ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေ ရက်သတ္တ တပတ်ကြာ သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
မြန်မာ-ဂျာမနီ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်တဲ့ အခါသမယမှာ ဒေါ်အောင်ဆန်းစုကြည်က ၄ ရက်တာ ဂျာမနီ ခရီးစဉ်ကို သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံက ချီးမြှင့်တဲ့ နိုင်ငံတကာ ဝီလီဘရန့် (Willy Brandt) ဆု လက်ခံရယူကာ ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ် အပါအဝင် ဂျာမန်လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဝီလီဘရန့်ဆု လက်ခံရယူတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အမှန်တကယ် မထွန်းကားသေးတာကို အလေးအနက် ပြောပါတယ်။
ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်အကဲဆတ်တဲ့ ကာလတခုမှာ ရောက်နေတာကို သတိပေးပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ စစ်တပ်ကို အထူး အခွင့်အရေး ပေးထားတာ အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေ မကိုက်ညီတာကို ထောက်ပြပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ဇောင်းပေးပြောဆိုသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ သုံးနှုန်းနေကျ ဒေါ်အောင်းဆန်းစုကြည်က နိုင်ငံသားတွေရဲ့ သဘောတူညီမှုမပါဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ တဖက်သတ် ဒီမိုကရေစီနည်းလမ်းမကျ Myanmar လို့ အမည်ပြောင်းလဲ ခေါ်ဆိုသတ်မှတ်ခဲ့တယ် ဆိုတဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
တဖက်က ဂျာမနီ ၂ နိုင်ငံ ပေါင်းစည်းမှုဟာ စေ့စပ်ညှိနှိုင်းမှုကြောင့်သာ ပေါင်းစည်းနိုင်ခဲ့တာကို မီးမောင်းထိုးပြပြီး အာဏာရှင် လက်အောက်ကနေ ရုန်းထွက်ရတာ ဘယ်လောက် ခက်ခဲသိမ်မွေ့တယ် ဆိုတာကိုလည်း နားလည် နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျာမန် ခေါင်းဆောင်တွေနဲ့ ပြောဆိုခဲ့ပါသေးတယ်။
ဂျာမန် အဓိပတိ အင်ဂျလာ မာကယ်လ်ကလည်း မြန်မာ့နိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမှုကို အားရကျေနပ်ကြောင်း ပြောဆိုပြီး ဂျာမနီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းပေါ်မှာ မှန်ကန်စွာ လျှောက်လှမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ အကူအညီ ပေးသွားမယ့်အကြောင်း ထုတ်ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ မရပ်မနား ဖြစ်ပွားနေဆဲ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး အခြေအနေ အမှန်အပေါ် နက်နက်ရှိုင်းရှိုင်း သိမြင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကို ဆက်လက်သွားခဲ့ပြီး ခရီးစဉ်အတွင်းမှာ ပြင်သစ်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲတို့နဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ ခရီးအတွက် အထောက်အကူဖြစ်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥရောပ သမဂ္ဂမှာ သြဇာကြီးတဲ့ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဆီက ဖိအားတွေ မြန်မာအစိုးရကို ပေးဖို့ လိုလားပုံရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိစ္စကလည်း ကမ်းမမြင် လမ်းမမြင် အခြေအနေမို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြင်ပ ဖိအားကို တောင်းဆိုတာလို့ သုံးသပ်ရပါတယ်။
ဒီမှာပဲ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ စကားတွေကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လိုတဲ့ လက္ခဏာ မရှိတာ အထင်အရှားဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ပြလိုက်ပါတယ်။ ဒီအပြင် အခုလက်ရှိ အစိုးရခေါင်းဆောင်ပိုင်း တာဝန်ယူ လုပ်ဆောင်နေသူတွေဟာ အရင် စစ်အစိုးရလက်ထက်က လူပုဂ္ဂိုလ်တွေပဲ ဖြစ်နေတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။
ဒီလို ထောက်ပြမှုတွေ ဝေဖန်မှုတွေနဲ့ အတူ ဥရောပကို အခုနောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ရခဲ့လဲဆိုတာတော့ စဉ်းစားစရာရှိပါတယ်။
တကယ်တမ်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဝေဖန်ပြောဆိုမှုတွေနဲ့ နိုင်ငံတကာကို အသိပေးမှုတွေကတော့ နောက်ကျနေပြီလားလို့တောင် တွေးရမလိုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါဘဲ လက်ရှိ အစိုးရခေါင်းဆောင်တွေဆိုတာ အရင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းတွေပါပဲ။ အရင် စစ်အစိုးရဆိုတာကလည်း ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ရလဒ်ကို မျက်ကွယ်ပြုခဲ့တဲ့ သူတွေဆိုတာပါပဲ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်မှာ NLD ပါတီ တရားဝင် ပြန်မှတ်ပုံ တင်ပြီး ကြားဖြတ် ရွေးကောက်ပွဲကတဆင့် ကိုယ်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသလို အမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက် လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာအောင် ဒေါ်အောင်ဆန်းစုကြည်က အဓိက စွမ်းဆောင်ပေးခဲ့ပါတယ်။
လက်ရှိ အစိုးရခေါင်းဆောင်တွေနဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေက အမေရိကန်၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ပြီးဖြစ်လို့ မြန်မာ စကားပုံတခုလိုပဲ ဘုရားပြီးတော့ ငြမ်းမလိုတော့တဲ့ အခြေစိုက်နေပြီလို့ ပြောရမှာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီမိုကရေစီလိုလားသူတွေကို ထောက်ခံသလို စစ်ခေါင်းဆောင်တဖြစ်လဲ လက်ရှိ အစိုးရခေါင်းဆောင်တွေကိုလည်း ထောက်ခံအားပေးနေပါပြီ။
အခုဆို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို မြန်မာ အာဏာရ ခေါင်းဆောင်တွေက ရရှိထားပြီး ဖြစ်နေပါပြီ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ရွှေလမ်းငွေလမ်းတွေ ပေါက်နေပြီလို့ ပြောရမှာပါ။
ဒီတော့ ဂျာမနီ၊ ပြင်သစ် နိုင်ငံ ခရီးစဉ်တွေမှာ အဲဒီနိုင်ငံတွေဆီက ဒေါ်အောင်ဆန်းစုကြည် ရလာနိုင်စရာတွေထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖိအားပေးမှု ရခဲ့ရင်တောင် နှစ်ပေါင်း ၂၀ ကျော် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို လျစ်လျူရှုခဲ့တဲ့ စစ်ခေါင်းဆောင် တဖြစ်လဲ အစိုးရခေါင်းဆောင်တွေ အာဏာရှိနေဆဲဖြစ်တာကို သတိချပ်စေချင်ပါတယ်။
တကယ်တမ်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အင်အားတွေကတော့ ပြည်တွင်း အင်အားသာလျှင် ပဓာနကျတာ ဒေါ်အောင်ဆန်းစုကြည်လည်း သိမှာပါ။ အဓိက စစ်တပ်ကသာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စိတ်အားထက်သန်ရင် စစ်တပ်ရဲ့ ညစ်နွမ်းခဲ့တဲ့ သမိုင်းလည်း ကောင်းမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတကာဆီကနေ တိုင်းပြည်အတွက် အရေးကြီးတဲ့ တခြား အထောက်အပံ့တွေကို တောင်းခံနိုင်မှာဖြစ်ပါလိမ့်မယ်။
အခုတော့ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက လတ်တလော ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် ဖွံ့ဖြိုးရေး အကူအညီတွေတော့ ရလာနိုင်ပါတယ်။
ဒီလို ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ အတူ ဖွံ့ဖြိုးရေးအစီအစဉ် ခေါင်းစဉ်ရဲ့နောက်ဆက်တွဲ မြေယာသိမ်းမှု၊ အဓမ္မမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကပ်ပါမလာဖို့တော့ အားလုံးက သတိရှိကြမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။