Human Rights

လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား

This article has been converted from Zawgyi One to Unicode

ဒီနေ့ ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်။ ကျနော် အသက် ၈၀ ပြည့်တယ်ဗျာ။ အသက် ၈၀ ဆိုတာ အတော်ကြီးကြီးလွန်းပြီဗျ။ သချုႋင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေးတော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြောမနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်း သိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း သိတယ်။ ရှင်ချိန် နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း သိတယ်။ အဲဒါတွေ သိတာထက် ပိုသိတာက လုပ်စရာတွေ အများကြီးရှိသေးတယ် ဆိုတာနဲ့ လုပ်စရာတွေကို လုပ်နိုင်သမျှ အများကြီး လုပ်သွားရဦးမယ် ဆိုတာပါပဲ။

ဒါက အဓိကပြောချင်တဲ့အချက်ပါ။ ဘာကြောင့်လုပ်စရာတွေ အများကြီးရှိနေရတာလဲ။ အများကြီး ရှိနေမှာပေါ့ဗျ။ မရှိဘဲနေပါ့မလား။ ကျနော်တို့ သွေးသစ် ဉာဏ်သစ် အားသစ်မာန်သစ်တွေကို စစ်အာဏာရှင် တွေက ဆယ်နှစ်ကနေ တစ်ရာကျော် နှစ်ရာကျော်မိုး ဆိုတာမျိုးတွေအထိတောင် သို့မဟုတ် လူ့ငရဲ လူလုပ်တဲ့ငရဲ လူဖန်တီးတဲ့ငရဲဆိုတဲ့ ဘုံဆိုး ဘဝဆိုး အဖြစ်ဆိုး အိပ်မက်ဆိုးလောကထဲ ပို့နေ၊ ပို့ထားခဲ့တာကိုး။ ဒီတော့ လူငယ်တွေ လူလတ်တွေ၊ လူကြီးတွေ၊ သေခါနီးတွေအဖို့ လုပ်စရာတွေ အများကြီး ကျန်နေတော့တာ ပေါ့။ ဆန်းသလားလို့ မေးနေစရာလိုဦးမလားဗျာ။

ဒါကြောင့် ကျနော်တို့ ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ်။ ဆက်ရုန်းကန်ရဦးမယ်။ ဆက်ဦးတည်ရဦးမယ်။ ဆက်တာဝန်ထမ်းဆောင်ရဦးမယ်။ ကျနော် နားလည်သလို ကျနော့်စကားနဲ့ တိုတိုပဲပြောရရင် ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်ရဦးမယ်။ တမျှော်တခေါ် ခရီးကြမ်းကြီးဗျို့။ ဧရာမ ဝန်ထုပ်ဝန်ပိုးကြီးဗျို့။ ရင်မော စိတ်ပန်း နှစ်ကာလရှည်ကြီးဗျို့။

တကယ်တော့ ခေတ်ဝန်ကို ထမ်းကြရမှာက တပြည်ထောင်လုံးက လူထုကြီး တရပ်လုံးပါပဲ။ တပြည်လုံးကို ထောင်ချထားတော့ တပြည်လုံးက လူထုကြီး တရပ်လုံးအဖို့ လုပ်စရာတွေ ခေတ်ဝန်တွေ တစ်ပုံတပင်ကြီး ကျန်နေတော့တာပေါ့။ ဆက်လျှောက်ရမယ့် ခေတ်လမ်းကြီးကလည်း တမျှော်တခေါ်ကြီး အရှည်အဝေးကြီး ကျန်နေတော့တာပေါ့။

တပြည်လုံးကို ထောင်ချထားတာကလည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အကြာကြီး ကြာညောင်းခဲ့ပြီလေ။ ဒီလိုဆိုတော့ လူထုတွေကြားမှာ ထောင်ဆိုရင် ကြောက်ရ မလိုလို ရွံ့ရမလိုလို ဖြုံတုံတုံစိတ်တွေ ပလုံစီနေပြီ လားလို့ ထင်စရာရှိလာတယ်။ မဟုတ်ပါဘူး။ တကယ်တော့ လူထုကြီးက မကြောက်ပါဘူး။ မဖြုံပါဘူး။ ကြောက် ပြေးတွေဟောတဲ့ ထောင်ကြောက်တရားတွေကို နားယောင်ပြီး လက်သီး မဆုပ်ဝံ့သလို၊ လက်မ မထောင်ဝံ့သလို၊ လက်မောင်း မမြှောက်ဝံ့သလို၊ လက်ရုံးမတန်းဝံ့သလို ဖြစ်နေကြတာပါ။

ကြောက်ပြေးတွေ ၊ ကြောက်ပွဲစားတွေ၊ ကြောက်မှောင်ခိုတွေက ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး။ ထောင်ကျတဲ့ လှုပ်ရှားမှုမလုပ်ဘူးတို့ဆိုတဲ့ ထောင်ကြောက်တရားတွေဟောနေတယ်။ ထောင်ကျခံတာ ဘာမှ အကျိုးမရှိဘူးဆိုတဲ့ ထောင်ရွံ့တရားတွေဟောနေတယ်။

ဒီလိုထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ကျခံရသူတွေ၊ ယုံကြည်ချက် အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခဲ့ရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခဲ့ရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ၊ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ။

ဒီလို ထောင်ကြောက်တရားတွေဟာ ဆရာတော်ဦးဝိစာရ၊ ဂဠုန်ဆရာစံ၊ သခင်ဆောင်ဆန်းတို့အစ၊ ဒေါ်အောင် ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့ အဆုံးထောင်ထဲသေ၊ ထောင်ထဲငတ်၊ ထောင်ထဲဘ၀ ဇာတ်သိမ်း၊ ထောင်ထဲ ဘဝပျက်ခဲ့ရသူတွေ အသချေၤအနန္တရဲ့ သမိုင်းမော်ကွန်းကို ပြက်ရယ်ပြုတာပဲ။

ဒီလို ထောင်ကြောက်တရားတွေဟာ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ၊ ခွန်နစ်ခွန်နစ် (ဆဲဗင်းဂျူလိုင်) အရေးတော်ပုံကာလ၊ ရှစ်လေးလုံးအရေးတော်ပုံ ကာလတွေကတည်းက ဒီနေ့ဒီရက် နက်ဖြန်များစွာတိုင် အောင် အဟုန်မပျက် အရှိန်ဆက်နေတဲ့ တော်လှန်ရေးစိတ်ဓာတ် ဇွဲမာန်တွေနဲ့ မနေ့က ထောင်ထဲဝင်ခဲ့တဲ့ သူတွေ၊ဒီနေ့ ထောင်ထဲဝင်နေတဲ့သူတွေ၊ မနက်ဖြန်ထောင်ထဲဝင်ဖို့ဟန်တပြည်ပြင်ဖြစ်နေသူတွေရဲက နိုင်ငံရေး မျိုးဆက်ရေစီးကြောင်းကြီးကို ဟန့်တားပိတ်ဆို့တာလည်းဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် အဲဒီကြောက်ပွဲစားတွေ ရဲ့ ထောင်ကြောက်တရားတွေဟာ သူတို့ရဲ့ ဆရာသခင် အာဏာရှင်တွေရဲ့ အပြုတ်တိုက်လမ်းစဉ်ကို ပဲ့တင်ထပ် တဲ့၊ သံယောင်လိုက်တဲ့ တရားတွေပါပဲ။ အပြုတ်ခြောက်တဲ့ ရုတ်သဘောက် (Road Block) တရားတွေပါပဲ။

ဒီလိုမျိုး ထောင်ကြောက်တရားတွေကို ကျနော်တို့ လက်သင့်လည်း မခံဘူး။ နားသင့်လည်း မခံဘူး။

နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးခေတ်၊ ဖတ်ဆစ်တိုက်ဖျက်ရေးခေတ်၊ လွတ်လပ်ရေးတိုက်ပွဲခေတ်၊ တစ်ပါတီ အာဏာရှင်စနစ် တွန်းလှန်ရေးခေတ်၊ ဒုတိယလွှတ်တော်ရေး ကြိုးပမ်းမှုခေတ်၊ စစ်အာဏာရှင် ဖြိုလှဲရေးခေတ် စတဲ့ သမိုင်းစဉ်ဆက်မျိုးဆက်အသီးသီးရဲ့ ဘဝတွေကို ပြန်ကြည့်ပါ။

ကိုလိုနီအစိုးရတွေ၊ ဖက်ဆစ်ကင်ပေတိုင်တွေ၊ အာဏာရှင်အကြမ်းဖက်သမားတွေဟာ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းသတ်စခန်းတွေ၊ စစ်ကြောရေး ညှင်းဆဲစခန်းတွေ ထောင်တန်း အဓမ္မအလုပ်စခန်းတွေ ဆိုတာတွေနဲ့ မာန်ချိုး မျိုးဖြုတ် နုတ်နုတ်စင်းခဲ့တယ်။

လူထုတွေ ကြောက်သွေးဖျန်းခဲ့သလား။ လူငယ်တွေ ကြောက်ကျောချမ်းခဲ့သလား။ သမိုင်းခြေရာ ပြန်ကောက်ပါ။ သမိုင်းရင်ခုန်သံ ပြန်ကြားပါ။ သမိုင်းသွေးနံ့၊ ချွေးနံ့ ပြန်ရှူပါ။ သမိုင်းဇာတ်ထုပ် ပြန်ကြည့်ပါ။

သမိုင်းက ဘယ်လိုကြုံးဝါးခဲ့သလဲ။

အမေကမွေး ထောင်ကကျွေးသတဲ့။

အဖေကဆင် ထောင်ကသင်သတဲ့။

လူထုတွေ ကြားကြလော့ သိကြလော့။

လူငယ်တွေ ကြားကြလော့ သိကြလော့။

ထောင်ကြောက်တရားတွေ စကားတွေ၊ အသံတွေဟာ သမိုင်းစကား မဟုတ်ဘူး။ သစ္စာပြယ်တွေ၊ သစ္စာပျက်တွေ၊ သစ္စာပြောင်းတွေ၊ သစ္စာဖျောက်တွေ၊ သစ္စာဖောက်တွေရဲက တေးသံတွေ၊ တီးတိုးစကားတွေသာ ဖြစ်တယ်ဆိုတာ ကောင်းကောင်းသိဖို့လိုတယ်။ ကောင်းကောင်းနားလည်ဖို့ လိုတယ်။ ကောင်းကောင်းသဘောပေါက်ဖို့ လိုတယ်။

အဲဒီလို ထောင်ကြောက်တရား အသံထုတ်လွှင့်ခဲ့တဲ့၊ ထောင်ကြောက်တရား စကားပြောခဲ့တဲ့သူတွေဟာ ဘယ်သမိုင်း ဘယ်ခေတ်ကာလမှာမှ သမိုင်းထဲက လူထုတွေ၊ လူငယ်တွေကို ပြူးလည် းမကြည့်နိုင်ဘူး။ ပြဲလည်း မကြည့်နိုင်ဘူး။ ပြောင်းလည်း မကြည့်နိုင်ဘူး။ ပြုံးကြည့်နိုင်ဖို့ဆိုတာတော့ ဝေးပါသေးရဲ့။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ဆိုတဲ့ ရှေးပညာရှိ၊ ရှေးလူကြီးတွေရဲ့စကားကို ကြားဖူးရဲ့ မဟုတ်လား။

ထောင်ဒုက္ခတွေ၊ ထောင်ဒေါမနဿတွေ၊ ထောင်ပရိဝေဒတွေ၊ ထောင် သောကဗျာပါဒတွေ၊ ထောင်မုဒိတာတွေ၊ ထောင်ဇွဲမာန် သန္နိဌာန်တွေ၊ ထောင်တိုက်ပွဲတွေ၊ ထောင်ဈာဉ်တွေ၊ ထောင်ပကတိ၊ ထောင်ဥပဓိ၊ ထောင်ယုတ္ထိ၊ ထောင် သတ္တိ ဗျတ္တိ၊ ထောင် အတ္ထုပ္ပတ္တိတွေစတဲ့ ထောင်ဇာတ်မြူး၊ ထောင်လွမ်းခန်း၊ ထောင်ပြက်လုံး၊ ထောင်ငိုချင်းတွေကို ကျနော် ဆယ်စုနှစ် နှစ်စုလောက် ကြုံခဲ့ ကြားခဲ့ပါတယ်။

ဒီစာစုမှာ ကျနော် ဗုဒ္ဓဘာသာ ဗြဟ္မစိုရ်တရားတွေကို မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။ ခရစ်ယာန် ဝမ်းမြောက်ခြင်း တရားကို မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာ စာတမ်းတရားကို မြဲမြဲ လက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။

ဒီထောင်ဥပဓိ၊ ထောင်အတ္ထုပ္ပတ္တိတွေဟာ ကျယ်ကျယ်လောင်လောင်ကြီး မြည်ဟည်းဟိန်းဟောက် ပေါ်ထွက် လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ကျနော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်။ ထောက်လှမ်းစစ်ကြောရေး လက်ချက်နဲ့ သွားတွေအားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်း ထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့ မြုံခဲ့ရတယ်။ အဲဒီလိုနေခဲ့ရတာ ရှစ်နှစ်တိတိကြာတယ်။ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ် ရောဂါစွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ် ကုသခွင့်မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံးခွဲစိတ်တော့ နောက်ကျလွန်းနေပြီ။ အူတွေပူးကပ် ကျပ်ညပ်ဖြစ်နေပြီ။ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြိ။ ခွဲစိတ်ဒဏ်ကြောင့် ပေါင်တဖက် နာကျင်ကိုက်ခဲ အမြဲဖြစ်နေရပြီ။ မွေးရာပါ ပစ္စည်းတခု ဆုံးပါးခဲ့ရပြီ။ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသမှုမပေးခဲ့လို့ အခု ဒီရောဂါက သေရွာပို့အဆင့်ရောက်နေရပြီ။

နှစ်နှစ်ဆယ်ပြည့်လုနီးပါးလုံးလုံး ကျနော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြား နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ် အကျဉ်းသားတွေနဲ့ သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့အသာထား လှမ်းအော်ရင်တောင် မကြားရအောင် ကျနော်နဲ့ တခြား လူနေအခန်းတွေကြားမှာ အနည်းဆုံး သုံးခန်းလေးခန်း (သုံးဆယ့်နှစ်ပေ-လေးဆယ့်နှစ်ပေ) ခြားထားခဲ့တယ်။

နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိကံ ကာလရှည်ကြီးက ကျနော်နဲ့ ဘဝနေဝင်ချိန် လူစင်မီမှုကို ကိုက်ဖဲ့ဝါးမျို သွားတယ်။ စာအုပ်မဖတ်ရ၊ လူသူ မတွေ့ရ။ စကားမပြောရ၊ လူပ်ရှားသွားလာ မလုပ်ရ။ ဝါသနာအလုပ်တွေ (ပန်းချီ၊ ဂီတ၊စာဖတ်စာရေး၊ အိမ်မျှော်) တွေ ဆုံးရှုံးရ။

တိုတိုပြောရရင် ကျနော့်ရဲ့ လူ့သက်တမ်းထဲက လေးပုံတပုံလောက်ကို နင်းချေ ဖျက်ချေ အမှုန့်ချေ ပစ်ခဲ့ တယ်ဗျာ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။ အသည်းနာပါရဲ့။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။

ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ်တိုင်တည်လိုက်ချင်တယ်။

အသက်ရှစ်ဆယ်မှာ ကျနော်နေစရာ အိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။ တွေးစရာ ခေါင်း မရှိဘူး။ အကြံမဲ့ ဉာဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီ။ လှုပ်စရာ အားမရှိဘူး။ ရောဂါတသီတတန်းနဲ့ အိုနာကျိုးကန်းဖြစ်နေပြီ။ ခိုစရာ ကွန်းမရှိဘူး။ ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ် မိတ်ဆွေသူငယ်ချင်းအိမ်၊ ဥယျာဉ်ပန်းခြံ၊ ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုဿာန်တွေကိုတောင် စိတ်လွတ်လူလွတ် သွားလာဝင်ထွတ်လို့မရဘူး။ သွားလို့မရဘူး။ သတင်းထောက်လှမ်းရေးတပ်သားတွေ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း။

လူ့ဘဝအရသာတွေ၊ လူသားလွတ်လပ်ခွင့်တွေ၊ နိုင်ငံသားလှုပ်ရှားခွင့်တွေ ရိုးရာဓလေ့ ပေါင်းသင်းဆက်ဆံမှုတွေ၊ သတင်းသမားရေးသားခွင့်တွေ၊ နိုင်ငံရေးသမားထုတ်ဖော်ခွင့်တွေ ကုန်းကောက်စရာ မရှိလောက်အောင် ပျောက်ဆုံးကုန်ပြီ။

ကျနော်ထောင်ထဲကထွက်လာခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေရပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ် ပေါ့လေ။ ကျနော်တို့ ကြောက်ရမှာက အင်းစိန်တွေ၊ ပူတာအိုတွေ၊ ခန္တီးတွေ၊ ကျိုင်းတုံတွေ၊ ကော့သောင်းတွေ မဟုတ်ပါဘူး။ တပြည်လုံး ထောင်ကျတာကိုသာ ကြောက်ရမှာဖြစ်ပါတယ်။ တပြည်လုံး ထောင်ပွဲ ဆင်နွှဲရမယ့် လက်နက်က ထောင်မကြောက်တရားဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အာခံအံတုတဲ့ ထောင်မကြောက်တရား လက်နက်ဖြစ်ပါတယ်။ အဲဒီလက်နက်ကို ကျနော် ကိုင်စွဲထားပါတယ်။ ကိုင်စွဲနေပါတယ်။ ထောင်အသေးကို လုံးဝမကြောက်ဘဲ ထောင်အကြီးကို ဖြိုဖို့ ကျနော် အားထုတ်နေပါတယ်။ တိုက်ပွဲဝင်နေပါတယ်။

ကျနော်တယောက် အကြံတုံး၊ ဉာဏ်တုံး၊ နလပိန်တုံးလောက်နီးနီး အဖြစ်နဲ့ ဘဝနေဝင်ချိန် ခရီးဆုံးကို လျှောက်နေရပြီ။ လူ့ငရဲထောင်ပြန်ထောင်ထွက်တယောက်အနေနဲ့ ဘဝလမ်းမှာ ခြေဗလာ လက်ဗလာ ဖြူခါပြာကာကျသလို ဖြစ်နေရပြီ။ ဒါပေမယ့် ရင်ထဲ ခေါင်းထဲစိတ်ထဲ နှလုံးထဲမှာ မီးဟုန်းဟုန်းတောက်နေတဲ့ မာန်စွယ်ကတော့ မကျိုး သေးဘူး။ ဒီမာန်တွေနဲ့ပဲ အံကြိတ်အားတင်းပြီး မသေခင် နောက်ဆုံးခရီးကြမ်းကို လှမ်းနေတာပဲ။ ဒီမာန်အားနဲ့ ခေတ်ဝန်ကို ဆက်ထမ်းသွားဦးမယ်။ ဒီမာန်အားနဲ့ ခေတ်လမ်းကို ဆက်လျှောက်သွားဦးမယ်။

အိုမင်းမစွမ်းဆိုတာ အိုရင်မင်းမစွမ်းတော့ဘူးဆိုတာကွဲ့လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောဘူးတယ်တဲ့။ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေပြောလေ့ရှိတယ်။ ဟုတ်ကဲ့။ ကျနော် အိုပါပြီ။ မစွမ်းတော့ပါဘူး။ ဒါပေမယ့် မာန်တော့ မလျှော့ပါဘူး။ မာန မပါးပါဘူး။ အားမလျှော့ပါဘူး။ စိတ်မပျော့ပါဘူး။ စွမ်းသေးသမျှ အတိုင်းအဆနဲ့ ခေတ်ကို အလုပ်အကျွေးပြုသွား ဦးမယ်။ လူ့ဘောင်လောကရဲ့ အစေအစားခံသွားဦးမယ်။ အဖွဲ့အစည်း၊ အပေါင်းအသင်းတာဝန်တွေကို ကျိုးနွံထမ်းရွက် သွားဦးမယ်။

ကဗျာဆရာကြီး တင်မိုးရဲ့ ကဗျာထဲကလို ဆေးလိပ်တိုမှန်း ကျနော်သိနေပါတယ်။ နေညိုချိန်မှန်း ကျနော်သိနေ ပါတယ်။ ဒါပေမယ့် ငါ့ကိုပြန်ပို့ ကြပါလေလို့ မရေရွတ်အားသေးဘူးဗျာ။ ကွင်းညီချင်ညီ၊ မညီချင်နေ ကျနော်ကွင်းထဲမှာ ကစားဦးမယ်။ ကစားဖို့ တာဝန်ရှိသေးတယ်လို့ ထင်သဗျာ။ အမြစ်ပဲပွားပွား၊ ပင်စည်ပဲထွားထွား၊ အာဏာရှင်စနစ် အဆိပ်သစ်ပင်ကြီးကို အရွက်ချွေ၊ အကိုင်းခုတ်ပြီး သစ်ငုတ်တို လုပ်ပစ်ရဦးမယ်။ အဲဒါတွေလုပ်ဖို့ တာဝန်ကျန်နေသေးတယ်လို့ထင်သဗျာ။

ဒါတွေဟာကျနော်ရဲ့ သေတွင်းသဝေ သုဿာန်တစပြင်က ရင်ဖွင့်သံ၊ အော်ဟစ်သံ၊ ကြုံးဝါးသံပဲ။ ကြားကြရရဲ့လား။ ကျနော်စိတ်ထဲမှာတော့ ဒီအသံတွေဟာ ကျယ်လောင်မြည်ဟိန်းလိမ့်မယ်လို့ ထင်မိတယ်။ မကျယ်မဟိန်းတောင် လူတိုင်းသဲ့သဲ့တော့ ကြားကြရလိမ့်မယ်လို့ ထင်မိတယ်။ ကြားရတယ်၊ ကြားကြတယ်ဆိုရင် စကားလက်ဆင့်ကမ်းကြပါဘိလို့ ပန်ကြားပါတယ် ခင်ဗျား။

ဒီစာစုကို အလွန်ရိုကျိုး နှိမ့်ချစွာရေးပါတယ်။ ထောင်အကြောင်း ကျနော် များများမသိခဲ့ပါဘူး။ နှစ်နှစ်ဆယ်နီးပါး တစ်ကောင်ကြွက်လို တိုက်ပိတ်ခံနေခဲ့ရလို့ ထောင်အကြောင်း ကျနော်ကောင်းကောင်း မသိခဲ့ရပါ။ ထောင်ဆိုတာ နိုင်ငံရေးသမားကို ထုသားပေသားရအောင် မီးသားတင်ပေးတဲ့ နေရာဟေ့။ ထောင်ဆိုတာ လူတွေ (နိုင်ငံရေးသမားသာမဟုတ်။ သာမန်အကျဉ်းသားတွေပါ) ကို လူသားချင်း စာနာစိတ်ကင်းအောင် လုပ်တဲ့နေရာဟေ့။ ငါလူသားတယောက်ပါလားဆိုတဲ့ စိတ်ထားပျက်ပြားအောင် လုပ်တဲ့နေရာဟေ့။ ဘယ်ဘ၀ ရောက်ရောက် လူမဆန်တဲ့ ကြီးနိုင်ငယ်ညှင်းမှု၊ နှိပ်စက်ကလူမှု၊ ဗိုလ်ကျစိုးမိုးမှု၊ အဓမ္မမှု၊ သွေးခွဲဖိနှိပ်မှု၊ အာဏာပြချုပ်ချယ်မှုတွေ ထင်ရာစိုင်းတဲ့နေရာဟေ့။ အကြောက်တရားသွင်းတဲ့နေရာဟေ့။ကိုယ်ကျင့်သိက္ခာ ခိုင်ခိုင်မာမာနဲ့ ငုံ့မခံတဲ့ လူသားစိတ်ကို ကျိုးပဲ့ကျေမွအောင် လုပ်တဲ့နေရာဟေ့။

ဒီလို ကြွေးကြော်သံကို ကြွေးကြော်ရမှန်းလောက်တော့ ကျနော်သိခဲ့ရပါတယ်။ အဲဒီအသိကို လူတိုင်းသိအောင် လှုံ့ဆော်ရကောင်းမှန်းတော့ ကျနော်သိခဲ့ပါတယ်။ တပြည်လုံး တမျိုးလုံး ထောင်ချထားတာကို ဆန့်ကျင်ရကောင်းမှန်း ကျနော် သိခဲ့ပါတယ်။ လူချင်းအကြား၊ လူမျိုးချင်း အကြား၊ ဘဝချင်းအကြားတွေမှာ အကျဉ်းထောင်တွေရဲ့ အုတ်တံတိုင်းလိုမျိုးတွေ ခြားကန့်ကာရံထား နေတာတွေကို ဖြိုချဖို့ အားထုတ်ရကောင်းမှန်း ကျနော်သိခဲ့ပါတယ်။ လူတွေရဲ့ စိတ်နှလုံးထဲမှာ စိမ့်ဝင်ဝါးမျို ကိန်းအောင်းဖိစီးနေတဲ့ ထောင်ကျင့်ထောင်ကြံစိတ်ထားတွေ၊ ထောင်ကြောက်၊ ထောင်ခြောက်စိတ်ထားတွေကို ချေဖျက်ဖယ်ရှားဖို့ ကြိုးစားရကောင်းမှန်း ကျနော်သိခဲ့ပါတယ်။

ဒီအသိ၊ ဒီအမြင်တွေနဲ့ ဒီစာစုကို ကျနော်ရေးပါတယ်။ ထောင်ဆိုတာ ဒါပဲဟဲ့ဆိုတဲ့ ငါ့တွေ့၊ ငါသိ၊ ငါမြင်၊ ငါကြားစိတ် လုံးဝမထားပါ။ ရိုကျိုးနှိမ့်ချတဲ့ စိတ်နဲ့ရေးပါတယ်။ ထောင်ထဲမှာ အသက်စွန့်ခဲ့တဲ့သူတွေ၊ ထောင်ထဲမှာ ရုန်းကန်လှုပ်ရှားခဲ့သူတွေ၊ ထောင်ထဲမှာ အတိဒုက္ခရောက်ခဲ့ ရသူတွေ၊ ထောင်ထဲမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကြီးစွာ ကြုံတွေ့ပြီး စိတ်ဓာတ်ပြိုကွဲခဲ့ရသူတွေ၊ ကျိုးခဲ့ပဲ့ခဲ့ ပြယ်ခဲ့ ပျက်ခဲ့တဲ့ ထောင်ပြင်ပ ဘဝကို ခက်ခဲကျပ်တည်းစွာ ကျော်လွှားရုန်းကန် ပြန်လည်ထူထောင်နေရသူတွေ။ အဲဒီလို စွန့်လွှတ်အနစ်နာခံခဲ့သူအားလုံးကို လေးစားဂုဏ်ပြုတဲ့ ဂါရဝ၊ နိဝါတစိတ်ထားတွေနဲ့ ဒီစာစုကို ကျနော် ရေးပါတယ်။

အထူးသဖြင့်ကတော့ နှစ်ငါးဆယ်ကျော် မြန်မာ့သမိုင်းမှာ မှေးမှိန်ရုံမက ပျောက်ကွယ်နေခဲ့တယ်လို့ ဆိုရမလောက် အခြေဆိုးဆိုက်နေတဲ့ ထောင်ဘဝစာပေတွေ၊ အကျဉ်းသားဘဝစာပေတွေ၊ နုရသိန်အဖြစ်ဆိုး စာပေတွေရဲ့ ဟင်းလင်းကွက်လပ်မှာ တဆုပ်တဖဲ့ ဖြည့်တင်းချင်တဲ့စိတ် အားဖြည့်ချင်တဲ့စိတ်နဲ့ ဒီစာစုကို ကျနော် ရေးပါတယ်။

ဒီလို “လူ့ငရဲစာပေ” ဟင်းလင်းကွက်လပ်ကြီးဖြစ်ခဲ့ရတာလည်း တပါတီအာဏာရှင်စနစ်ယန္တရားတွေရဲ့ ကြိတ်နင်းဝါးချေမှုကြောင့်ဖြစ်တယ်ဆိုတာ ကျနော် ထင်းထင်းလင်းလင်း သိပါတယ်။ ကုန်ကုန်ပြောရရင် ထောင်ဆိုတဲ့ ဝေါဟာရကိုတောင် သုံးခွင့်မရတဲ့ကလောင် ချည်တုပ်မှုတွေက အဲဒီကာလတွေမှာ ပေါ်ပေါက် ကြီးစိုးနေခဲ့ပါတယ်။ “ဆိတ်ဖလူးနံ့သင်းတဲ့နေရာ”တို့၊ “နရသိန်”တို့၊ “မော်စကို”တို့ ၊ “အင်းစိန်တောရ”တို့ ၊ “အဝေးတနေရာ”တို့ ဆိုတဲ့ ဝေါဟာရတွေကို အစားထိုး သုံးစွဲခဲ့ကြရပါတယ်။ ထောင်ကျတာကိုလည်း “ခရီးသွားနေတယ်”တို့၊ “အဝေးရောက်နေတယ်”တို့ ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးရေးသားခဲ့ကြရပါတယ်။

လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ကာလမှာ ဆိုးသွမ်းကြမ်းကြုတ်လှတဲ့ သာယာဝတီထောင်တို့၊ အင်းစိန်ထောင် တို့ သတင်းကြီးခဲ့ပါတယ်။ စစ်အစိုးရ ၁၉၅၈-၆၀ လက်ထက်မှာ ကိုကိုကျွန်းအကျဉ်းစခန်းကြီး ပေါ်ထွက်ခဲ့ ပါတယ်။ တပါတီ အာဏာရှင်စနစ်ခေတ်နဲ့ လက်ရှိစစ်အာဏာရှင်စနစ်ခေတ်တွေမှာ ထောင်တိုင်းဟာ အင်းစိန်ထောင်နဲ့ တန်းတူရည်တူ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ အင်းစိန်လောက်တော့ ထောင်တိုင်း ဆိုးတယ်၊ ကြမ်းတယ်၊ ယုတ်တယ်ဆိုတဲ့ ပြောစမှတ်မျိုးပေါ်ထွက်ခဲ့တယ်။ ဒီအကျဉ်းစခန်းတွေ၊ ထောင်တွေမှာ လူတိုင်းနီးပါး အကျဉ်းသား ဘဝကျရောက်ကြုံတွေ့ခဲ့ရဘူးတယ်။ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေ၊ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေ၊ ဘုန်းကြီးရဟန်းတွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ၊ အသက်မစေ့ လူလားမမြောက်သူတွေ အားလုံးလိုလို အဲဒီနေရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ဆုံတွေ့ခဲ့ကြရဘူးကြပါတယ်။ ထောင်ဒဏ် ထောင်ဒုက္ခတွေ ခံစားခဲ့ကြရဘူးပါတယ်။

နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင်တွေဟာ ကောင်းကောင်းလှလှ စာရေးတတ်သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ထောင်စာအုပ်တွေ ဟုတ္တိပတ္တိ မထွက်ခဲ့ပါဘူး။ ဦးနုရဲ့ “ရက်စက်ပါပေ့ကွယ်” ၊ လူထု ဦးလှရဲ့ “ထောင်နဲ့ လူသား”၊ ဦးသိန်းဖေမြင့်ရဲ့ “ထောင်အတွေ့အကြုံ” ဝတ္ထုဆောင်းပါးတွေတို့၊ မောင်နေဝင်းရဲ့ “မိုးမြေသိမ့်သိမ့်”၊ ကိုကိုလေးရဲ့ “ဘာလဲဟဲ့ ကိုကိုးကျွန်း”တို့၊ မောင်ချစ်ရဲတို့၊ အခြားစာရေးဆရာ တယောက်နှစ်ယောက်ရဲ့ ထောင်အကြောင်း၊ ကိုကိုကျွန်းအကြောင်းစာအုပ်တချို့သာ ပေါ်ထွက်ခဲ့ပါတယ်။ ဗန်းမော်တင်အောင်ရဲ့ကိုကိုကျွန်း နိုင်ငံရေးအကျဉ်းသားဘ၀ ဝတ္ထုရှည်ကြီးတပုဒ်ရှိတယ် ကြားဘူးရဲ့။ စုံစမ်းလို့ တော့မရ။ ကျနော် အမှတ်အသားပြုမိသလောက် ရေးရတာပါ။ အပြည့်အစုံတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ထောင်ဘဝအတွေ့အကြုံနဲ့ ထောင်စာပေရေးဖွဲ့မှုက မြင့်မိုရ်တောင်နဲ့ ဆီးစေ့လို ထုထည်ပမာဏ ကွာခြားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော် ၁၃၀၀ ပြည့်အရေးတော်ပုံကာလက ထောင်စာပေ တအုပ်ထွက်ခဲ့ပါတယ်။ တိုးတက်ရေးသတင်းစာ အယ်ဒီတာ သခင်အုန်းမြင့်(ဒီစာစုထွက်ချိန်အထိ အသက်ရှည်လှုပ်ရှားဆဲရှိနေသူ) တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ “ထောင်အရသာ” အမည်ရှိတဲ့ စာအုပ်ဖြစ်ပါတယ်။ ဂျာနယ်ကျော် စာအုပ်တိုက် က ထုတ်ပါတယ်။ အဲဒီအချိန်က တိုင်းသိပြည်သိ ရဲရဲတောက် ထောင်ထွက်သခင် ခေါင်းဆောင်တွေရဲ့ ရေးသားချက်တွေကို စုပေါင်းထုတ်တာပါ။ သခင်ကိုကိုလေး၊ သခင်းစံထွန်းလှ၊ သခင်ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်၊ သခင်မျိုးညွှန့်၊ သခင်လှမောင်တို့ ပါဝင်ရေးသားခဲ့ကြပါတယ်။

တည်းဖြတ်သူ သခင်အုန်းမြင့်က “ဤစာအုပ်ကို ဖတ်ရှုရသော ရဲဘော်အပေါင်းတို့သည် ထောင်ထဲသို့ ကျလိုစိတ် တဖွားဖွားပေါ်ပေါက်စေသတည်း”လို့ ရေးပါတယ်။

ဒီလိုစာအုပ်တွေဟာ နိုင်ငံရဲ့အရေးအရာ၊ တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူ လူထုရဲ့ ဒုက္ခသုက္ခတွေကို ဘာနဲ့ ရင်းရရင်းရ ၊ ဘာတွေပဲ စွန့်ရစွန့်ရ၊ ဘယ်လိုပဲ လုပ်ရ လုပ်ရ မကြောက်မရွံ့၊ နောက်မတွန့်တဲ့ အာဇာနည်စိတ်နဲ့ ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းကို လျှောက်ချင်တဲ့ခေတ်လူငယ်တွေရဲ့ အားသစ်မာန်သစ်တွေကို မီးဟုန်းဟုန်း တောက်စေနိုင်ခဲ့ပါတယ်။

အဲဒီလို ထောင်စာပေရဲ့ သြဇာတန်ခိုးတွေကို ရိုကျိုးပူဇော်၊ အားကျလိုက်နာတဲ့ စိတ်ထားစေတနာတွေနဲ့ ဒီထောင်အတွေ့အကြုံစာစုကို ကျနော်ရေးပါတယ်။

ရှေးခေတ်အခါက ထောင်ရှင်လူထွက်တွေရော၊ ထောင်ကိုရင်လောင်းတွေရော၊ တိုင်းချစ်ပြည်ချစ် မျိုးချစ်တွေပါ အားလုံး တခဲနက် ဟိန်းဟိန်းကျော်အော်ခဲ့တဲ့ ကြွေးကြော်သံရှိခဲ့ပါတယ်။ ကြွေးကြော်သံက ဒီလိုပါ။

ထောင်ကြီးထောင်ကြီး ချဲ့ထားချဲ့ထား။

ထောင်ကို ထောင်ကို မကြောက်၊ မကြောက်။

ဒီကြွေးကြော်သံတွေ၊ ဒီကြွေးကြော်သံကပေးတဲ့ တော်လှန်မာန် ဉာဏ်သတ္တိတွေ။ ဒီတော်လှန်မာန် ဉာဏ်သတ္တိ တွေရဲ့ စွမ်းအားတွေ။ ဒါတွေအားလုံး ပေါင်းစည်းပါဝင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ အမျိုးသား စည်းလုံးညီညွတ်ရေးတိုက်ပွဲတွေက နယ်ချဲ့ကိုလိုနီကျွန်စနစ်၊ ကျွန်ခေတ်၊ ကျွန်အဖြစ်ဆိုးတွေကို တွန်းလှန်ချေမှုန်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးကြီး၊ အချုပ်အချာအာဏာပိုင်မှုကြီး၊ ပြည်ထောင်စုကြီးကို တမျိုးသားလုံး တည်ဆောက် ဖန်တီးနိုင်ခဲ့ကြပါတယ်။

ကျနော်လည်း ဒီစာစုကို ရေးသားထုတ်ဝေပြီး အောက်ပါအတိုင်းပဲ ကြွေးကြော်ပါတယ်။ လှုံ့ဆော်ပါတယ်။ တိုက်တွန်းပါတယ်။

ရဲဘော် လုပ်ဖော်၊ လူထု လူငယ်အပေါင်းတို့

စစ်အာဏာရှင် စနစ်ဆိုးရဲ့ လူ့ငရဲကျိန်စာမှ ကျော်နင်းလွတ်မြောက်နိုင်အောင် တိုက်ပွဲဝင်ကြ။

စစ်အာဏာရှင် စနစ်ရိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စက်ကွင်းမှ ကျော်နင်း လွတ်မြောက်နိုင်အောင် တိုက်ပွဲဝင်ကြ။

(ဟံသာဝတီဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ပါ စာရေးသူ၏ အမှာစာကို အမှတ်တရ ပြန်လည်ဖော်ပြအပ်ပါသည်။)

Loading