နှစ်စဉ် သင်္ကြန်ကာလ ရောက်တိုင်း ကြုံတွေ့ရတဲ့ ပြဿနာများစွာ ရှိတတ်တဲ့ အထဲမှာ သောက်ရေသန့် ရှားပါးမှု ကလည်း ပြဿနာတရပ် အနေနဲ့ ပါဝင်နေပါတယ်။
သင်္ကြန်တွင်းမှာ သောက်ရေသန့် ပို့တဲ့ သူတွေ နားကြတာ၊ ရေသန့်စက်ရုံ တချို့ ပိတ်တာတွေကြောင့် သောက်ရေ အတွက် ကြိုတင်ပြင်ဆင် မထားသူတွေ အခက်အခဲ ဖြစ်ကြရပါတယ်။ သောက်ရေသန့်တွေ မပေါ်ခင် ကာလက ဒီလိုပြဿနာ မတွေ့ရပေမယ့် လူတွေအားလုံး သောက်ရေသန့် ယဉ်ကျေးမှုနဲ့ ယဉ်ပါးသွားချိန်မှာ ပြဿနာ တက်ကြရတာပါ။ အထူးသဖြင့် ရန်ကုန်မြို့လယ် အထပ်မြင့် တိုက်ခန်းတွေ၊ ဓာတ်လှေခါး မရှိတဲ့ တိုက်မြင့်တွေမှာ ပိုမိုကြုံတွေ့ရ နိုင်ပါတယ်။
ဒီလို သောက်ရေ ပြတ်လပ်မှုမျိုး သင်္ကြန်တွင်းမှာ မကြုံတွေ့ရအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေထဲက အကောင်းဆုံး ကိုယ် တိုင် လုပ်ဆောင်ထား နိုင်တာကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ကိုယ်တိုင် ဝီရိယထား မှာယူဖို့လိုတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။
သင်္ကြန်တွင်းကာလ သောက်သုံးရေ အခက်အခဲ ဖြစ်ရတဲ့ အကြောင်းရင်း တွေကတော့ အများအားဖြင့် ရေသန့်စက်ရုံတွေက ရက်ခြားထုတ်တာ၊ ပိတ်ရက် သတ်မှတ်လိုက်တာ၊ ရေသန့်ဘူး ပို့တဲ့ ဖြန့်ဖြူးရေး လုပ်ငန်းတွေ ရပ်နားတာနဲ့ ရေသန့် ပို့ဆောင်သူ အများစု နယ်ပြန်ကြတာတွေကြောင့် ဖြစ်တယ်လို့ ရွှေအင်းလေး ရေသန့် ဖြန့်ဖြူးရေးမှ သိရပါတယ်။
“ကျနော်တို့ ရေသန့်စက်ရုံက သင်္ကြန်မှာ တရက်ပိတ် တရက်နား လုပ်မယ်၊ ဖွင့်တဲ့နေ့တော့ ဖြန့်ဖြူးရေး ဆိုင်တွေကို အရောက် ပို့ပေးမှာပါ၊ ဈေးနှုန်းလည်း အပြောင်းအလဲ လုပ်ဖို့ မရှိပါဘူး”လို့ အဆိုပါ ရေသန့် စက်ရုံက တာဝန်ရှိသူ တဦးက ပြောပါတယ်။
သူက ဈေးအပြောင်းအလဲ မရှိဘူးလို့ ဆိုပေမယ့် သင်္ကြန်တွင်း ကာလမှာ သောက်ရေသန့် အပါအဝင် အရက်၊ ဘီယာ၊ အချိုရည်နဲ့ တခြား ကုန်ပစ္စည်းတွေ အားလုံး ဈေးတက်တာကတော့ ထုံးစံလို ဖြစ်နေပါပြီ။
“တခြားနိုင်ငံတွေမှာကတော့ နိုင်ငံနဲ့ ဆိုင်တဲ့ ပွဲဆိုရင် ပွဲတော်ရက်မှာ ပစ္စည်းတွေ ဈေးမကစား နိုင်အောင် ထိန်းပေးတာတွေ ရှိတယ်၊ ပွဲတော်ဆိုပေမယ့် ဈေးက ခေါက်ချိုးတက်တာမျိုး မရှိဘူး၊ ဒီမှာကတော့ အဲဒီလိုတွေ ရှိသေးတယ်၊ နောက် ရေပြဿနာ ဆို ရင်လည်း သူတို့အစိုးရက တနိုင်ငံလုံးကို ရေသန့်ပဲ ပေးဝေထားတာ ဆိုတော့ ဒီပြဿနာတွေ မဖြစ်ဘူး၊ ကုန်စည်၊ လမ်းပန်းကိစ္စတွေမှာဆို အစိုးရက ပွဲတော်ရက် မတိုင်ခင် ကြေညာတယ်၊ ဘယ်လောက် ဈေးလောက်တက်မယ်၊ နောက်ဘာတွေ လုပ်ထားဖို့ပေါ့၊ ဒီမှာကတော့ ဒီလိုဖြစ်ဖို့ လိုပါသေးတယ်”လို့ အမေရိကန် နိုင်ငံမှာ ပညာသင်ကြားနေသူ ကိုဥက္ကာမောင်က သူ့ရဲ့ နိုင်ငံတကာ အတွေ့အကြုံကို ပြောပြပါတယ်။
သင်္ကြန်တွင်း ကာလမှာ ရေသန့် စက်ရုံတွေကနေ ရေသန့်ဘူး ပို့ဆောင်ခတွေ တိုးကောက်လာတဲ့ အတွက် ဖြန့်ဖြူးရေး လုပ်ငန်း တွေကလည်း ဈေးမြင့်လာရတာကြောင့် သင်္ကြန်ကာလမှာ ရေသန့်ဘူးဈေးက ၂ ဆ လောက် တိုးတက်တာတွေ ရှိတယ် လို့ သိရပါတယ်။
“သင်္ကြန်ကာလမှာက ဓာတ်ဆီ ဈေးတက်တယ်၊ နောက် ဒီရက်တွေက ပိတ်ရက်လေ၊ အလုပ်သမား တွေကလည်း အလုပ်မလုပ်ချင် တော့ဘူး၊ တနှစ်တခါ ဆိုတော့ ဒီချိန်က အခြေခံ ကုန်ကြမ်းတွေ ကလည်း ဈေးတက်တော့ ကျမတို့ ဘက်ကလည်း ဈေးတက်ရ တာပါ၊ တက်တယ် ဆိုပေမယ့် အများကြီး မတက်ပါဘူး၊ ၁၀ဝ လောက်ပဲ တက်မှာပါ”လို့ ရွှေအင်းလေး ရေသန့်စက်ရုံမှ မခိုင်က ရှင်းပြပါတယ်။
ဒီလို ရေသန့်ထုတ်တဲ့ စက်ရုံတွေက ပို့ဆောင်ရေး အတွက် ဈေးတက်လာတဲ့ အပေါ် ဖြန့်ဖြူးရေး အပိုင်းကလည်း လုပ်ငန်းအရ ဈေးပိုကောက်ရတယ် လို့ ရွှေအင်းလေး ရေသန့်ဖြန့်ချိရေး တာမွေမြို့နယ် တာဝန်ခံ ကိုမျိုးက ဆိုပါတယ်။
“ကျနော်တို့က သင်္ကြန်တွင်း ပိတ်ရက် မထားဘဲ ပို့ပေးမှာပါ၊ မနက်ပိုင်းရေ အရမ်းမပက်သေးတဲ့ အချိန်တို့၊ ညနေပိုင်းတို့ကို အဓိက ပို့ပေးမှာပါ၊ ဈေးကတော့ သာမန် အချိန်ထက် ၂၀ဝ လောက်ပဲ ပိုကောက်ပါတယ်၊ သာမန်ဆို မြေညီ၊ ပထပ်၊ ဒုထပ်ဆို တဈေး၊ အထပ်မြင့်တာကို တဈေး ကောက်ပါတယ်၊ ပုံမှန် ကောက်နေကျ ထက် ၂၀ဝ လောက်ပဲ ပိုပါမယ်၊ ပိုရတာကလည်း သင်္ကြန်တွင်း အလုပ်သမားဈေးက ပိုပေးရတာကြောင့်ပါ”လို့ သူက ဆက်ပြောပါတယ်။
သင်္ကြန်တွင်း ကာလမှာ ရေပို့သူ ဝန်ထမ်းတွေကို သာမန်ပေးဆောင်နေတဲ့ လစာအပြင် အပိုဆောင်း ပေးဆောင်ရတာတွေ ရှိတယ် လို့ သူက ဆိုပါတယ်။
“အများကြီး ပေးရတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် နည်းနည်းတော့ အပိုဆောင်း ပေးရတာတော့ ရှိတာပေါ့၊ သာမန်အချိန်ဆို လစာနဲ့ လုပ်ရင် လစာ ၄၀ဝဝဝ၊ နေစားစရိတ် အခမဲ့ ပေးတယ်၊ ဒါက အလုပ်သင်ပေါ့၊ ကျွမ်းသွားတဲ့ သူဆိုရင်တော့ ပို့ပေးတဲ့ ရေ သန့် ဘူး အရေအတွက်ပေါ် မူတည်ပြီး ရာခိုင်နှုန်းနဲ့ ယူတယ်၊ သင်္ကြန်ရက် ဆိုရင်တော့ ပိုပြီး ထပ်ဆောင်း ပေးရတာပေါ့”လို့ သူက ပြောပြပါတယ်။
သင်္ကြန် ကာလအတွင်းမှာ ငွေပိုရှာချင်သူတွေ ကလည်းရေသန့် ပို့ဆောင်ပေးတဲ့ အလုပ်ကို မဖျက်ဘဲ လုပ်သူတွေ ရှိသလို စီးပွားရှာတဲ့ အနေနဲ့ လုပ်ဆောင်ဖို့ တာစူနေသူတွေလည်း ရှိပါတယ်။
“မနှစ်ကတော့ မုံရွာပြန်တော့ အလုပ်ကို သူငယ်ချင်းတယောက်ကို အပ်ခဲ့တယ်၊ သူက အဲဒီ အတောအတွင်း တော်တော်လေး ထောသွားတယ်၊ ပို့တဲ့သူ မရှိတော့ သူပဲ တော်တော်ပို့ရတယ်၊ နောက်ဆုံး ဖြန့်ဖြူးရေးမှာတောင် ရေဘူးပြတ်သွားတယ်၊ သူ့ကို အားကျပြီး ဒီနှစ်တော့ ငွေရှာမယ်၊ ရေပက်လည်း ခံရတယ်၊ ဝမ်းလည်း ဝတယ်၊ တချို့ဆို ဒီအလုပ်က မဟုတ်ပေမယ့် ဒီငွေရှာချင်လို့ ဝင်လုပ်တာရှိတယ်၊ ဒီလိုအချိန်မှာက ရေသန့်ဖြန့်ဖြူးရေးတွေက ဘောက်ဆူး ပေးတာရှိတယ်၊ ရာခိုင်နှုန်းနဲ့ ဆိုလည်း ပိုပေးတယ်” လို့ ရေသန့်ပို့သမား ကိုဇော်က ဆိုပါတယ်။
ဒီလို သင်္ကြန်တွင်းကာလ သောက်သုံးရေ ရှားပါးမှုက ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ပိုအဖြစ်များပြီး မြို့လယ်ပိုင်းနဲ့ အနီးအနား မြို့တွေကတော့ အဖြစ်နည်းတယ် လို့ သိရပါတယ်။
“အိမ်သုံး ၂၀ လီတာဝင်ဘူး ဖြန့်တာက နေရာစုံကို ကျနော်တို့က ဖြန့်ပေမယ့် တချို့က ဆင်ခြေဖုံး အထိဆို စက်ရုံက မပို့နိုင်တာ ရှိတယ်၊ မပို့နိုင်တာက သင်္ကြန်တွင်းက ကားလမ်းတွေ ပိတ်တော့ တော်တော် ပြဿနာ တက်ရတယ်၊ ကြိုမှာ ထားရင်တော့ အကောင်းဆုံးပါပဲ”လို့ စနိုးကွင်းသောက်ရေသန့် စက်ရုံက ဦးသန့်မင်းက ဆိုပါတယ်။
ထုတ်လုပ်ရေးဘက်က ရပ်နားမယ့်ရက် ရှိပေမယ့်လည်း ဖြန့်ဖြူးရေးပိုင်းမှာ နားရက် မထားဘဲ ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။
“အစ်မတို့က သင်္ကြန်တွင်း မနားပါဘူး၊ ပို့ပေးမှာပါ၊ ဈေးက အမြဲတမ်း မှာတာတွေကိုတော့ ဈေးတက်တာ မရှိပါဘူး၊ ဒီဈေး အတိုင်း ပါပဲ၊ ကြိုကြား လာဝယ်တာ ဆိုရင်တော့ ဈေးတက်မှာပေါ့၊ နောက် သာရေး၊ နာရေး ဖြစ်လာရင် နာရေးဆို အစ်မတို့က ရေလှူပါမယ်”လို့ ရန်ကုန် ၃၁ လမ်းမှာ ရှိတဲ့ ရွှေမြင်းပျံ ရေဖြန့်ဖြူးရေး လုပ်ငန်းက ဆိုပါတယ်။
သင်္ကြန်တွင်း ကာလမှာ အိမ်သုံးရေသန့် ၂၀ လီတာဝင် ဘူးတွေ ဈေးတက်လာသလို တခါသုံး တလီတာ ရေသန့်ဘူးဈေးတွေ ကလည်း ထိုနည်းတူ ဈေးတက်တာတွေ ရှိပါတယ်၊ ဝယ်လိုအား များလာပြီး ပစ္စည်းပြတ်လပ်တတ်တဲ့ အတွက် အဓိက ဈေးတက်ကြ တာပါ၊ အဲဒီလို ရောင်းချတဲ့ ဆိုင်မှာ ပစ္စည်းပြတ်လပ်မှု မရှိအောင် အရင် မှာယူနေတာထက် ပိုပြီး ကြိုတင် မှာယူထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ရေသန့်ဘူး အငယ်တွေ ပို့တာကတော့ ပို့တဲ့စက်ရုံကိုက ဈေးတက်တာ ရှိတယ်၊ ဒီတော့ ကျမတို့လည်း ဈေးတက်ရတယ်၊ သင်္ကြန် မှာက ရေဝယ်တာ များတယ်၊ ဒီတော့ အရင်က ၁၀ ကတ်မှာရင် အခုက ကတ်၂၀၊ ၃၀ မှာတယ်၊ တချို့က မဏ္ဍပ်တွေ ကနေ လာ ဝယ် တာ ရှိတော့ ပိုမှာရတယ်၊ ပစ္စည်းက ပြတ်တယ်၊ စက်ရုံတွေက ထုတ်တာက နည်းတယ်၊ ပုံမှန်အတိုင်း ထုတ်တာ ရှိသလို၊ မထုတ်တဲ့ စက်ရုံတွေလည်း ရှိတော့ ဝယ်လိုအား များတော့ မနိုင်ဘူး”လို့ ရေသန့်ဘူး ရောင်းချတဲ့ ဆိုင်ရှင်တဦးက ပြောပါတယ်။
နာမည်ကျော် ရေသန့်တံဆိပ်တွေ ဖြစ်တဲ့ Alpine ၊ Oasis တို့ကတော့ သင်္ကြန်တွင်းမှာ ရက်ပျက်မရှိ ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုထားပါတယ်။