စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနဲ့ မလွတ်ကင်းတဲ့အတွက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ လယ်တီ သိမ်တော်ကြီး မူလ ပုံစံမပျက် ပြောင်းရွှေ့ပေးဖို့ ရာနဲ့ချီတဲ့ ပြည်မြို့သူ မြို့သားများက ဒီနေ့ မနက်ပိုင်းမှာ ဆန္ဒပြ တောင်း ဆို ကြပါတယ်။
ရှေးဟောင်း သာသနိက အဆောက်အအုံ တခုဖြစ်တဲ့ လယ်တီသိမ်တော်ကို မူလ ပုံစံမပျက် ပြောင်းရွှေ့ပေးမယ်လို့ အရင်က ကတိပြုထားပေမယ့် အခုအခါမှာ သိမ်တော်ကို ဖျက်ဆီးပြီး အသစ် ပြန်ဆောက်မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အတွက် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကို ပြည်သူတွေက လိုလားမှု မရှိကြောင်း သိရှိစေဖို့ ရည်ရွယ်ပြီး ဆန္ဒပြရခြင်း ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့ ကိုကျော်ဆွေက ဧရာဝတီကို ပြောပါတယ်။
“လယ်တီသိမ်ကြီးကို ဘယ်နေရာကိုမှ မပြောင်းရွှေ့လိုဘူး၊ ရွှေပြောင်းမယ် ဆိုရင်လည်း အစီရင်ခံစာတွေမှာ ပါတဲ့အတိုင်း မူလပုံစံ မပျက် ရွှေ့ပြောင်းစေဖို့ လိုလားပါတယ်၊ အခုသိမ်ကို ဖျက်ပြီး အသစ်ပြန်ဆောက်ပေးမယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်၊ ကျနော်တို့ လယ်တီသိမ်တော်ကြီးကို ကာကွယ်ဖို့ အခွင့်အရေး ပြည်သူတိုင်းမှာ ရှိပါတယ်၊ ဒါဟာ အဲဒီက ဒေသခံတွေနဲ့တင် သက်ဆိုင် နေတာ မဟုတ်ပါဘူး၊ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ”လို့ သူက ဆိုပါတယ်။
အခုလို ဆန္ဒပြ တောင်းဆိုဖို့ ခွင့်ပြုမိန့်ကို တပတ်ကြိုတင်ခဲ့ပေမယ့် ဆန္ဒပြဖို့ သတ်မှတ်ထားတဲ့ရက် ရောက်ဖို့ နှစ်ရက် အလိုမှ ခွင်ပြုမိန့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ကိုကျော်ဆွေက ပြောဆိုပါတယ်။
“ဆန္ဒပြဖို့ ၂ ရက်အလိုမှ ခွင့်ပြုမိန့် ကျပါတယ်၊ ကျနော်တို့ နိုင်ငံသားတွေ ဘာအကျိုးမှ မခံစားရတဲ့ ဒီစီမံကိန်းကို ဖျက်သိမ်းပစ်ဖို့ အထိ တောင်းဆိုသွားမှာပါ၊ ဒီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆိုသူတွေလည်း ထောင်ချ ခံထားရပါတယ်၊ အဲဒါတွေကို အမြန် ဆုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆို နေပါတယ်”လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်မြို့မှာ လယ်တီသိမ်တော်ကြီး ပြောင်းရွှေ့ မပေးနိုင်ကြောင်း အခုလို ဆန္ဒပြ တောင်းဆိုမှုနဲ့ ပြီးခဲ့တဲ့ မတ်လ အတွင်းက တကိုယ် တော် ဆန္ဒဖေါ်ထုတ်ခဲ့တဲ့ အတွက် ဦးဆောင်ဆန္ဒပြသူ ကိုကျော်ဆွေကို ပုဒ်မ (၁၈) နဲ့ အရေးယူထားကြောင်း သိရပါတယ်။
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက် ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်ပြီး စီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲမှု ပြုလုပ်ခဲ့ပါတယ်။