစ်တွင် ဖင်လန်နိုင်ငံ ဟယ်လင်စင်ကီးမြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် ကျောင်းသား လူငယ်ပွဲ တက်ရောက်ခဲ့ဖူးသည်။ ပြေးခုန်ပစ်ပြိုင်ပွဲ၊ မီတာ ၈၀ တန်းကျော်ပြေးပွဲတွင် စတုတ္ထ ရသည်။ လူငယ်ပွဲတော် အလှမယ် ရွေးပွဲတွင် ဒုတိယရသည်။ ဂရေစီကား ခေါ် မမိုးအေးမှာ အရှေ့တောင်အာရှ အဆင့်မှာပင် ရွှေတံဆိပ် နှစ်ဆုသာ ဆွတ်ခူးနိုင်သူဖြစ်သည်။ သို့သော် ဂရေစီကားသည် မြန်မာ အမျိုးသမီး ပြေးခုန်ပစ်သမားများ အတွက် နိုင်ငံတကာပြိုင်ပွဲ တံခါးကို စတင်ဖွင့်လှစ်ပေးသူ ဖြစ် သည်။
နိုင်ငံတကာပြိုင်ပွဲများ သွားရာလမ်းကို စတင်ဖောက်သူများထဲတွင် တဦး အပါအဝင်ဖြစ်သည်။ ဂရေစီးကားမှာ အမျိုးသမီး ပြေး ခုန် ပစ်သမားများ၏ လေးစားကြည်ညိုခြင်း ခံရသည့် အမျိုးသမီး အားကစားခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။
ဂရေစီကား ခေါ် ဒေါ်မိုးအေးမှာ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချ နေထိုင်လျက် ရှိသည်။ ဂရေစီကား၏ ပြေးခုန်ပစ် အားကစားသမား နိုင်ငံတကာအဆင့်တွင် ၁၉၅၉ ခုနှစ်၌ ရွှေတံဆိပ် စတင်ဆွတ်ခူးခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် နောက်ထပ် ရွှေတံဆိပ် တဆု ရရှိခဲ့သည်။ ထို့နောက် ပြေးခုန်ပစ် အားကစားသမားဘဝမှ အနားယူကာ နည်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်သည်။
ဂရေစီကား နည်းပြဆရာ ဘဝတွင် အောင်မြင်ကျော်ကြားသော ပြေးခုန်ပစ် အားကစားမယ် တယောက် ပေါ်ပေါက်ခဲ့ သည်။ ရခိုင်ပြည်နယ်သူ၊ ချင်းတိုင်းရင်းသူ မခင်ပု အမည်ရှိသူ ဖြစ်သည်။ ယခင်က မြန်မာပြည် အားကစား လောကတွင် လုံး၀ မပေါ်ပေါက် သေး သည့် ပြေးခုန်ပစ် အားကစားသမား တဦးဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
မခင်ပုသည် ၁၉၆၉ ကျွန်းဆွယ်၊ ပြေးခုန်ပစ် အားကစားနည်း ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းအချိန် အထိ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆု ပြိုင်ပွဲ တပွဲတည်း၌ ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးနိုင်သည့် အမျိုးသမီး အားကစားသမားများ မပေါ်ပေါက်သေးပါ။
မခင်ပုသည် မီတာ ၁၀၀၊ မီတာ ၂၀၀ လှံတံပစ်နှင့် မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း ပြေးပွဲတို့တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရုံသာမက မီတာ ၁၀၀ ပြေးပွဲတွင် ၁၂ ဒသမ ၁ စက္ကန့်ဖြင့် လည်းကောင်း၊ မီတာ ၂၀၀ တွင် ၂၅ ဒသမ ၄ စက္ကန့်ဖြင့် လည်းကောင်း၊ လှံတံပစ်တွင် ၄၄ ဒသမ ၆၀ မီတာဖြင့် လည်းကောင်း စံချိန်သစ် ၃ ခု တင်နိုင်ခဲ့ သည်။
မခင်ပုမှာ ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲ ပြီးသည့်နောက် အားကစားလောကမှ အနားယူသွားပြီး မြန်မာပြည် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။
မခင်ပု အနားယူသွားပြီးနောက် ၄ နှစ်ကြာမှ မြန်မာပြေးခုန်ပစ် လောကတွင် ထူးချွန်ထင်ရှားသည့် အမျိုးသမီး အပြေးမယ် ၂ ဦး ပေါ်ပေါက်ခဲ့သူများမှာ မာမာမင်းနှင့် သန်းသန်းတို့ ဖြစ်ကြသည်။
မာမာမင်းနှင့် သန်းသန်းတို့ နှစ်ဦးစလုံးမှာ အရှင်မွေး၍ နေ့ချင်းကြီးကြသည့် လက်ရွေးစင် အားကစားသမားများ မဟုတ်ကြပါ။ အောက်ခြေမှ စကာ တဆင့်ပြီးတဆင့် တက်လာရသူများ ဖြစ်သည်။
ကျောင်းသား အားကစားပွဲတော်များမှ တဆင့် ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ၊ ယင်းမှ တဆင့် တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးမှ လက်ရွေးစင်ဘဝသို့ တက်လှမ်းခဲ့ကြသူများ ဖြစ်ကြသည်။ မာမာမင်း လက်ရွေးစင်ဘ၀ အောင်မြင်မှုကို ၁၉၇၃ ခုနှစ် စင်ကာပူတွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲမှ စတင်ခဲ့သည်။ အမျိုးသမီး မီတာ ၈၀၀ ပြေးပွဲတွင် စံချိန်သစ် ၂ မိနစ် ၁၂ ဒသမ ၇ စက္ကန့်ဖြင့် ပထမ ရွှေတံဆိပ် ရရှိခဲ့သည်။ မီတာ ၄၀၀ လက်ဆင့်ကမ်း ပြေးပွဲတွင် ရွှေတံဆိပ်တဆုနှင့် မီတာ ၄၀၀ ပြေးပွဲတွင် တတိယ အကြိမ် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ မာမာမင်းသည် အမျိုးသမီး မီတာ ၄၀၀ နှင့် ၈၀၀ အပြေးသမား ဘ၀ မှ ၁၉၇၇ SEA Games တွင် မီတာ ၁၅၀၀ ပြေးပွဲတွင် စတင် ဆုရရှိသည်။ ဒုတိယ ငွေတံဆိပ်ဖြစ်သည့် မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင်မူ ရွှေတံဆိပ်ရသည်။ ၁၉၇၉ ဂျကာတာ ဆီးဂိမ်းတွင် မီတာ ၃၀၀၀ ပြေးပွဲ၌ ဒုတိယ ငွေတံဆိပ် ရသည်။
၁၉၈၃ စင်ကာပူ ဆီးဂိမ်းတွင် မီတာ ၁၅၀၀ ပြေးပွဲတွင် စံချိန်သစ် ၄ မိနစ် ၂၆ ဒသမ ၇၃ ဖြင့် ပထမ ရွှေတံဆိပ် ရသည်။ မီတာ ၃၀၀၀ ပြေးပွဲ၌လည်း စံချိန်သစ် ၉ မိနစ် ၃၀ ဒသမ ၃၁ စက္ကန့်ဖြင့် ရွှေတံဆိပ် ရသည်။ မာရသွန် ပြေးပွဲ၌မူ တတိယ ရသည်။ ၁၉၇၃ ခုနှစ်တွင် အမျိုးသမီး မီတာ ၄၀၀ အပြေးသမားဖြင့် ပြေးခုန်ပစ် အားကစားကို စတင်ခဲ့သူ မာမာမင်း ၁၁ နှစ်အကြာ ၁၉၈၃ ခုနှစ် ရောက်သည့် အခါ ၂၆ မိုင် ၃၈၅ ကိုက် ပြေးရသည့် မာရသွန် အပြေးသမား ဘဝသို့ ကူးပြောင်း ရောက်ရှိသွားသည်။ ၁၉၈၇ ခုနှစ် ဂျကာတာ ဆီးဂီမ်းတွင် မီတာ ၁၀၀၀၀ ပြေးပွဲနှင့် မာရသွန် ပြေးပွဲတွင် စံချိန်သစ် ၂ နာရီ ၅၀ ဒသမ ၅၁ စက္ကန့်ဖြင့် ပထမ ရွှေတံဆိပ် ရခဲ့သည်။ ၁၉၈၉ ခုနှစ် ကွာလာလမ်ပူ ဆီးဂိမ်း မီတာ ၁၀၀၀၀ ပြေးပွဲတွင် ပထမ ရွှေတံဆိပ် ရရှိခဲ့သည်။
မာမာမင်းသည် SEAP နှင့် SEA Games တွင်သာမက အာရှအားကစားပွဲ၊ အာရှအမျိုးသမီး မာရသွန်ပြိုင်ပွဲ၊ ကွာလာလမ်ပူ ဖိတ်ခေါ် အမျိုးသမီးမာရသွန် ပြိုင်ပွဲနှင့် ကမ္ဘာ့အိုလံပစ် အားကစားပွဲများပင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။
အီရန်နိုင်ငံ တဟီရန်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အာရှအားကစားပွဲ ၁၉၇၄ တွင် ကြေးတံဆိပ် ရရှိသည်။ မီတာ ၄၀၀ လက်ဆင့်ကမ်း အလံကိုင် ပြေးပွဲတွင် ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပသည့် အာရှ အမျိုးသမီး မာရသွန်ပြိုင်ပွဲတွင် ၂ နာရီ ၄၁ မိနစ် ၅၂ စက္ကန့်ဖြင့် ပြေးပြီး တတိယ ရသည်။
ထိုင်းဘုရင် အသက် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မီတာ ၃၀၀၀၀ ပြေးပွဲ၌ ငွေတံဆိပ်နှင့် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် မလေးရှားအိုပင်း ပြေးခုန်ပစ် ပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲတွင်၂ နာရီ ၃၆ မိနစ် ၃၇ စက္ကန့်ဖြင့် ပြေးပြီး ရွှေတံဆိပ် ရသည်။ မာမာမင်းမှာ ခင်ခင်ထွေးနှင့် အတူ ၁၉၈၈ ခုနှစ်၌ တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ အမျိုးသမီး အားကစားသမားများပင် ဖြစ်သည်။ မာမာမင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၇ အထိ ၁၅ နှစ်အတွင်း ရွှေတံဆိပ် ၁၀ ဆု၊ ငွေတံဆိပ် ၇ ဆု၊ ကြေးတံဆိပ် ၅ ဆုဆွတ်ခူး နိုင်ခဲ့သည်။ ထူးချွန် ထင်ရှားသည့် မြန်မာ အမျိုးသမီး အားကစား သမားများထဲတွင် ပြေးခုန်ပစ် အားကစား သမားများက အများစု ဖြစ်နေသည်။
စာဖတ်သူများနှင့် မိတ်ဆက်ပေးရမည့် နောက်ထပ် ထူးချွန်ထင်ရှား အောင်မြင်ကျော်ကြားသည့် ပြေးခုံပစ် အားကစားသမား သုံးဦးမှာ ခင်ခင်ထွေး၊ သန်းသန်းနှင့် ဂျနီဖာတင်လေး တို့ပင် ဖြစ်သည်။ ။
ဆက်လက် တင်ပြသွားပါမည်။