ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ မိုင် အကျော်တွင် ဧပြီလ ၁၂ ရက်နေ့ မနက် ၂ နာရီကျော်က ဖြစ်ပွားခဲ့သည် လူ ၁၂ သေဆုံးခဲ့သော ကားတိုက်မှုတွင် ယာဉ်မဆင်မခြင် မောင်းနှင်သူ တောင်ပြာတန်း မှန်လုံခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဖြူးမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်လာသော တောင်ပြာတန်း မှန်လုံခရီးသည်တင် ယာဉ်သည် ယာဉ်အမှတ် ၉က/—-၊ ချီဆာ ဆလွန်းအဖြူရောင်ကို ကျော်တက်နေစဉ် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ယာဉ် ၂ စီးလုံး တရွတ်တိုက်ပါသွားကြောင်း၊ ယင်းနောက် ချီဆာ ဆလွန်းယာဉ်ပေါ်သို့ ခရီးသည်တင် မှန်လုံယာဉ် ပိကျပြီး မီးလောင်ခဲ့ကြောင်း၊ တောင်ပြာတန်း ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦးနှင့် ဆလွန်းယာဉ်တွင် လိုက်ပါလာသော ရန်ကုန်တိုင်း ဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦး (၅၂ နှစ်)၊ ဇနီး ဒေါ်သန်းသန်းနု (၄၄ နှစ်)၊ သား မောင်နေသာဦး (၆ နှစ်) ၊ တူမ ၂ ဦး၊ ယာဉ်မောင်း ဦးဆန်းထွန်းနိုင် (၄၄ နှစ်) တို့ ၆ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အခင်းဖြစ်သည့်နေ့တွင် တောင်ပြာတန်း ခရီးသည်တင် ယာဉ်မောင်းက ထွက်ပြေးသွားကြောင်း စစ်ဆေးတွေ့ရှိပြီး ၎င်းနေထိုင်ရာ ရန်ကုန်မြို့ရှိ နေအိမ်သို့ သွားရောက်ရှာဖွေသော်လည်း အိမ်တံခါး ပိတ်ထားသည်ကို တွေ့ရကြောင်း၊ ယနေ့အချိန်အထိ တောင်ပြာတန်း ခရီးသည်တင် ယာဉ်မောင်းကို ဖမ်းဆီး အရေးယူနိုင်ရန်အတွက် စုံစမ်းဆဲဖြစ်ကြောင်း ဖြူးရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းထွဋ်အောင်က ဧရာဝတီသို့ ပြောသည်။
“အခုတော့ ခရီးသည်တွေရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်တဲ့အတွက် ဘယ်သူတွေ သေဆုံးတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရပါပြီ။ အားလုံး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးပါ” ဟု ရဲအုပ် ဝင်းထွဋ်အောင်က ဆိုသည်။
အခင်းဖြစ်စဉ်တွင် တောင်ပြာတန်း ခရီးသည်တင် မှန်လုံယာဉ် အရှေ့ပိုင်းတွင် မီးလောင်ခဲ့သည့်အတွက် ယာဉ်မောင်း သေဆုံးခြင်းရှိမရှိကို ချက်ချင်း အတည်မပြုနိုင်ခဲ့ကြောင်း၊ သေဆုံးသူများ၏ အနေအထားနှင့် ခရီးသည်အရေအတွက်ကို တိုက်ဆိုင်စစ် ဆေးသည့်အခါ ယာဉ်မောင်းမှာ ထွက်ပြေးခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း ဖြူးရဲစခန်းမှူး ရဲအုပ် ဝင်းထွဋ်အောင်က ဆိုသည်။
“ကျနော်တို့ အခင်းဖြစ်တဲ့ နေရာကိုရောက်တော့ ယာဉ်မောင်းနေရာမှာ တဦးက တွဲလဲကျ သေဆုံးနေ တာကိုတွေ့ရတယ်။ ဒါပေမယ့် တကယ်တမ်းစစ်ဆေး လိုက်တဲ့အခါမှာ သေဆုံးနေတဲ့သူက ယာဉ်မောင်း မဟုတ်ဘူး။ ဒါ့ကြောင့် ယာဉ်မောင်း ထွက်ပြေးရှောင် တိမ်းတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ညတွင်းချင်းပဲ အဲဒီယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင် လိပ်စာတွေကနေ ယာဉ်မောင်းဖြစ်သူကို သွားရှာတယ်။ မတွေ့ရဘူး။ ကျနော်တို့က ၃ ကြိမ်လောက်အထိ သူ့အိမ်ကို သွားကြည့်ဦးမယ်။ မတွေ့ရရင်တော့ တရားခံပြေးအဖြစ် သတ်မှတ်ရတော့မှာပေါ့” ဟု ၎င်းကဆိုသည်။
ထို့အတူ ဧပြီလ ၁၄ ရက်နေ့ကလည်း အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၆ မိုင် အကျော်တွင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် ၆င/—- နှင့် နေလ ခရီးသည်တင် မှန်လုံယာဉ် ၅ဂ/—- တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တက်လမ်း ခရီးသည်တင် ယာဉ်ပေါ်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း၊ နေလ ခရီးသည်တင်ယာဉ်မှ အမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။