Obituary

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်

This article has been converted from Zawgyi One to Unicode

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရသည်။

ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကိုအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူ သဂြိုလ်မည်ဖြစ်ကြောင်းအနီးကပ် ပြုစုပေးနေတဲ့  ဦးမောင်မောင်နိုင်က ဧရာဝတီသို့ပြောသည်။

“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

တက္ကသိုလ်၌ ရှေ့နေဦးထွန်းတင် စာရေး ဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦးစသည့်ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။

စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးကာ၊ မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။

အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာ နိုင်ငံ ပြန်လာသည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ ထူထောင်ရာ ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင်စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ် ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေး မြို့ကို လာတိုင်း လူထုဦးလှ၊ ဒေါ်အမာနှင့် ဦးဝင်းတင်တို့ကို တလေးတစား တွေ့ဆုံ တတ်ပါသည်။

၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။

ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည့် အတွက် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ရာထူးမှ ထုတ်ပယ် ခံခဲ့သည်။

၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ အတွင်း စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်း လှုပ်ရှား ကြသည့် အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက် ခဲ့သည့်အပြင် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ၊ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ ဟူသော ဆောင်ပုဒ်ကို ရေးသား ခဲ့သည့်အတွက် နဝတ စစ်အစိုးရ၏ အငြိုးထားခြင်းကို ခံရကာ ကိုယ်ဝန် ဖျက်ချမှုနဲ့ ပတ်သက်သူလို့ စွပ်စွဲခံရသူကို လက်ခံထားမှု၊ တရားခံကို အားပေး ကူညီသူအဖြစ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

ထောင်ကျနေစဉ် အတောအတွင်း နောက်ထပ် နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ဆက်ခါဆက်ခါ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်တွင်း ၁၉ နှစ် ကျော်ကြာ နေခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့၏။

ထောင် ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ထိုနှစ် တွင်ပင် ကမ္ဘာ့ သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိ ခဲ့သည်။

၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား “ဝင်းတင် လမ်း” ဟု အမည် ပေးထားသည်။

ထောင်တွင်းမှ ရရှိသည် ဒဏ်များနှင့် စစ်ကြောတွင် နှိပ်စက်ခံရမှုများကြောင့် ပြန်လည်လွတ်မြောက်လာသည့်အခါ ကျန်းမာရေး ယို့ယွင်းခဲ့ရသည်။

ဦးဝင်းတင်သည် ပေါ်သစ်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ ဝေဖန်ရေး များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသား ခဲ့ပြီး၊ ကွိ’၊ ‘ဥတ္တရ အလင်း’ စသည့် ဘာသာပြန် စာအုပ်များ ကိုလည်းကောင်း၊ ကမ္ဘာနီတွင် တဒင်္ဂ’ အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည့်အပြင် ၊ပန်းချီ အကြောင်း ဖြစ်တဲ့ အလှ ရှာပုံတော် ကိုလည်း ရေးသား ခဲ့သည်။

Loading