အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ၆၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးရပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
တိုက်ပွဲများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် KIA ထိန်းချုပ်ရာ ဒေသတွင် ဧပြီလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားနေပြီး ယမန့်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ရှိကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
“ဒုက္ခသည်တွေ မိန့်ဝိန်းကြီး၊ နမ့်ခမ်းနဲ့ တရုတ်ပြည်ထဲ လွတ်ရာကို ထွက်ပြေးကြတယ်။ မိန့်ဝိန်းကြီးမှာ ၂၀၀၀ ကျော် ရောက်လာပါတယ်။ အခုဆိုရင် နေရာထိုင်ခင်းကလည်း မဆံ့ဘူး။ ရိက္ခာကလည်း မလုံလောက်ဘူး” ဟု ဂရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။
မိန့်ဝိန်းကြီးသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ကချင်နှစ်ခြင်း အသင်းတော်၊ ယာယီစာသင်ကျောင်းဆောင်နှင့် တချို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ရွက်ဖျင်တဲများဖြင့် နေရာချထားပေးရကြောင်း သိရသည်။ တရုတ်နိုင်ငံဘက်ရှိ နမ့်လောင်ပါသို့ တိမ်းရှောင်သွားကြ ဒုက္ခသည်များကို တရုတ်အာဏာပိုင်များက နေရပ်ပြန်ရန် ဖိအားပေးခံနေရပြီး လုံခြုံမှုမရှိကြောင်း ကိုနော်ဒင်းက ဆိုသည်။
တိုက်ပွဲများကြောင့် ကျေးရွာထဲသို့ လက်နက်ကြီး ကျရာမှ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရကာ တရုတ်နိုင်ငံဘက် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း နမ့်ခမ်းသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို သွားရောက်ကူညီသူ ဦးစိုင်းမြတ်က ပြောသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာခန့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြပြီး လက်ရှိတွင်လည်း မိုးမောက်မြို့နယ် အနီးတွင် လက်နက်သံများ ကြားနေရဆဲဟု ကိုနော်ဒင်က ဆိုသည်။
“ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာတော့ ဒုက္ခသည် တိုးလာတယ်။ ဒီနေ့တော့ တိုက်ပွဲသံ မကြားရသေးဘူး။ စစ်တပ်လှုပ်ရှားမှုက အမြဲတိုးနေတယ်။ ခန့်မှန်းခြေကတော့ ၆၀၀၀ ကျော်ရှိပါတယ်” ဟု ဒုက္ခသည်များကို ကူညီပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ တိုးလာကာ နေထိုင်စားသောက်မှုအတွက် အခက်အခဲ ဖြစ်နေကြောင်း၊ အဓိကအားဖြင့် ရေအခက်ခဲ၊ ရေလောင်းအိမ်သာများ၊ ယာယီတဲများကို ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း၊ စစ်ပွဲကြောင့် အဝတ်အစားများလည်း လိုအပ်မှုရှိနေကြောင်း ဒေါ်မေရီတောင်က ဆိုသည်။
တိုက်ပွဲများသည် ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ရာ တပ်မဟာ ၃ နယ်မြေ၊ တပ်ရင်း ၂၇ မှ စတင်ခဲ့ကြောင်း၊ မိုးမောက်မြို့ နယ်ရှိ တပ်ရင်း ၁ ဒေသတဝိုက်ကို ယမန်နေ့ နံနက်ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။