သင်္ကြန်ကာလကို အရက်သေစာနဲ့အတူ ကြိုဆို ပျော်ပါးလိုသူတွေ အနေနဲ့ အရက်တုတွေရဲ့ အန္တရာယ်ကို စဉ်းစားကြဖို့ လိုတယ် ဆိုတဲ့အကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က သတိပေး ပြောဆိုပါတယ်။
“အရက်ကတော့ ဘုရားမကြိုက်တဲ့ အလုပ်ပဲ၊ ဘုရား မကြိုက်တဲ့ အလုပ်လုပ်ရင်တော့ ဘယ်ဟာမှ မကောင်းပါဘူး၊ အရက်အတု၊ အစစ်ခွဲဖို့က လွယ်လွယ်ကူကူ လုပ်လို့တော့ မရဘူး၊ ဓာတ်ခွဲခန်းမှာ ခွဲစစ်မှရမယ်၊ ဒီတော့ ကိုယ့် အန္တရာယ် ကိုယ်ကြည့်ရှောင်ဖို့ လိုပါတယ်၊ ဘုရား မကြိုက်တာ မလုပ်ကြတာ အကောင်းဆုံးပါပဲ၊ ဒီမှာက အစားအစာ အတုတွေ ကလည်း ဝင်နေသလို၊ အရက်အတုတွေ ကလည်း ရှိနေတယ်၊ ဘယ်ဘာသာ မဆို အရက်သောက်တာ မကောင်းတာကို ပြောထားပြီးသားပါ” လို့ ဦးဗအုပ်ခိုင်က ဆိုပါတယ်။
အခုလို မဟာသင်္ကြန်ကာလ အချိန်မှာ အရက်သောက်ဖို့ တာစူနေသူတွေ အတွက်ကတော့ ဈေးကွက်တွင်း ပျံ့နှံ့နေတဲ့ အရက်တု အန္တရာယ်ကနေ ရှောင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ဈေးကွက် အတွင်းမှာ ပျံ့နေတဲ့ အရက်တု ပြဿနာကို ဖြေရှင်းဖို့ ကြံရွယ်နေဆဲမှာ အရက်တု လုပ်သူတွေကလည်း ဆက်လုပ်နေ တဲ့ အပြင်၊ အရှိန် ကောင်းနေဆဲပါ။ ဒီပြဿနာ အတွက် ကတော့ အဖြေရှာဖို့ ခက်ခဲတယ်လို့ ဆိုသူ တွေလည်း ရှိပါတယ်။ အရက်စစ်စစ် သောက်သုံးနိုင်ဖို့ တရားဝင် တင်သွင်းခွင့် ပေးသင့် မပေးသင့်က ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်နေတဲ့ အတွက် ခေါင်းခဲ စရာ ပြဿနာ တရပ်အဖြစ် ရှိနေတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုကြပါတယ်။
“ဗုဒ္ဓဘာသာ နိုင်ငံတခုဆိုတော့ ဒီအရက်ဘီယာ ပြဿနာကို ကိုင်တွယ်ဖို့က ခက်တယ်၊ တင်သွင်းခွင့် ပေးလိုက်ရင်လည်း ဘာသာရေးအရ အမြင်မကောင်းဘူး၊ မရှိတော့လည်း ပြည်သူတွေက အရက်စစ် သောက်ရဖို့ ခက်လာတယ်”လို့ စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
အရက်တု အန္တရာယ်အတွက် နိုင်ငံတကာ အရက်ထုတ် ကုမ္ပဏီတွေကို နိုင်ငံတွင်းမှာ တရားဝင် ခွင့်ပြုသွားဖို့ စီစဉ်နေတယ် ဆိုပေမယ့် ဝန်ကြီးဌာန အနေနဲ့ ချိန်ဆနေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။
“တံဆိပ်အစစ် ကုမ္ပဏီတွေ ဝင်လာရင် တချက်က ပြည်သူတွေ မှန်မှန်ကန်ကန် သောက်ရမယ်၊ နောက်တချက် ကတော့ သူတို့လာရင် သူတို့က သူတို့တံဆိပ်ကို အထိခိုက် မခံဘူးလေ၊ ဒီတော့ အတုလုပ်သူတွေလည်း ပပျောက် သွားမယ်”လို့ ဦးဝင်းမြင့်က ဆိုပါတယ်။
ဒီပြဿနာတွေက ရှင်းနိုင်ဖို့ လိုအပ်နေသေးချိန်မှာ ဈေးကွက်အတွင်း အရေအတွက် ထောင်သောင်းချီတဲ့ အရက်တု တွေကတော့ နေ့စဉ်ဝင်နေတယ် လို့ ရန်ကင်း သစ္စာရိပ်သာ လမ်းမကြီးပေါ်က စားသောက်ကုန် ရောင်းချနေတဲ့ ကုန်စုံဆိုင် တဆိုင်က သိရပါတယ်။
“ကျနော်တို့ ဆိုင်မှာ အစစ်အတုကို မျက်နှာကြည့်ခွဲရတယ်၊ တခါတလေလည်း မခွဲနိုင်ဘူး၊ လာအားပေးတဲ့ ဖောက်သည်တွေ ဆီက ပြန်သိရတာတွေလည်း ရှိတယ်၊ ဘယ်လိုမှ ခွဲလို့မရတာတွေ တောင်ရှိတယ်”လို့ ကုန်စုံဆိုင်ပိုင်ရှင် ကိုစည်သူက ပြောပါတယ်။
အရက်တု ထုတ်လုပ်တာမှာ ပြည်တွင်းက ထုတ်လုပ်မှုက အများဆုံးဖြစ်တယ် လို့ စီးပွားကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ရန်ကုန်တိုင်းဒေသကြီးမှာ ကျင်းပတဲ့ သမ္မတနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပထမဆုံး တွေ့ဆုံချိန်မှာ ဧရာဝတီကို ပြော ပါတယ်။
“ထုတ်လုပ်တဲ့ အပိုင်းက ပြည်တွင်းကနေပြီး အတုလုပ်တာ များတယ်၊ အဲဒီပြဿနာက ဖမ်းပေမယ့် အမြစ်ပြတ် မသွားဘူး၊ အရေး ယူတဲ့ အပိုင်းမှာလည်း အားနည်းချက်တွေ ရှိတယ်၊ ဒီတော့ စားသုံးသူ ဥပဒေကို အမြန်ဆုံး ရနိုင်ဖို့ လုပ်နေပါတယ်”လို့ သူက ဆိုပါတယ်။
ပြည်တွင်း နာမည်ကြီး စတိုးဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေမှာပါ အရက်တုတွေ ပျံ့နှံ့နေတယ် လို့ သိရပါတယ်။
“မြေနီကုန်းမှာဆို တကယ့်ကို နာမည်ကြီးတဲ့ ဆိုင်ပါ၊ သူ့မှာ အရက်တံဆိပ် မျိုးစုံရှိတယ်၊ ဥပမာ Green Labal ဆို ဈေးက တော် တော် များတယ်၊ ၁ လီတာ ဆိုတောင် ဈေးမနည်းဘူး၊ သူ့မှာက အဲဒီလို ပစ္စည်းမျိုး ၂ မျိုး ကိုင်တယ်၊ အစစ်ရှိတယ်၊ အတုရှိတယ်၊ တချို့ ကန်တော့တာမှာ အမြင်ကောင်းအောင် အတုတွေ ဝယ်ပေးတယ်၊ အဲဒီလို လုပ်လို့ရအောင် သူကနှစ်မျိုးကိုင်တယ်၊ ချီးဗက်စ် အတုတောင် ရှိတယ်”လို့ အရက်သောက်သုံးသူ တဦးက ပြောပါတယ်။
အရက်တု လုပ်ကြရာမှာ အရက်ကို တခြား အရက်ရောင် ပါဝင်တဲ့ အရောင်တခုခုကို မူလအရက်နဲ့ ရောတာပဲ ဖြစ်ဖြစ်၊ တချို့ ကိုယ်တိုင်ချက်လုပ်ထားတဲ့ အရက်ကို ဘူးထဲ၊ ပုလင်းထဲကို ပုံစံမပျက်သွင်းတာပဲဖြစ်ဖြစ် လုပ်ကြတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဆိုင်တွေမှာ အရက်ပုလင်း တံဆိပ်ကောင်းတွေ လာသောက်ရင် စဖောက်တဲ့အခါ တံဆိပ်မကွာအောင် စူးနဲ့ ထိုးဖောက် တာတို့၊ အရစ်ကိုလှည့်ဖောက်တာတို့ လုပ်တယ်၊ ပြီးရင် ပြန်ရောင်းတယ်၊ အောက်ထစ် ၃၀ဝ၀ ကနေ ၁၀ဝဝဝ အထိ ရတယ်၊ တချို့ကျတော့ အဲဒီလို ပုလင်းတွေ မဝယ်ဘဲ ကိုယ်တိုင်ပုံစံတူ လုပ်ပြီး ထုတ်တာ ရှိတယ်၊ ပုလင်း ပြန်ဝယ် ထည့်တော့လည်း ပုလင်း ပုံစံ မပျက် ထည့်တဲ့ နည်းပေါင်းစုံရှိတယ်”လို့ စားသောက် ဆိုင်တဆိုင်က စားပွဲထိုး ကိုကျော်ကျော်က ရှင်းပြပါတယ်။
မသမာမှု ပေါင်းစုံနဲ့ အရောင်းအဝယ် ဖြစ်နေတဲ့ အရက်တုတွေကတော့ ဈေးကွက်တွင်းမှာ ဝိသမ စီးပွားရေး သမားတွေရဲ့ လောဘ တွေကြောင့် ပုံစံမျိုးစုံ ပျံ့နှံ့လို့နေပါတယ်။ ဒီလို ပျံ့နှံ့နေမှုတွေ ရှိပေမယ့် ထိန်းချုပ်နိုင်ခြင်း မရှိသေးသလို ထိထိရောက်ရောက် ထိန်း သိမ်း ကာကွယ်နိုင်စွမ်းကတော့ မရှိသေးပါ။
အခုလို သင်္ကြန်ချိန်ခါမှာ ရေထက် အရက်က ပိုပေါနေပါတယ်။ ဘယ်နေရာမှာ မဆို အရက်က ရှိနေတတ်ပေမယ့် အတုအစစ်ကို ခွဲခြားရ ခက်လှပါ တယ်။ နာမည်ကြီး တံဆိပ်တွေ အပြင် မျိုးစုံသော နာမည်တွေ၊ တံဆိပ်တွေလည်း တွေ့နေရပါတယ်။ မဏ္ဍပ်တွေမှာဆိုရင်လည်း လူဝင်အောင် ဆွဲဆောင်တာမှာ အရက်မျိုးစုံကို ပုံစံမျိုးစုံနဲ့ ရအောင် ဖန်တီး ပေးထားတာတွေ ရှိပါတယ်။
ဒီလို အချိန်မှာ အတုအစစ် ဘယ်သူမှ မခွဲဘဲ၊ အလကား တိုက်နိုင်အောင်၊ ပေါပေါသောက်နိုင်အောင် လုပ်တာမှာ အရက်တုက ပိုမိုတွက်ခြေ ကိုက်တယ် လို့ သိရပါတယ်။
အခုလက်ရှိမှာ အရက်တင်မက ဝိုင်ကိုပါ အတုလုပ်တာတွေရှိပြီး တင်သွင်းနေတဲ့ SPY ဝိုင်ကိုတောင် ပုံစံတူအတု ဖန်တီးမှုတွေ ရှိလာတယ် လို့ စီးပွားရေး အသိုင်းအဝိုင်းက ဆိုပါတယ်။
အရက်ဆိုတာ အတုအစစ် ဘယ်ဟာပဲ ဖြစ်စေ တန်ဆေးလွန်ဘေး ဖြစ်တယ်လို့ ဦးဗအုပ်ခိုင်က ဧရာဝတီကို ပြောပါတယ်။
အသည်းအထူးကု ဆရာဝန် ဒေါက်တာ သက်ဇော်ကတော့ အရက်အစစ်ထက် အတုတွေက အသည်းကို ပိုမိုထိခိုက် စေကြောင်း၊ ဆိုးဆေးတွေကို အရောင်တူ ဖြစ်အောင် သုံးတာ၊ တင်လဲရည်တွေကို ပိုမို သုံးစွဲတာကြောင့် ဖြစ်ကြောင်း ရှင်းပြပါတယ်။
ဒီလိုရေထက် အရက်ပိုပေါနေတဲ့ သင်္ကြန်အချိန် ကာလမှာ မိမိအသက်နဲ့ ကျန်းမာရေးကို ကိုယ်တိုင် သတိရှိရှိ ကာကွယ်နိုင်ဖို့ ဆင်ခြင်တုံ တရားရှိဖို့ လိုမယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောကြပါတယ်။
စားသုံးသူတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း မရှိသေးတဲ့အတွက် အရက်တွေရဲ့ အန္တရာယ်ကို သမ္မတ ဦးသိန်းစိန် ကိုယ် တိုင် ၂၀၁၄ ခုနှစ်ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သတိပေးခဲ့ဖူးပါတယ်။ အရက်အစား နွားနို့ကိုသာ သောက်သုံးကြဖို့ သမ္မတကြီးရဲ့ သတိပေးစကားဟာ အဲဒီမိန့်ခွန်းထဲက ထင်ရှားတဲ့ သတိပေးစကား ဖြစ်နေဆဲပါပဲ။