အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ နာယက အဖွဲ့ဝင်လည်းဖြစ် အထင်ကရ သတင်းစာဆရာကြီး တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ သူ့ကို လိုက်ပါစောင့်ကြည့် ပေးသူတွေက ပြောပါတယ်။
ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က “စိုးရိမ်ရပါတယ်၊ တော်တော်စိုးရိမ်ရတဲ့ အနေအထားပါပဲ၊ ဆီးမသွားနိုင်ဘူး။ ကျောက်ကပ်က အလုပ်မလုပ်တော့ စိုးရိမ်ရပါတယ်။ လတ်တလော အခြေအနေကတော့ အချိန်မရွေး ဖောက်နိုင်တာပေါ့။ ကျောက်ကပ်က ဆီးမသွားနိုင်တော့၊ ကျောက်ကပ်ကို ဆေးမလား၊ မဆေးဘူးလားဆိုတာကို ဆရာဝန်ကြီးတွေ တိုင်ပင်နေတာ” လို့ သူက ဧရာဝတီကို ပြောပါတယ်။
ဦးဝင်းတင် ဆေးရုံတက်နေရတာ တလကျော်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကတည်းက ရန်ကုန်မြို့ လမ်းမတော် မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံမှာ စတက်ခဲ့ပြီး ၁၅ ရက်အကြာမှာ ဝိတိုရိယဆေးရုံကို ပြောင်းခဲ့ပြီး နောက်ဆုံး ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ရတာ ဖြစ်ပါတယ်။
ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေကနေ နှစ်ဆန်းတရက်နေ့မှာ ပြန်ရောက်လာခဲ့တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီနေ့ ညနေပိုင်းမှာပဲ ဦးဝင်းတင် ဆေးကုသမှု ခံယူနေတဲ့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်ကို ကိုယ်တိုင်သွားရောက်ပြီး ကျန်းမာရေးအခြေအနေ လာရောက် မေးမြန်းကာ ၄၅ မိနစ်အကြာ ဦးဝင်းတင်နဲ့ စကားပြောဆို သွားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဦးဝင်းတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို စီစဉ်ဖို့ ဆရာဝန်တွေနဲ့လည်း တိုင်ပင်မှုတွေ ပြုလုပ်သွားသလို ဆေးရုံဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံသွားတယ်လို့ သိရပါတယ်။
“အားပေးစကားလာပြောတယ်၊ ပြီးတော့ ဘဘ ကျန်းမာရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမယ့်ဟာတွေကို ဆရာဝန်ကြီးတွေနဲ့ သတ်သတ် အစည်းအဝေးလုပ်ပြီး ဆွေးနွေးကြပါတယ်” လို့ ဦးမောင်မောင်နိုင်က ဧရာဝတီကို ပြောပါတယ်။
ဦးဝင်းတင်ရဲ့ လတ်တလော ကျန်းမာရေး အခြေအနေဟာ နိုင်ငံခြားမှာ ကူးပြောင်းကုသဖို့ အခက်အခဲတွေ ရှိနေသေးပေမယ့် အကယ်၍ အခြေအနေ ပေးလာခဲ့ရင် အဆင်သင့် သွားနိုင်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း နိုင်ငံကူးလက်မှတ် ဒီကနေ့ပဲ ထုတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဦးဝင်းတင် ကျန်းမာရေး အခြေအနေ ကောင်းမွန်ဖို့အတွက် ရန်ကုန်မြို့အပါအဝင် ဒေသျွှချို့က NLD လူငယ်အဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အဖွဲ့တွေက ဆုတောင်းပွဲတွေပြုလုပ်ခဲ့ကြပါတယ်။
အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ ထောင်တွင်းမှာ ရရှိခဲ့တဲ့ ရောဂါဝေဒနာတွေကြောင့် ထောင်က ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ဆေးရုံကို မကြာခဏ တက်ရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကလည်း အာရှတော်ဝင်နဲ့ Green Cross ဆေးရုံတွေမှာ မကြာခဏ ဆေးကုသမှု ခံယူနေရပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ အင်းစိန် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
စစ်အာဏာရှင် စနစ်ကို ရဲရဲဝံ့ဝံ့ ဆန်ကျင်ခဲ့သူ ဦးဝင်းတင်ဟာ အခုအထိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတိုက်အခံ၊ အာဏာရှင် မခွဲခြားဘဲ ပွင့်ပွင်လင်းလင်း ထောက်ပြ ဝေဖန်ပြောဆိုနေသူလည်း ဖြစ်သလို ထောင်ဝတ်စုံကို အဆင်အမြဲ ဝတ်ဆင်နေသူလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဧပြီလ အတွင်းမှာ ထောင်ဝတ်စုံ ပြန်မအပ်တဲ့ အကြောင်းပြချက်နဲ့ အစိုးရ တာဝန်ရှိသူတချို့က အရေးယူဖို့ ပြုလုပ်ခဲ့ပါသေးတယ်။