၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလတွင် လူသတ်မှု အပါအဝင် မှုခင်းဖြစ်ပွားမှု စုစုပေါင်း ၁၉၄ မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့သဖြင့် မှုခင်းဖြစ်ပွားမှု မြင့်တက်ခဲ့ကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“သင်္ကြန်ကာလမှာ အမှုအခင်းဖြစ်လို့ အနည်းဆုံး ၁၅ ယောက်လောက် သေတယ်။ ၁၉၈ ယောက် ဒဏ်ရာ ရတယ်။ မှုခင်းက မနှစ်ကထက် နည်းနည်း ပိုဖြစ်တယ်” ဟု နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
သင်္ကြန်ကာလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ တရက်တည်း ဖြစ်ပွားသော မှုခင်းများမှာ လူသတ်မှု ၃ မှုတွင် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၅ ဦး၊ မုဒိမ်းမှု ၂ မှု၊ ယာဉ်မတော်တဆမှု ၇ မှုတွင် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာ ရသူ ၁၂ ဦး၊ ခိုက်ရန်ဖြစ်ပွားမှု ၃၀ တွင် ဒဏ်ရာရသူ ၅၁ ဦး ၊ ဝတ္တရားနှောင့်ယှက်မှု ၁ မှုတွင် ဒဏ်ရာရသူ ၂ ဦး ၊ ခါးပိုက်နှိုက်မှု ၆ မှု၊ လက်နက်ကိုင်ဆောင်မှု ၂ မှု၊ သေမှုသေခင်း ၂ မှုတွင် သေဆုံး ၂ ဦး၊ ကာယိန္ဒြေဖျက်ဆီးမှု ၃ မှု၊ အခြားအမှု ၄ မှုဖြင့် စုစုပေါင်း ၆၀ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇၀ ဦးရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
တနိုင်ငံလုံးတွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ သင်္ကြန်ကာလ ဖြစ်ပွားသော မှုခင်းများမှာ လူသတ်မှု ၄ မှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၅ ဦး၊ မုဒိမ်းမှု ၂ မှု၊ ယာဉ်မတော်တဆမှု ၁၆ မှုတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၃၈ ဦး၊ ခိုက်ရန်ဖြစ်ပွားမှု ၃၃ မှုတွင် ဒဏ်ရာရသူ ၅၇ ဦး၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု ၂ မှုတွင် ဒဏ်ရာရသူ ၂ ဦး၊ ကာယိန္ဒြေဖျက်ဆီးမှု ၄ မှု၊ လက်နက်ကိုင်ဆောင်မှု ၈ မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု ၂၆ မှု၊ မူးယစ်ရမ်းကားမှု ၁၃ မှု၊ အခြားအမှု ၄ မှု ၊ သေမှုသေခင်း ၄ မှုတွင် သေဆုံးသူ ၅ ဦးတို့ဖြင့် စုစုပေါင်း ၁၁၆ မှု ဖြစ်ပွားပြီး သေဆုံးသူ ၁၃ ဦး ၊ ဒဏ်ရာရသူ ၁၀၂ ဦး ရှိခဲ့သည်။