မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက် လမ်းကြောင်းများကို နမူနာယူ လေ့လာသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ Xi Jinping နှင့် ဘေဂျင်း မြို့တွင် ဧပြီလ ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုကြောင်း တရုတ် Xinhua သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အာဆီယံ အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက ဒေသတွင်းနှင့် ကမ္ဘာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင် ရေးအတွက် တရုတ်နိုင်ငံက အထောက်အကူပေး သွားမည်ဟု သမ္မတ Xi Jinping က ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံက တရုတ်-အာဆီယံ ဆက်ဆံရေးကို ပိုမိုအားကောင်း စေရန်အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွား ရန် အသင့်ရှိသည်ဟုလည်း သူကဆိုသည်။
တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ရင်းနှီးချစ် ကြည်သော အိမ်နီးချင်းများဖြစ်ပြီး နှစ်နိုင်ငံ၏ အခြေခံအကျိုးစီးပွား နှင့် ကိုက်ညီသည့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုလည်း တိုးတက်နေကြောင်း Xi Jinping ကပြောသည်။
နှစ်ဘက်လုံးက မိမိတို့၏ ကျယ်ပြန့်သည့် ဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်ကြရန်၊ နိုင်ငံရေး ယုံကြည်မှုကို တိုးမြှင့်ရန်၊ နယ်ပယ်အားလုံးတွင် လက်တွေ့ ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို အားစိုက်ကြရန်လည်း သူက တောင်းဆိုလိုက်သည်။
တရုတ်နိုင်ငံက ၎င်း၏ ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်နေသလို မြန်မာနိုင်ငံကလည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် ပြုပြင် ပြောင်းလဲရေးများကို တက်တက်ကြွကြွဆောင်ရွက်နေသည့် အတွက် ၂ ဖက်လုံးက စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် အတွေ့အကြုံများ ဖလှယ်ကြရန် လည်း တရုတ်သမ္မတက တိုက်တွန်းလိုက်သည်။
ပါတီချင်း ဆက်ဆံရေးတွင်လည်း တရုတ် အာဏာရ ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံမှ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဆက်သွယ်မှုကို တိုးမြှင့်နိုင်ရန် ဆန္ဒရှိကြောင်း၊ ပါတီ ၂ခု လုံး၏ အုပ်ချုပ်ရေး စွမ်းရည် များ တိုးတက်လာရန်အတွက် ပါတီဝင် ကေဒါလေ့ကျင့်ရေးများ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်ရန်နှင့် အုပ်ချုပ်ရေး အတွေ့အကြုံများဖလှယ်ကြရန် တရုတ်သမ္မတက တိုက်တွန်းကြောင်း သိရှိရသည်။
ဦးရွှေမန်းကလည်း မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ၅ ချက်နှင့်အညီ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ် နိုင်ငံ၏ ကူညီမှုအပါအဝင် နိုင်ငံတကာ စင်မြင့်တွင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံကူညီမှုများကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းဖြစ်ကြောင်းနှင့် မြန်မာ အစိုးရနှင့် လွှတ်တော်ကလည်း တရုတ်နိုင်ငံ၏ ပြည့်စုံကျယ်ပြန့်သည့် လမ်းကြောင်းတခုမှ အသွင်ကူးပြောင်းမှုကို အထူးတန်ဖိုးထားကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများကို လေ့လာမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားမည် ဖြစ်သည်ဟုလည်း ဦးရွှေမန်းက ပြောသည်။