ဗဟိုချုပ်ကိုင်မှုကို လျှော့ချပါ

ညီစောလွင်

This article has been converted from Zawgyi One to Unicode

မြန်မာပြည်မှာ နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ဖို့ဆိုရင် အရေးကြီးတဲ့ ကိစ္စတခုက စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်နယ်ပြည်မ အာဏာခွဲဝေရေး ကိစ္စဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ မိန့်ခွန်းမှာ ဒီအကြောင်းကို အသိအမှတ်ပြုပြောသွားတာကို တွေ့ရပါတယ်။ ဒီနေ့ လက်တွေ့အခြေအနေကို အရင်ကြည့်ရအောင်။

ရေဒီယို အင်တာဗျူးတခုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက “ကျနော် တို့ကို ပါဝင်ခွင့်ပေးတယ်၊ လုပ်ပိုင်ခွင့် မပေးဘူး” လို့ ပြောသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ရွေးကောက်ပွဲအလွန်မှာ အစိုးရက ဖြေလျှော့မှု တချို့နဲ့ ညှိနှိုင်းမှု တချို့လုပ်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတော့ ဝင်ပြိုင်ခဲ့ပါတယ်။ လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်ခဲ့ပါတယ်။

တိုင်းရင်းသားအင်အားစုတွေကလည်း ဒီသဘောပါပဲ။ တိုင်းရင်းသား တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်ထောင်စုအတွက် နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့ကြတာ လွတ်လပ်ရေးရတဲ့အချိန်ကတည်းက ဖြစ်ပါတယ်။ နောက်ဆုံး ကြိုးပမ်းမှုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို သိပေမယ့် လွှတ်တော်တွင်းမှာ တဖြည်းဖြည်းချင်းပြင်ယူမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး လွှတ်တော်ထဲကို ဝင်သွားကြပါတယ်။

တိုင်းရင်သားပါတီတွေဟာ ပြည်နယ်လွှတ်တော်တွေမှာ အရေအတွက် တော်တော်များများ ရထားကြပါတယ်။ ဥပမာ ရှမ်းနဲ့ ရခိုင် ပါတီတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန် အခြေအနေကို ကြည့်တဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားနေတဲ့ အင်အားစုတွေရော၊ တိုင်းရင်သား အခွင့်အရေးရဖို့ ကြိုးပမ်းနေတဲ့ အင်အားစုတွေရော စိတ်ပျက်လာကြတာကို တွေ့ရပါတယ်။

ဒီလိုဖြစ်နေတာဟာ လွှတ်တော်ပြင်ပက အင်အားစုတွေကို အားပေးရာရောက်ပါတယ်။ ပြည်ထောင်စုနဲ့ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေမှာ အတိုက်အခံတွေရဲ့ အသံ၊ တိုင်းရင်းသားတွေပါတီတွေရဲ့ ကိုယ်စားပြုမှုကို လျစ်လျူရှုခံနေရရင်၊ လုပ်ပိုင်ခွင့် မရရင် လွှတ်တော် ပြင်ပ အင်အားစုတွေဘက်က လွှတ်တော်ကို မယုံတာ သဘာဝကျ ပါတယ်။ လက်နက်ကိုင် တပ်တွေက လက်နက်စွန့်ဖို့ ဆိုရင် ပိုလို့တောင် ဝေးပါတယ်။

လွှတ်တော်တွင်း တိုးတက်မှုတွေဟာ လမ်းပေါ် ဆန္ဒပြပွဲတွေပေါ်ပေါက်လာတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မရေမရာဖြစ်နေတာနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် လမ်းပေါ် ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် လွှတ်တော်တွေဟာ ကိုယ်စားပြုမှုအရ တကယ်အနှစ်သာရရှိတဲ့ လွှတ်တော်ဖြစ်ဖို့ လိုပါတယ်။
တချိန်တည်းမှာ ပြည်မနဲ့ ပြည်နယ်၊ တိုင်း လွှတ်တော်တွေကြားက အာဏာခွဲဝေမှုကို ပြန်ပြင်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ လွှတ်တော်တွေဟာ အများစုက မောင်ပိုင်စီးထားတဲ့ လွှတ်တော်မျိုးမဖြစ်ဖို့၊ လုပ်ပိုင်ခွင့်မရှိတဲ့ ရုပ်ပြလွှတ်တော်မျိုး မဖြစ်ဖို့ လိုပါတယ်။

လောလောဆယ် ကမ္ဘာ့နိုင်ငံတချို့ကို ကြည့်ရင်လည်း အများဆုံး တွေ့ရတာက လွှတ်တော် ပြန်ပေးဆွဲခံထားရတဲ့ ပြဿနာဖြစ်နေတာ တွေ့ရပါတယ်။ အတိုက်အခံက လွှတ်တော်ထဲမှာ လုပ်ပိုင်ခွင့် မရလို့၊ အာဏာရ အုပ်စုက လူများစု ဗိုလ်ကျတဲ့ လမ်းစဉ်နဲ့ အာဏာအလွန်အကျွံ သုံးလို့ အတိုက်အခံက လွှတ်တော်ကို သပိတ်မှောက်တာနဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်တဲ့ အခင်းအကျင်းဖြစ်ပါတယ်၊ ဒီလိုနဲ့ ယူကရိန်းနဲ့ ထိုင်းမှာ အစိုးရ နှုတ်ထွက်ရေးအထိ ဦးတည်သွားပြီး ပြဿနာက ပိုကျယ်ပြန့်သွားပါတယ်။ တူရကီ၊ ဗင်နီဇွဲလား၊ ကမ္ဘောဒီးယားတို့မှာလည်း လမ်းပေါ် ဆန္ဒပြပွဲတွေ မပြီးသေးပါဘူး။

မြန်မာပြည်က လွှတ်တော်တွေနဲ့ ပတ်သက်လို့ ပြောရရင် နှစ်ပိုင်းရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တို့ ဖြစ်ပါတယ်။ လောလောဆယ် ပြည်ထောင်စု လွှတ်တော်မှာ အကြီးဆုံး အတိုက်အခံဖြစ်နေတဲ့ အန်အယ်ဒီကတောင် “ပါဝင်ခွင့်ပဲ ရတယ်၊ လုပ်ပိုင်ခွင့်မရဘူး”လို့ ပြောနေတော့ တခြား ပါတီငယ်လေးတွေအတွက် ဆိုဖွယ်ရာ မရှိတော့ပါဘူး။ အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းမှာရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းမှာပါ အသိအမှတ်ပြု ပြောသွားတာကိုတော့ သတိထားမိပါတယ်။

သမ္မတ ဦးသိန်းစိန်က “အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်းတွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း စီမံပေးကြရမှာ ဖြစ်ပါတယ်” လို့ပြောသွားပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာလည်း “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉(က)နဲ့အညီ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေ အတွက် ခွဲဝေပေးထားတဲ့ ဥပဒေပြုစာရင်းနဲ့ အခွင့်အရေးတွေကို ညီညွတ်မျှတအောင် ဆောင်ရွက်ပေး နိုင်ရေးပဲ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

အမှန်တကယ် စိတ်ရင်းစေတနာနဲ့ ပြင်မယ်ဆိုရင် မြန်မာပြည်အတွက် အနီးစပ်ဆုံးအနေနဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားကို လေ့လာနမူနာယူသင့်ပါတယ်။ ဗဟိုအစိုးရ၊ ပြည်နယ်၊ မြို့တော် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အာဏာခွဲဝေမှုကို လေ့လာ အတုယူသင့်ပါတယ်။ ဒီလို ပြင်နိုင်ရင် လက်ရှိမြန်မာပြည်မှာ တိုင်းရင်းသားတွေ မျှော်မှန်ထားတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်လို့ အချိန်တိုအတွင်းမှာပဲ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရသွားနိုင် ပါတယ်။

နောက်တဆင့်ကတော့ ရွေးကောက်ပွဲ စနစ်ကိုပါ ပြည်သူ့ ဆန္ဒကို ထင်ဟပ်တဲ့ စနစ်ကို ပြင်ဖို့ လိုပါတယ်။ လောလောဆယ် စစ်တပ်နဲ့ ဗဟိုချုပ်ကိုင်မှုအားကြီးနေတဲ့ အတွက် ဒေသန္တရ လွှတ်တော်နဲ့ ဒေသန္တရ အစိုးရတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတယ်။ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သမ္မတက နောက်ဆုံး အတည်ပြုခန့် အပ်တာဖြစ်ပါတယ်။ ဒါကြောင့် ဒေသအဆင့် ခေါင်းဆောင်တွေဟာ ပြည်သူကို သစ္စာမခံဘဲ သမ္မတကို သစ္စာခံရသလိုဖြစ်နေပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအရပြောရရင် တနေ့မှာ ပြည်နယ် အစိုးရအဖွဲ့ဟာ ပြည်သူ့ဆန္ဒနဲ့ လုံးဝမဆိုင်ဘဲ၊ စစ်ဦးစီးချုပ်က ခန့်အပ်တဲ့ သမ္မတက ခန့်အပ်တာလည်း ဖြစ်သွားနိုင်ပါတယ်။ အကျိုးဆက်ကတော့ အနာဂတ် ခေါင်းဆောင်တွေကို သင်းသတ်သလိုပါ။

လတ်တလော အိန္ဒိယနဲ့ အင်ဒိုနီးရှားက ရွေးကောက်ပွဲ တွေမှာ ဝင်ပြိုင်ကြတဲ့ နရန်ဒြာ မိုးဒီနဲ့ ဂျိုကို ဝီ ဒိုဒို တို့ဟာ အောက်ခြေက အဆင့်ဆင့် တက်လာသူတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေတွေမှာ နှစ်ပေါင်းများစွာ မှတ်ကျောက်တင်ခံပြီးမှ နိုင်ငံခေါင်းဆောင်လောင်းလျာနေရာကို ရောက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အင်ဒိုနီးရှားမှာ မြို့တော်ဝန်ရဲ့ လုပ်ပိုင်ခွင့်တွေက ခွင့်ပြုထားလို့ ဒီလို အစွမ်းအစ ပြခွင့်ရတာ ဖြစ်ပါတယ်။ ဒါတွေကို မြန်မာပြည်အတွက် လေ့လာသင့်ပါတယ်။ ပြောမယ်ဆိုရင် အမေရိကန် သမတ ဟားဗတ် ဥပဒေကျောင်းဆင်း အိုဘားမားဆိုရင်လည်း အီလီနွိုက်ပြည်နယ်မှာ မှတ်ကျောက်တင် ခံပြီးမှ အမေရိကန် သမ္မတ အဆင့်ကို တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ လက်ရှိခေါင်းဆောင်တွေလောက်နဲ့ တိုင်းပြည်တည်ဆောက်ရေးအတွက် စိတ်ချထားဖို့ မသင့်ပါဘူး။ နရန်ဒြာ မိုးဒီ၊ ဂျိုကိုဝီ၊ အိုဘားမားတို့လို ဒေသခေါင်းဆောင်တွေ၊ ဒီကတဆင့် နိုင်ငံအဆင့် ခေါင်းဆောင်တွေ အဆက်မပြတ်ပေါ်ပေါက်နေဖို့ လိုပါတယ်။ ဒါကို အင်စတီကျူးရှင်၊ တနည်းအားဖြင့် စနစ်၊ အတိအကျပြောရရင် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံကပဲ ဖန်တီးပေးနိုင်ပါတယ်။

Loading