Religion

ဘာသာ မတူသူကို လက်ခံ၍ အိမ်ဖျက်ဆီးခံရ

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်အုပ်စု ကံစုကျေးရွာမှ နေအိမ်နှစ်လုံးနှင့် အောင်ဇေယျာကျေးရွာမှ နေအိမ်နှစ်လုံးကို ပြီးခဲ့သည့် ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဘာသာမတူသည့် အမျိုးသားတဦးနှင့် မိမိနေအိမ်မှာ ချိန်းတွေ့သည်ကို မကျေနပ်၍ အမျိုးသမီးနေအိမ်အပါအဝင် စုစုပေါင်းလူနေအိမ် ၄ လုံး ဖျက်ဆီးခံရကြောင်း နတ်တလင်းမြို့ခံ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကိုမောင်မောင်မြင့်က ဧရာဝတီကိုပြောသည်။

“ကံစုရွာက ဗုဒ္ဓဘာသာဝင် ကောင်မလေးနဲ့ နတ်တလင်းမြို့ပေါ်က အစ္စလာမ်ဘာသာဝင်ကောင်လေး သမီးရည်းစားဖြစ်လို့ အဲဒီရွာမှာသွားချိန်းတွေ့တာကို လက်မခံနိုင်လို့ ကောင်မလေးအိမ်ရော အဲဒိကောင်လေးလာလည်ရင် လက်ခံတဲ့ အိမ်တွေကိုရော ဖျက်တာ။ ဖျက်တာ အကြတ်နေ့ ည ၉ နာရီလောက်က စဖျက်တာ။ အပြင်လူ လုံးဝ အဝင်မခံဘူး။
ကြိုးဝိုင်းတားပြီး ဖျက်ကြတာ။ အဖျက်ခံရတဲ့ အိမ်တွေအကုန်လုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်ပါ။ လူကိုတော့ဘာမှမလုပ်ကြပါဘူး” ဟု ကိုမောင်မောင်မြင့်က ပြောသည်။

ကံစုကျေးရွာမှ အဆိုပါအမျိုးသမီး၏ နေအိမ် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ကိုသံချောင်း၏ အရက်ဆိုင်နှင့် အောင်ဇေယျကျေးရွာမှ ကိုအောင်ဝင်းနှင့် ကိုမြင့်ငွေတို့၏ လူနေအိမ်များ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ည ၉ နာရီ ခန့်တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

တောင်ညိုမြို့သစ်ဒေသခံ ရွာသားများမှ သမီးရည်းစားစုံတွဲထဲမှ အမျိုးသားအား အိမ်ပြင်ထုတ်ပေးရန် တောင်းဆိုခဲ့သည်ကို မလိုက်လျောသည့်အတွက် အဆိုပါ အမျိုးသမီး၏နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ကြပြီး စတင်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။

လက်ရှိ လုံခြုံရေးကို နတ်တလင်းမြို့ပေါ်နှင့် ကံစုကျေးရွာများမှာ အပြည့်အဝ ချထားကြောင်းနှင့် အချိန်မီ ထိန်းသိမ်းထားနိုင်ကြောင်း တောင်ညိုမြို့သစ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

“အခုအားလုံး အေးအေးဆေးဆေးဖြစ်သွားပါပြီ။ လုံခြုံရေးအပြည့်ချထားပါတယ်။ ဖြစ်တာကတော့ သင်္ကြန် အကျတ်နေ့ ည ၉ နာရီလောက်မှာ အိမ်တွေကို စဖျက်တယ်လို့ သိရတယ်။ နေအိမ် ၄ လုံး ပျက်စီးပါတယ်။ အသေအပျောက် ထိခိုက်ဒဏ်ရာရတဲ့လူ မရှိပါဘူး။ တာဝန်ရှိတဲ့လူကြီးတွေ အကုန်ဆင်းလာပြီး ထိန်းနိုင်ခဲ့ပါတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတော့
စခန်းမှူးပြန်လာမှပဲ သိရမှာပါ” ဟု တောင်ညိုမြစ်သစ်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးက ပြောသည်။

ကံစုကျေးရွာမှာ နတ်တလင်းမြို့နှင့် ၁၅ မိုင်ခန့်မှာ ရှိပြီး ကံစုကျေးရွာတွင်နေထိုင်သူ အဆိုပါ အမျိုးသမီး၏ လုံခြုံရေးကို နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ယူထားကြောင်း အမျိုးသမီးနှင့် ဆွေမျိုးတော်ဆပ်သူများထံမှ သိရသည်။

နတ်တလင်းမြို့နယ် ရဲစခန်းနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသို့ ဧရာဝတီမှ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆိုပါသတင်းကို ပြန်လည်ဖြေကြားပေးနိုင်မည့် တာဝန်ရှိသူများ မအားသည့်အတွက် ဖုန်းကိုင်ဖြေဆိုသည့် တာဝန်ကျဝန်ထမ်းများထံမှ အဆိုပါ သတင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မှန်ကန်ကြောင်းကိုသာ အတည်ပြုဖြေကြားပေးခဲ့သည်။

Loading