Culture

ဦးပိန်တံတား ရှေးဟောင်း အမွေအနှစ် စာရင်းက ပယ်ဖျက်ခံရတော့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမရပူရ တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားဟာ မူလရှေးလက်ရာ နည်းပါလာတဲ့အပြင် ထိန်းသိမ်းဖို့ ငွေကြေးမတတ်နိုင်တော့တဲ့အတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု စာရင်းက ပယ်ဖျက်ဖို့ ရှိနေကြောင်း သိရပါတယ်။

သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်တဲ့  ဦးပိန်တံတားကြီးကို ထောက်ခံထားတဲ့ တိုင်လုံးကြီးတွေဟာ အခုအခါ အောက်ခြေတွေ ဆွေးမြေ့လာနေပြီဖြစ်ပြီး အစားထိုးလဲလှယ်ဖို့ ငွေကြေး မလုံလောက်တဲ့အပြင် မူလရှေးဟောင်း လက်ရာတွေလည်း နည်းပါးလာပြီ ဖြစ်တဲ့အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနဲ့ ဆက်လက် ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။

“(ယဉ်ကျေးမှု) ဝန်ကြီး ဦးအေးမြင့်ကြူက တံတားကြီးက ပြုပြင်နေရတဲ့အတွက် အဓိပ္ပါယ် အနှစ်သာရ မရှိတော့ဘူး၊ မူလသစ်လုံးတွေက နည်းလာပြီ၊ နောက်ပြီး ထိန်းသိမ်းဖို့  ငွေမတတ်နိုင်တော့ဘူး။ အဲဒီအတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းက ပယ်ဖျက်ဖို့ ပြောလာတာပါ” လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အရာရှိတဦးက ဆိုပါတယ်။

ဦးပိန်တံတားဟာ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်ကြည့်ရှုကြသလို၊ နိုင်ငံခြားသားများ မသွားမဖြစ် သွားရောက်ကြတာကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ဝင်ငွေအများဆုံး ရှာဖွေပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်နေရာတချို့ကို တိုင်းဒေသကြီး အစိုးရများလက်သို့ လွှဲအပ် လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရကလည်း ဦးပိန်တံတားကို လွှဲပြောင်းရယူဖို့ ကြိုးစားလျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ လက်ထဲ ဦးပိန်တံတားကို ထိန်းသိမ်းဖို့ လွှဲအပ်လိုက်မယ် ဆိုရင်လည်း ရှေးဟောင်းဆိုင်ရာ ထိန်းသိမ်းရေး နည်းပညာ၊ လူအင်အား၊ ထိန်းသိမ်းနိုင်မှု စွမ်းရည်တွေ လိုအပ်တာကြောင့် ပိုမို ပျက်စီးသွားမှာကိုလည်း ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ရှိသူတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

စလေရုပ်စုံကျောင်း၊ ဦးပိန်တံတား၊ အင်းဝဒေသမှာရှိတဲ့ ဗားကရာကျောင်းတိုက်၊ မယ်နုအုတ်ကျောင်းလို ဗိသုကာလက်ရာ အရ တန်ဖိုးရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အမျိုးသားယဉ်ကျေးမှု ပြယုဂ်အဖြစ် ပြည်ထောင်စု အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာနကသာ ဆက်လက် ထိန်းသိမ်းသင့်တယ်လို့ အဆိုပါ အရာရှိက ဆက်လက်ပြောပါတယ်။

သက်တမ်း ၁၆၄ နှစ်ရှိပြီဖြစ်တဲ့ ဦးပိန်တံတားဟာ တမိုင်နီးပါးရှည်လျားတဲ့ သစ်သားတံတားဖြစ်ပြီး တိုင်လုံးပေါင်း ၉၈၄ တိုင်နဲ့ စတင်ဆောက်လုပ်ခဲ့ပေမယ့် ခုအခါမှာတော့ တိုင်ပေါင်း ၁၀၈၆ နဲ့ ထောက်ခံထားပါတယ်။

တောင်မြို့လို့ ခေါ်တဲ့ အမရပူနဲ့ တောင်သမန်ရွာများအကြား ဆက်သွယ်ထားပြီး လူ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်များ ယနေ့တိုင် ဖြတ်သန်း အသုံးပြုလျက်ရှိပါတယ်။

တောင်သမန်အင်းဟာ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့အတွက် အရင်က မိုးအခါမှာသာ ရေပြည့်ပြီး ဆောင်းနဲ့ နွေမှာတော့ ရေအနည်းငယ်သာ ရှိပေမယ့် စစ်အစိုးရ လက်ထက်မှ စတင်ကာ စီးပွားရေး လုပ်ငန်းရှင်တို့ကို ငါးမွေးမြူခွင့် ပြုလိုက်တဲ့ အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရေအပြည့် ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း တံတားကြီးကို ထောက်ခံထားတဲ့  သစ်သားကျွန်းတိုင်များဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ ရေအောက်မှာ နစ်မြုပ်နေတဲ့အပြင် ဆိုင်ကယ်များ နေ့ညမပြတ် သွားလာနေတဲ့အတွက် ပိုမို ယိုယွင်းလာတာပါ။

အရင်ကတော့ ရေကျသွားရင် တိုင်တွေကို ရေနံသုတ်၊ ပြုပြင်သင်တဲ့အပိုင်း ပြုပြင်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ  ရေအမြဲမြုပ်နေတဲ့အတွက် ကျွန်းတိုင်တွေဟာ ဆွေးမြေ့လာခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ကျွန်း၊ ပျဉ်းကတိုး စတဲ့ သစ်ကြီးဝါးကြီးတွေ ပေါများပြီး နိုင်ငံခြားကို သစ်လုံးလိုက်ပို့နေပေမယ့် ဦးပိန် တံတားက ဆွေးမြေ့လာနေတဲ့ ကျွန်းတိုင်လုံးကြီးတွေကို အစားထိုးဖို့တော့ အခုအချိန်မှာ ခဲယဉ်းနေတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

“နန်းတော်တိုင်ကြီးတွေကို ယူဆောက်တာဆိုတော့ အရင်လိုမျိုး တိုင်လုံးအရွယ်အစားရဖို့ မလွယ်သလို သစ်တောဌာနက ပေးနိုင်ဦးမှလေ။ သစ်လုံးသေးသေးနဲ့ အစားထိုးရင်လည်း ကြည့်မကောင်းဘူး” လို့ သူက ဆိုပါတယ်။

အဲဒီအတွက် ကျွန်းသစ်အစား အင်္ဂတေတိုင်များနဲ့ အစားထိုးဖို့ အကြံပြု ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ကျွန်းသစ်တံတားဆိုတဲ့ မူလ အဓိပ္ပါယ်ကနေ သွေဖည်သွားပြီး အင်္ဂတေတံတား ဖြစ်သွားမှာ ဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ ဒုဝန်ကြီး ဦးသန်းဆွေက မှတ်ချက်ချပါတယ်။

၁၈၄၉  ခုနှစ် ပုဂံမင်းလက်ထက်မှာ စစ်ကိုင်းနဲ့ အင်းဝရှိ နန်းတော်ဟောင်းမှ သစ်များနှင့် မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့တဲ့အတွက် ဦးပိန်တံတားလို့ အမည်တွင်ခြင်း ဖြစ်ပါတယ်။

အမရပူရမြို့ဝန် ဘိုင်ဆပ်က အာဏာသိမ်းလျှင် လွယ်ကူရန်အတွက် မြို့စာရေး ဦးပိန်အား တည်ဆောက်ခိုင်းခြင်း ဖြစ်တယ်လို့ ၁၉၅၆ ခုနှစ်ထုတ် ယဉ်ကျေးမှု စာစောင်မှာ ရေးသားထားပါတယ်။

တံတားတည်ဆောက်ရာမှာ သံရိုက်ခြင်းမရှိဘဲ သစ်လုံးများကို အပေါက်ဖောက်ကာ စနစ်တကျ တည်ဆောက်ထားကာ မြန်မာ့လက်သမား ပညာရပ်ကို ပြသခြင်းဖြစ်တဲ့အပြင် မြန်မာ့ကျွန်းသစ်ရဲ့ ခိုင်ခန့်မှု ပြယုဂ်လည်း ဖြစ်ပါတယ်။

မည်သည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့စေကာမူ လက်ရှိအချိန်မှာတော့ ကမ္ဘာသိ တံတားကြီးတစင်းဖြစ်ပြီး ဒီတံတားကြီးကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်နေသူများ ရှိတဲ့အတွက် တံတားကြီး ပြုပြင်ဖို့  နိုင်ငံတော်နဲ့ တခြားသော သူများကလည်း ဝိုင်းဝန်း ထိန်းသိမ်းသင့်တယ်လို့ ဒု ဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

တောင်သမန်းအင်းဘေးမှာရှိတဲ့ ရွာတွေမှာ ဦးပိန်လှူဒါန်းထားတဲ့ တခြားသော တံတားငယ် ၁၁ စင်းကိုလည်း မကြာသေးမီက ရှာဖွေ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading